တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် မင်းသားရွာတွင် ပြီးခဲ့သည့် ဧပြီ(၂၀ )ရက်နေ့မှစ၍ စစ်ကောင်စီနှင့် တော်လှန်ရေးမဟာမိတ် ပူးပေါင်းအဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်ရှိတွင် တော်လှန်ရေးမဟာမိတ်အဖွဲ့တို့က တပ်ဆုတ်ထားသည့်အခြေအနေတွင် ရှိနေကြောင်း သိရသည်။
တိုက်ပွဲကာလအတွင်း ကံပေါက်တိုက်နယ်၊ မင်းသားရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တို့ကို ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီပြည်သူ့စစ်အဖွဲ့မှ ၆ ဦးသေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ဘက်မှ ၃ ဦး မစိုးရိမ်ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တို့တွင် ဖော်ပြထားသည်။
နှစ်ဖက်တိုက်ပွဲကြောင့် မင်းသားရွာအုပ်စုအတွင်းရှိ ကျေးရွာများကို မောရဝတီရေတပ်နှင့် ကလိန်အောင်ခြေစိုက် စစ်ကောင်စီတပ်ရင်များဖြစ်သည့် ခလရ ၂၈၂ တို့မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အဆိုပါရွာအနီးရှိ ကျေးရွာ ၅ ရွာထက်မနည်းမှ ဒေသခံတို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ဒဏ်ရာရတော်လှန်ရေးမဟာမိတ်အဖွဲ့မှ တပ်သားတို့ကို ကယ်ထုတ်ရန် တပ်ဆုပ်ထားသည့်အခြေအနေတွင်ရှိသော်လည်း မော်ရဝတီရေတပ်စခန်းမှ စစ်ကောင်စီအဖွဲ့တို့ မင်းသားရွာအတွင်း အင်အားအများအပြားဖြည့်တင်းထားသဖြင့် တိုက်ပွဲအခြေအနေ တဖန်ပြင်းထန်နိုင်ကြောင်း မွန်ပြည်တော်လှန်ရေးတပ် MSRF မှ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ဆိုသည်။
ရေဖြူမြို့နယ်အတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ထိရောက်စွာဟန့်တားနိုင်ရန် မွန်-ကရင်-ထားဝယ် တော်လှန်ရေးမဟာမိတ်အဖွဲ့တို့ ပူးပေါင်း၍ တိုက်ပွဲဖော်ဆောင်နေသည့်အခြေအနေနှင့်ပတ်သတ်၍ MSRF မှ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးနှင့် ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။မွန်-ကရင်-ထားဝယ် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ပူးပေါင်းပြီး ရေဖြူမြို့နယ်ဘက် စစ်ရေးလှုပ်ရှားနေသည့် အခြေအနေဘယ်လိုရှိပါသလဲ။
“ကျွန်တော်တို့ထုတ်ပြန်ထားတဲ့အတိုင်း ပြီးခဲ့တဲ့ ၂၀ရက်နေ့က ကျွန်တော်တို့မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ AD၊ ကံပေါက်တပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း – ၁၊ ပြီးရင် ကရင်တပ်(KNU)၊ KNU ကတော့လုံခြုံရေးတပ်အနေနဲ့ နေရာယူပေးတယ်။ ဒီပူးပေါင်းတပ်တွေနဲ့ ပေါင်းပြီး မင်းသားကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေကို တိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲက တစ်နာရီလောက်ကြားတယ်။ အဲဒီတိုက်ပွဲထဲမှာ ကျွန်တော်တို့ MSRF က ရဲဘော်တစ်ယောက် ပေါင်မှာ သေနတ်ထိဒဏ်ရာရတယ်။ ပြီးရင် ကံပေါက်တပ်က ၂ ယောက်လဲ ဒဏ်ရာရခဲ့တယ်။ ဒီရဲဘော်တွေကိုလည်း ပြန်ထုတ်ဖို့၊ တစ်ဖက်မှာ ရန်သူဘက်ကလဲ မောရဝတီရေတပ်စခန်းကနေ စစ်ကူတွေပို့တယ်။ ဒါကြောင့် ကျွန်တော်တို့ အဲဒီကနေပြန်ထွက်လိုက်ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့မလှည့်ပြန်ခဲ့ဘူး သူတို့တက်လာမလားလို့ အဲဒီနောက်မှာ တစ်နေ့ကြားတဲ့အထိစောင့်နေခဲ့တယ်။ ဒါပေမဲ့ သူတို့မတက်လာခဲ့ဘူး။ ဒါကြောင့် ကျွန်တော်တို့တပ်တွေ ပြန်ရုပ်သိမ်းလိုက်တယ်။ ပြောချင်တာက အဲဒီဒေသမှာတော့ တိုက်ပွဲဆက်လက်ပြင်းထန်သွားဖို့ရှိတယ်။ သူတို့ဘက်က အင်အားတွေအများကြီးဖြည့်ထားတယ်။ ပြီးရင် ထီးခီးဘက်မှာ သူတို့ဗျူဟာကျသွားတော့ ထိုင်းနဲ့အရောင်းအဝယ်လုပ်တဲ့လမ်းကလဲပိတ်သွားတယ်၊ ဒါကြောင့် ထိုင်းတွေလဲ သိပ်မကျေနပ်ဘူး။ ဆိုတော့ နတ်အိမ်တောင်ကနေ ရားဖူးကျေးရွာအထိ စကစက စစ်ရေးတင်းမာသွားဖို့ရှိတယ်။ သူတို့က ဘိတ်ကနေအင်အားတွေဖြည့်နေတယ်။ ပြီးရင် မန္တလေး လာရှိုးဘက်က စစ်မဖြစ်တော့ဘူးဆိုပြီး သူတို့စစ်သားတွေကို ဒီဘက်ပို့လာတယ်။ ရေဖြူဘက်မှာက တော်လှန်ရေးတပ်တွေလဲ လမ်းပေါ်မှာ ရှိနေတော့ တိုက်ပွဲဆက်လက်ပြင်းထန်သွားမယ်လို့ ပြောချင်တယ်။ ကျွန်တော်တို့တော်လှန်ရေးတပ်တွေအနေနဲ့လည်း ပြင်ဆင်ထားပါတယ်။ ”
မေး။ ။လက်ရှိအချိန်အထိ တိုက်ပွဲဘယ်နှစ်ကြိမ်အထိဖော်ဆောင်ဖြစ်ခဲ့လဲ၊ ပြီးတော့ အဲဒီထဲမှာ ဘယ်လိုအကျိုးခံစားခွင့်တွေရရှိလာတာရှိလဲ။
ပြီးခဲ့တဲ့ ၂၀ ရက်နေ့ကပဲ မင်းသားကျေးရွာမှာ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့တယ်။ အဲဒီတိုက်ပွဲ ကြားရှည်တိုက်ပွဲဖြစ်မယ်လို့ထင်ထားတာ။ စကစဘက်က မတက်လာတော့ ကျွန်တော်တို့လှည့်ပြန်ခဲ့ရတယ်။ သူတို့အင်အားစုစည်းနေတာတွေကလည်း သိတယ်။ အဲဒီတိုက်ပွဲမှာ ရွာသူရွာသားတွေရဲ့ တွေ့မြင်ချက်အရ၊ ပြီးရင်သူတို့ဘက်ကနေသတင်းအရ ရန်သူဘက်က သေဆုံးတာ ၅ ယောက် ၆ ယောက်လောက်ရှိတယ်လို့ ကျွန်တော်တို့ပြောလို့ရတယ်။ ဒီတိုက်ပွဲတွေကနေ ရလာတဲ့အကြိုးခံစားခွင့်က စကစတွေ လွတ်လွတ်လပ်လပ်မလှုပ်ရှားနိုင်ဘူး။ သူတို့အလုပ်ကလည်း ပျက်တယ်။ ကျွန်တော်တို့က မြို့ရွာသိမ်းတဲ့အဆင့်မရောက်သေးပေမဲ့ ထိုက်သင့်လျောက်တော့ သူတို့ကို အကျပ်တွေ့စေတယ်။ ဒါက ဒီတိုက်ပွဲတွေဆီကနေ အကြိုးခံစားခွင့်ပဲလို့မြင်တယ်။ မနှစ်ကဆို မင်းသားကျေးရွာမှာရှိတဲ့ စစ်ကောင်စီလုံခြုံရေးတပ် မောဝရဝတီရေတပ်စခန်းကို သိမ်းရပြီးတော့ မီးရှို့ခဲ့တာရှိတယ်။ ဒါပေမဲ့ အင်အားကနည်းတော့ မထိန်းနိုင်ခံဘူး”
မေး။ ။ တိုက်ပွဲဖော်ဆောင်နေစဉ်အတွင်း မဟာမိတ်ပူပေါင်းအဖွဲ့တို့အနေနဲ့ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ခဲ့ရလဲ။
“ကျွန်တော်တို့ရဲ့ စစ်ရေးလှုပ်ရှားမှုမှာ အခက်အခဲတွေ အများကြီးရှိသေးတယ်။ စစ်အင်အားရော လက်နက်အင်အားရော အများကြီးလိုတယ်။ လက်နက်အင်အားကဆို စစ်သေနက ဗျူဟာတွေအတွက် လက်နက်ကြီးတွေ လိုသည်။ ဒါတွေမရှိတာကြောင့်ပဲ ကျွန်တော်တို့က ဒီတော်လှန်ရေးတပ်တွေနဲ့ စုပေါင်းပြီးမှ တိုက်ခိုက်နေရသည်။ ဒါပေမဲ့ ရှိတဲ့လက်နက်တွေနဲ့ ကျွန်တော်တို့တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်သွားမယ်။ ကျုံလောင်တိုက်ပွဲ၊ ခေါဇာတိုက်ပွဲတဲ့နောက်မှာ ကျွန်တော်က တိတ်ဆိတ်ခဲ့တယ်ပေါ့။ ဘာလို့တိုက်ပွဲဆိတ်လာလည်းဆိုတော့ကျွန်တော်တို့က ရာမညစစ်ကြောင်းအတွက်ကို အင်အားဖြည့်ထားတယ်။ ဒါပေမဲ့ ခုလောလောဆယ် ရာမညစစ်ကြောင်းအခြေအနေကို ပြန်သုံးသပ်နေတယ်။ ဒီလိုအခြေအနေတွေကြောင့် တိုက်ပွဲတွေလဲ တိတ်ဆိတ်နေတာလို့ ပြောချင်ပါတယ်”
မေး။ ။ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့အနေနဲ့ မြေပြင်မှာ တိုက်ပွဲပူးပေါင်းဝင်ဖော်ဆောင်ရာမှာ ဘယ်လိုစည်းလုံးမှုအင်အားတွေ ရရှိခဲ့တာရှိလဲ။
“ကျွန်တော်မွန်ပြည်တော်လှန်ရေးတပ်(MSRF)အနေနဲ့ ထာဝယ်တပ်၊ ကျောင်းသားတပ်(ABSDF)တွေနဲ့ပူးပေါင်းပြီး စစ်အဏာသိမ်းပြီး ၂၀၂၁ ကုန်ကတည်းက တိုက်ပွဲဝင်လာခဲ့တာ။ ယနေ့အထိလည်း ဆက်လက်လှုပ်ရှားနေတယ်။ အဲဒီတော့ ကျွန်တော်တို့လဲ ပူးပေါင်းလိုက်တော့ တစ်ဦးအပေါ်တစ်ဦး ပိုမိုရင်နှီးချိတ်ဆက်လာတယ်၊ စိတ်ရင်းတွေ နာလည်းလာပြီး အချိတ်အဆက်မိမိလည်း တိုက်ပွဲတွေဝင်လာနိုင်တယ်။ အထူးသဖြင့် KNUတပ်ရင်း ၂၇၊ တပ်မဟာ ၆ တွေနဲ့လည်း ပူးပေါင်းတိုက်ပွဲဝင်လာခဲ့တယ်။ ဒီတစ်ကြိမ်ပူပေါင်းရေးမှာလဲ သူတို့ပါဝင်လာတယ်။ အဲဒီနယ်မြေမှာ သူတို့က ပိုပြီး လှုပ်ရှားတတ်တယ်။ ဒီလိုနဲ့ ကျွန်တော်တို့ တညီတညွတ်ပူးပေါင်းပြီး စုစုစည်းစည်းတိုက်ပွဲဆက်လက်ဝင်သွားမယ်ဆို အောင်မြင်မှုက ရရှိသွားမယ်။ ပြောချင်တာက မွန်တပ်ဖွဲ့တွေနဲ့လည်း ပူးပေါင်းတယ်။ အခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းတိုက်ပွဲဝင်သွားမယ်”
မေး။ ။မွန်-ကရင်-ထားဝယ် မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးအပေါ် ဘယ်လောက်အထိ မျှော်မှန်ထားတာရှိလဲ။
“ကျွန်တော်တို့ တော်လှန်ရေးတပ်တွေအနေနဲ့ ပြင်ဆင်ထားတာရှိတယ်။ ဒီလောက်ပဲပြောနိုင်တာပေါ့နော်။ ပြီးရင် ရေဖြူနဲ့ရေးတောင်ပိုင်းမှာ တိုက်ပွဲက ဆက်လက်ပြင်းထန်းသွားမယ်။ ကျွန်တော်တို့အနေနဲ့လည်း Strategic plan ချထားတာရှိတယ်။ ဒီချထားတဲ့အပေါ်မှာ ဘယ်လောက်ထိခရီးရောက်မလဲ ပြန်သုံးသပ်မယ်။ အဲဒီထဲမှာ စခန်းကြီး၊စခန်းငယ်သိမ်းတာကအစ မြို့မှာရှိတဲ့ စစ်ကောင်စီတပ်တွေကိုအထိသိမ်းနိုင်ဖို့ ရည်မှန်းထားတယ်ပေါ့နော်။ Plan ကဒီလိုရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အခြေအနေတွေ၊ အင်အားတွေ၊ ကျွန်တော်တို့ပူးပေါင်းရေးအပေါ်မူတည်ပြီး တိုက်ပွဲဖော်ဆောင်သွားဖို့နိုင်မနိုင်ကြည့်ရမယ်”
မေး။ ။လက်ရှိမြန်မာပြည်တောင်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပေါ် နောက်ဆုံးဘာတွေ ဖြည့်စွတ်ပြောကြားချင်တာရှိလဲ။
“ကျွန်တော်တို့ မွန်ပြည်တော်လှန်ရေးတပ်က ရေဖြူမြို့နယ်၊ ရေးတောင်ပိုင်းနှင့်ရေမြောက်ပိုင်းမှာ စစ်ရေးလှုပ်ရှားနေတာရှိတယ်။ နောက်နောင်မှာလည်း ကျွန်တော်တို့ရဲ့ အင်အားအပေါ် အခြေအနေအပေါ်မူတည်ပြီး တခြားဒေသတွေမှာလည်း စစ်ရေးလှုပ်ရှားသွားဖို့ရှိတယ်။ ကျွန်တော်တို့ရဲ့မဟာမိတ် YPDFတပ်ဖွဲ့ကလည်း ကျွန်တော်တို့မွန်ပြည်ဖက်ဒရယ်ကောင်စီအောက်ကို ဝင်လာပြီး ရေးမြောက်ပိုင်းမှာ အတူတူလှုပ်ရှားသွားဖို့ ရှိတယ်။ တပ်ရင်းတွေလဲ ဖွင့်သွားဖို့ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့အနေဖြင့် မွန်ပြည်သူတွေကို ဘာပြောချင်လဲဆိုတော့ ကျွန်တော်တို့မွန်ပြည်တော်လှန်ရေးတပ်ကို ဝန်းရံပေးပါ။ လူငယ်တွေအနေနဲ့လည်း အတူတကွတိုက်ပွဲဝင်ဖို့ ကျွန်တော်တို့တပ်ထဲကို ဝင်လာခဲ့ပါ။ ကျွန်တော်တို့က စစ်အဏာသိမ်းပြီးကတည်းက တိုက်ပွဲတွေဝင်လာခဲ့တယ်။ မွန်ပြည်နယ်မှာ မွန်တပ်ဖွဲ့တစ်ဖွဲ့အနေနဲ့ စစ်အဏာသိမ်းပြီးကတည်းက ပထမဦးဆုံးလဲ စစ်ကောင်စီကို ကျွန်တော်တို့တော်လှန်တိုက်ခိုက်ခဲ့တယ်။ အခုအခြေအနေအရပ်ရပ်ကြောင့် ကျွန်တော်တို့ဆီမှာ အင်အားဝင်လာတာ နည်းတယ်။ မွန်တပ်တွေကလဲများတော့ ထောက်ပံ့သူတွေလဲ ခွဲဝေးပေးနေရတယ်။ ဒါကြောင့် လက်နက်အင်အားတွေ ထိုက်သင့်အလျောက်မဖြည့်ဆည်းနိုင်ဘူး။ ပြီးရင် တပ်ဖွဲ့တစ်ခုအနေနဲ့ AAတို့လို ဘာလို့မဖြစ်နိုင်တာလဲ၊ AAတို့က ပြီးခဲ့ ၁၀ နှစ်ကတည်းက မဟာမိတ်တွေဆီကနေ ကလာတဲ့လက်နက်အင်အား လူ့အင်အားတွေဖြည့်ပြီး တိုက်ခိုက်လာနေတယ်။ အဲဒီကနေတဆင့် အရှိန်ရလာတော့ ခုဆို ရခိုင်တစ်ပြည်နယ်လုံးနီးပါး သိမ်းထားနိုင်တယ်။ ကျွန်တော်ကတော့ နည်းနည်းရ နည်းနည်းတိုက်ပွဲဝင်လိုက်နဲ့ စုဆောင်းထားလဲမရှိဘူး။ စစတိုက်ပွဲဝင်တုန်ကဆို ဘာအထောက်အပံ့မှ မရရှိခဲ့ဘူး၊ အဲဒီတော့ ကျွန်တော်တို့ ဒီလိုအခက်အခဲတွေရှိနေပါတယ်လို့ ပြောပြချင်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့ မွန်ပြည်တော်လှန်ရေးတပ်ကို ဝန်းရံပေးပါ။ ဝင်လာကြပါ။ အတူတကွ တိုက်ပွဲဝင်သွားမယ်”
ရေဖြူမြို့နယ် အတွင်းဝင်ရောက်နေသည့် စစ်ကောင်စီစစ်ကြောင်းများကို ထိရောက်စွာ ဟန့်တားနိုင်ရန် ဒေါနစစ်ကြောင်း(၃)နှင့် မွန်၊ကရင်၊ ထားဝယ် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များက ဧပြီ ၂၁ ရက်နေ့က စစ်ရေးအရ မဟာမိတ်အဖြစ် ပူးပေါင်းခဲ့ကြောင့် ဧပြီ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။
အဆိုပါ စစ်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲတွင် တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် ဒေါနစစ်ကြောင်း ၃(တပ်ခွဲ-၄၊တပ်ခွဲ- ၆၊ တပ်ခွဲ ၇)၊ KNU တပ်မဟာ ၆ တပ်ရင်း ၂၇၊ မွန်ပြည်သစ်ပါတီ(AD)၊ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ABSDF တပ်ရင်း ၁၊ ထားဝယ်တပ်တော် DNLA တို့က ဧပြီလ ၁၇ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ပြီးနောက် မင်းသားကျေးရွာအုပ်စုအတွင်း တိုက်ပွဲများ စတင်ဖော်ဆောင်ခဲ့ကြောင်း သိရသည်။