တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ နတ်ကြီးစင်ကျေးရွာအုပ်စု၊ စိန်ဘုံကျေးရွာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် အိမ်စီးကားတစ်စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ မေလ ၁ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က စစ်ကောင်စီ၏ သတင်းပေးမှုများကြောင့် ဘုရားသုံးဆူရွာမှ စိန်ဘုံရွာသို့ အမှုကိစ္စ ရှင်းလင်းရန် အိမ်စီးကားဖြင့် တော်လှန်ရေးရဲဘော်များ လာနေစဉ် စိန်ဘုံကျေးရွာအဝင်တွင် စစ်ကောင်စီတပ်တို့က အသင့်စောင့်ကြိုပြီး တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“သူတို့က စိန်ဘုံရွာကို အမှုရှင်းလင်းဖို့ဆိုပြီး လာကြတယ်။ ကားထဲမှာတော့ စုစုပေါင်း တပ်ဖွဲ့ဝင် ၄ ယောက်လောက်ပါတယ်။ အိမ်စီးကားလေးနဲ့ပဲ လာကြတာ။ အဲဒါကို စစ်တပ်သတင်းပေးတွေက သတင်းသွားပေးလိုက်လို့ စိန်ဘုံရွာအနီးက ရေငံကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေက ခြေကျင်နဲ့ လာပြီး စောင့်နေကြတယ်။ ရေငံကြီးနဲ့ စိန်ဘုံက ဆိုင်ကယ်နဲ့ဆို ၅ မိနစ်ပဲ ကြာတယ်လေ။ အဲတော့ စိန်ဘုံရွာအဝင် လက်နက်ကြီးကြောင့် ပျက်စီးနေတဲ့ အိမ်ရှေ့မှာ သူတို့(စစ်ကောင်စီ) ဝိုင်းပြီး ပစ်ခတ်လိုက်တာ” ဟု ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်ခံရမှုအတွင်း ကားပေါ်လိုက်ပါလာသည့် တော်လှန်ရေးရဲဘော်နှစ်ဦး ကားပေါ်တွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကျန်နှစ်ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုသည်။
“ကားထဲမှာတော့ ဒေါနစစ်ကြောင်း တပ်ခွဲ (၄) က ဘုရားသုံးဆူရွာသား ကိုလှမြင့်နဲ့ တစ်ခြားရဲဘော်တစ်ယောက်ကတော့ သေသွားကြတယ်။ ကားထဲမှာတော့ ဗိုလ်အဆင့် တစ်ယောက်လည်း လိုက်ပါလာတယ်လို့ သိထားတယ်။ သေသွားတဲ့ထဲမှာ ပါသွားလား၊ ဖမ်းဆီးသွားတာလားတော့ မသိသေးဘူး။ သူတို့(စစ်ကောင်စီ) ပစ်ခတ်ပြီး ချက်ချင်းပြန်သွားကြတယ်။ ကားပေါ်က ရဲဘော်နှစ်ယောက်ကိုလည်း ဖမ်းဆီးသွားတယ်။ ဘာလို့လဲဆိုတော့ ဘုံစိန်ရွာနဲ့ ဘုရားသုံးဆူရွာအနီးတွေမှာ PDF တွေ ရှိနေတယ်” ဟု အထက်ပါ သတင်းအရင်းအမြစ်က ပြောသည်။
နတ်စင်ကြီးကျေးရွာအုပ်စုရှိ ကျေးရွာအချို့တို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က နီးကပ်စွာ တပ်စွဲနေထိုင်နေကြသည့်အပြင် စစ်သင်္ဘောများဖြင့်လည်း လာရောက်တပ်ဖွဲ့လာသည့်အတွက် ဒေသခံတို့က ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ရေဖြူမြို့နယ်၊ နတ်စင်ကြီးကျေးရွာအုပ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် တော်လှန် ရေးပူးပေါင်းတပ်တို့ကြား နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေသလို စစ်ကောင်စီ၏ မောရဝတီရေတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု၊ နေအိမ်မီးလောင်ဆုံးရှုံးများလည်း ဖြစ်ပေါ်လျက်ရှိသည်။