spot_img
Thursday, January 8, 2026
More
    spot_img
    Homeသတင်းယာယီရပ်ဆိုင်းထားသည့် နိုင်ငံကူးလက်မှတ် အွန်လိုင်းဘိုကင်လျှောက်ထားခြင်းကို ပြန်လည်လက်ခံမည်

    ယာယီရပ်ဆိုင်းထားသည့် နိုင်ငံကူးလက်မှတ် အွန်လိုင်းဘိုကင်လျှောက်ထားခြင်းကို ပြန်လည်လက်ခံမည်

    -

    ယာယီရပ်ဆိုင်းထားသည့် အွန်လိုင်းစနစ် နိုင်ငံကူးလက်မှတ် ဘိုကင်လျှောက်ထားခြင်းကို လာမည့်မေလ ၁ ရက်နေ့တွင် ပြန်လည်လက်ခံ သွားမည်ဟုဧပြီလ ၂၈ ရက်နေ့ မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ အသိပေးထုတ်ပြန်ထားသည်။

    နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတို့မှ မတ် ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သသည့် အင်အားပြင်ငလျင်ကြောင့် ဆက်သွယ်ရေး တာဝါတိုင်များ ပျက်စီးခဲ့သဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားရေးအတွက် QR Code တင်သွင်းခြင်းနှင့် Appointment Date ဘိုကင်လျှောက်ယူခြင်းတို့ကို တစ်လနီးပါး ရပ်နားထားရသည်။

     အဆိုပါငလျင်ကြောင့် လက်ရှိတွင် ဆာဗာပြဿနာများနှင့် ရင်ဆိုင်နေရပြီး Passport Website ကို ဝင်ရောက်နိုင်မှု မရရှိသေးသဖြင့် QR Code မရရှိသူများနှင့် အသစ်လျှောက်ထားလိုသူများ စောင့်ဆိုင်းနေရကြောင်း သိရသည်။

    “အခုကလျှောက်မရသေးဘူး ဆက်သွယ်ရေးတွေပြတ်တောက်နေတယ် Web က ဝင်မရဘူး၊ မေ ၁ ရက်နေ့မှ စလျှောက်လို့ရမယ်” ဟု မော်လမြိုင်မှ နိုင်ငံကူးလက်မှတ်ရုံး တာဝန်ရှိသူတစ်ဦး ပြောသည်။ 

    နိုင်ငံကူးလက်မှတ် လုပ်ဆောင်ရန် Booking စာရင်းသွင်းနိုင်သည့် Website ကို မည်သည့် search engines တွင်မဆို ရှာဖွေမတွေ့ရှိသေးသည့်အပြင် နိုင်ငံကူးလက်မှတ် လျှောက်ထားသူများအနေဖြင့် QR Code မရခြင်း၊ ရထားရရှိသည့် Appointment Date များတွင် နိုင်ငံကူးလက်မှတ် မလုပ်ဆောင်ပေးနိုင်ကြောင်း သိရသည်။

    တာဝန်ရှိသူတို့အနေဖြင့် အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်မှုမရှိခြင်းကြောင့် ပြည်ပထွက်ခွာမည့် အလုပ်သမားများ၊ ကျောင်းသားများအတွက် ထိခိုက်နစ်နာမှုရှိနေကြောင်း မော်လမြိုင်မှ နိုင်ငံကူးလက်မှတ် လျှောက်ထားသူ လူငယ်တစ်ဦးက ဆိုသည်။

    “ကျွန်မကတော့ နိုင်ငံကူးလက်မှတ်ကို မတ် ၂၆ ရက်နေ့မှာ Booking ရက်ချိန်းရတယ်။ စာအုပ်လုပ်တယ် ပြီးတော့ စာအုပ်သွားယူဖို့ သူတို့ ချိန်းထားပေးတဲ့ရက်နေ့မှာတော့ မရလိုက်ဘူး။ ငလျင်ကြောင့် သူတို့မထုတ်ပေးခဲ့ဘူး။ ဧပြီလ ၂၂ ရက်နေ့မှာမှ စာအုပ်ပြန်ရတယ်။ အဲကြောင့် အလုပ်ကိုနောက်ကျသွားတာ” ဟု  ပြောသည်။  

     ရန်ကုန်၊ မြစ်ကြီးနားနှင့် လားရှိုး စသည့်နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများတွင် ယခင် Online Appointment Date ရရှိထားသူများကို နိုင်ငံကူးလက်မှတ်လုပ်ဆောင်ပေးရန် Appointment Date များကို ပြန်လည်စီစစ်၍ အဆိုပါ ရက်များတွင် သက်ဆိုင်ရာရုံးများ၌ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆိုထားသည်။

    ထိုအပြင် ကျန်မားရေး၊ ပညာရေးဆိုင်ရာ အရေးပေါ်ကိစ္စရပ်များဖြင့် ပြည်ပထွက်ခွာလိုသူတို့ အထောက်အထားခိုင်လုံစွာဖြင့် နိုင်ငံကူးလက်မှတ်အမြန်ထုတ်ယူရန် Green Channel ဖြင့် အထူးစီစဉ်ဆောင်ရွက်နေပြီး ကြိုတင်ရက်ချိန်းများကိုလည်း ဇွန်လအထိ ပေးထားသည်ဟု သိရသည်။

    လက်ရှိတွင် နိုင်ငံတစ်ဝှမ်း နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းတို့အပြင်၊ လူဝင်မှုကြီးကြပ်ရေးရုံးနှင့် အခြားအွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းတို့ ငလျင်ဒဏ်သင့်တစ်လပြည့်သည်အထိ မလည်ပတ်နိုင်သေးဘဲ ရပ်နားထားရဆဲဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts