စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်နိုင်ရန်အတွက် ပါတီမှတ်ပုံတင်မည့်ကိစ္စကို ပါတီတွင်း ဆွေးနွေးမှုများရှိခဲ့ကြောင်း ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၏ ဥက္ကဌဖြစ်သူ စိုင်းညွန့်လွင်က လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ အတည်ပြုပြောဆိုသည်။

ပါတီမှတ်ပုံတင်ရန်ကိစ္စနှင့် ပတ်သက်ပြီး ပါတီတွင်း ဒီမိုကရေစီနည်းကျကျ လွတ်လပ်စွာ ဆွေးနွေးခဲ့ကြပြီး ရလဒ်အဖြေ မထွက်ပေါ်သေးကြောင်း ဆိုသည်။
“မှတ်ပုံတင်မယ်လို့တော့မဟုတ်ဘူး။ ပါတီအတွင်းမှာ ပါတီထဲမှာပေါ့နော် ဒါက ဆွေးနွေးကြတာပေါ့။ ပါတီတွင်းဒီမိုကရေစီပေါ့ဗျာ တချို့ကတော့လည်း အဲ့လို ဆန္ဒရှိကြတာတွေရှိတယ်။ ပါတီတွင်းမှာ ဆွေးနွေးတဲ့အဆင့်ပဲရှိပါသေးတယ်။ ဘာမှတော့မရှိသေးပါဘူး” ဟု SNLD ဥက္ကဌ စိုင်းညွန့်လွင်က ပြောသည်။
ပါတီတွင်း ဆွေးနွေးမှုများနှင့် တစ်ဦးချင်း၏ သဘောထားများကို ပြောဆိုရန် ပါတီဥက္ကဌမှ ငြင်းဆိုခဲ့သည်။
စစ်ကောင်စီက အသစ်ပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံမတင်သည့် SNLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။
အဆိုပါကာလက ပါတီဝင်များ ပြန်လည်စုရုံးရန်အချိန်မရှိခြင်း၊ ရွေးကောက်ပွဲကာလအား အတိအကျမသိရခြင်းအပြင် အခြားသော ပါတီလိုအပ်ချက်များကြောင့် မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့ဟု ဦးစိုင်းညွန့်လွင်က မီဒီယာများကို ဖြေကြားခဲ့ဖူးသည်။
ဖျက်သိမ်းခံထားရသည့် ပါတီဖြစ်သည့်အတွက် SNLD အနေဖြင့် ပါတီပြန်လည်မှတ်ပုံတင်ရန် မဖြစ်နိုင်ဘဲ ပါတီအသစ်တည်ထောင်ပြီး မှတ်ပုံတင်လျှောက်ရမည်ဖြစ်သည်။
တဘက်တွင်လည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ မေလ ၉ ရက်နေ့ နောက်ဆုံးထားကာ ရွေးကောက်ပွဲဝင်လိုသည့် ပါတီများ ပါတီဝင်ခွင့်လျှောက်ထားရန် ထုတ်ပြန်ကြေညာထားသည်။
စစ်ကောင်စီက ယခုနှစ် ဒီဇင်ဘာလကုန်ပိုင်း သို့မဟုတ် လာမည့်နှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် လျာထားကြောင်း ကြေညာထားပြီး စစ်ကောင်စီက နိုင်ငံရေးပါတီ ၅၀ အား မှတ်ပုံတင်ခွင့်ပြုထားသည်။


