spot_img
Wednesday, January 7, 2026
More
    spot_img
    Homeသတင်းကျုံဒိုးအနီး နွားခြံကုန်းရွာတွင် လက်နက်ကြီးကြောင့် နေအိမ်အချို့ မီးလောင်နေ

    ကျုံဒိုးအနီး နွားခြံကုန်းရွာတွင် လက်နက်ကြီးကြောင့် နေအိမ်အချို့ မီးလောင်နေ

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိ နွားခြံကုန်းကျေးရွာတွင် ယနေ့ ဧပြီလ ၂၉ ရက်နေ့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အချို့ မီးလောင်ကျွမ်းနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ကျုံဒိုးမြို့ရှိ စစ်ကောင်စီ ခမရ-၅၄၅ နှင့် ခမရ-၅၄၆ တပ်ရင်းနှင့် ကျုံဒိုးမြို့အရှေ့ဘက်ရှိ ကျေးရွာတို့တွင် နံနက်ပိုင်းကတည်းက ပစ်ခတ်သံများ ကြားနေရသည်ဟု ဆိုသည်။

    ယနေ့ ညနေ ၃ နာရီဝန်းကျင်ခန့်မှာတော့ နွားခြံကုန်းကျေးရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး နေအိမ်အချို့ မီးလောင်နေသည်ဟု နွားခြံကုန်းဒေသခံတစ်ဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “ဒီနေ့ မနက်ကတည်းက ကျုံဒိုးမြို့ထဲက ၅၄၅ နဲ့ ၅၄၆ တပ်ရင်းတွေမှာ လက်နက်ကြီးပေါက်ကွဲသံတွေ ကြားနေတယ်။ ပြီးတော့ ကျုံဒိုးမြို့အရှေ့ဘက်က ရွာတွေဘက်မှာလည်း ပစ်ခတ်သံတွေ ကြားနေတယ်။ ကျုံဒိုးဘက်ကနေ လက်နက်ကြီးပစ်ခတ်သံတွေ ကြားတာ မကြာသေးဘူး။ ၂ နာရီနဲ့ ၄၅ မိနစ်လောက်မှာ နွားခြံကုန်းဘက်ကနေ နေအိမ်တွေ မီးလောင်လို့ မီးခိုးတွေ တက်လာတာ မြင်တော့တာပဲ။ ဘယ်လိုလောင်နေလဲဆိုတာက မသိသေးဘူး။ ကျနော်တို့လည်း ပစ်ခတ်သံကြားလို့ အကာအကွယ်အောက်မှာ ပြေးကြပြီး ပုန်းနေတော့ သေချာမသိသေးဘူး။ လေယာဉ်သံတွေ မကြားမိဘူး။ လက်နက်ကြီးမဟုတ်ရင် ဒရုန်းကြောင့် ဖြစ်မယ်” ဟု နွားခြံကုန်းရွာခံက ပြောသည်။

    နွားခြံကုန်းရွာအပါအဝင် လက်ရှိတိုက်ပွဲပြင်းထန်နေသည့် ကျုံဒိုးမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူတို့က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    “ကျုံဒိုးမြို့တစ်ဝိုက်က ရွာတွေကိုတော့ သိသလောက်တော့ အကုန်ရှောင်နေကြတယ်။ ရွာထဲမှာက မီးဘေး၊ သူခိုးဘေးအတွက် အိမ်စောင့်နေကြတဲ့သူ နည်းနည်းပဲ ကျန်တယ်။ ရွာမှာ စောင့်နေတဲ့ ကျနော်တို့လိုလူတွေက လေယာဉ်အသံတွေ ကြားရင်တော့ အကာအကွယ်ရှိတဲ့နေရာတွေမှာ ဝင်ပုန်းကြတာ၊ အဲလိုပေါ့” ဟု အထက်ပါ နွားခြံကုန်းဒေသခံက ပြောသည်။

    ကော့ကရိတ်နှင့် ကျုံဒိုးမြို့အနီးမှ စစ်ကောင်စီတပ်ဖွဲ့တို့ တပ်စွဲထားသည့် နေရာများကို တော်လှန်ရေးအဖွဲ့တို့က တစ်ပြိုင်နက် တိုက်ပွဲဖော်ဆောင်နေကြောင်း၊ စစ်ကောင်စီတို့က လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည်ဟု ကော့ကရိတ်စစ်မြေပြင်ရောက် တော်လှန်ရေးတဲဘော်တစ်ဦးက ပြောသည်။

    “ကျနော်တို့က အဓိကက ကျုံဒိုးနဲ့ ကော့ကရိတ်အနီးက စစ်တပ်ဘက်က တပ်စွဲထားတဲ့ နေရာတွေကို တစ်ပြိုင်နက် တိုက်ပွဲဖော်ဆောင်နေတာပါ။ ဒါကြောင့် ဂျိုင်းတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကနေ ဟောင်ဝှစ်ဇာတွေနဲ့ ပစ်ကူပေးနေတာ ရှိတယ်။ ကျုံဒိုးကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတာတွေ ရှိတယ်။ ကျုံဒိုးဗျုဟာ လှိုင်ဝကုန်း အဲဘက်ကနေလည်း လျောက်ပစ်ပေးနေတာ ရှိတယ်။ ခလရ ၉၇ ကလဲ ပစ်ပေးနေတာ ရှိတယ်။ အဲကြောင့် ကျေးရွာတွေမှာ အကုန်ကျရောက်ပေါက်ကွဲနေတယ်” ဟု ပြောသည်။

    လက်ရှိတွင် ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းတစ်လျောက်ရှိ စစ်ကောင်စီတပ်စခန်းအချို့ကို တော်လှန်ရေးအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး စကခ-၁၂ ဌာနချုပ်၊ ခလရ ၂၃၀၊ ခလရ ၂၃၁ အပါအဝင် တပ်ရင်းအချို့ကို တော်လှန်ရေးအဖွဲ့တို့က ဝန်းရံထားပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts