မြန်မာနိုင်ငံတွင် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့သည်မှာ ယနေ့ ဧပြီ ၂၈ ရက်နေ့တွင် တစ်လပြည့်သွားပြီဖြစ်သော်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မလုပ်ဆောင်နိုင်သေးသည့်အခြအနေ ရှိနေသည်။
ငလျင်ဘေးသင့် ပြည်သူများကို နေစရာ စီစဉ်ပေးခြင်း၊ စားနပ်ရိက္ခာ ထောက်ပံ့ပေးခြင်း၊ ပျက်စီးသွားသည့် လမ်းအချို့ ပြုပြင်ခြင်းလောက်သာ လုပ်ဆောင်နိုင်သေးကြောင်း ပြန်လည်ထူထောင်ရေး ၃၀ ရာခိုင်နှုန်းခန့်သာ လုပ်ဆောင်နိုင်သေးသည်ဟု ငလျင်ဘေးသင့်ပြည်သူတို့က ဆိုသည်။
၎င်းပြင် ငလျင်ဒဏ်ခံရသည့် နေအိမ် အဆောက်အဦးများ ဖြိုဖျက်ရာတွင်လည်း ကုန်ကျစရိတ်သည် တိုက်တစ်လုံးတန်ဖိုးနီးပါး ရှိနေခြင်းကြောင့် အခက်အခဲ ကြုံတွေ့နေရသည့်အပြင် လုံခြုံရေး မရှိခြင်းကြောင့် သူခိုး ခိုးခံနေရသည်လည်းရှိနေကြောင်း မအူပင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းက ပြောသည်။

“ရာခိုင်နှုန်းနဲ့ဆိုရင် ၃၀ ရာခိုင်နှုန်းပဲ လုပ်ပေးနိုင်သေးတယ်။ ၃၀ ရာခိုင်နှုန်းက ဘာတွေတုန်းဆိုတော့ သူတို့ တောင်ပြေး မြောက်ပြေး ပြေးနေရတာတွေကို မပြေးရအောင် အတိုင်းအတာလေးတစ်ခုနဲ့ ထိန်းပေးတဲ့ အနေအထားပဲ ရှိတယ်။ လူတစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ နေအောင် မလုပ်ပေးနိုင်သေးဘူး။ ဆိုတဲ့သဘောက လမ်းခင်းတာလေးတွေ လုပ်ပေးတယ်။ နောက်တစ်ခါ စားဝတ်နေရေးတွေကို ပါးပါးလေးနဲ့ ထိန်းပေးတဲ့သဘောပါ။ လုပ်ငန်း အခွင့်အလမ်းကလည်း မရှိ၊ ပြီးတော့ တော်တော်များများကလည်း ဘယ်လိုတွေ ဖြစ်ကုန်ကြလဲဆိုတော့ ဖြိုဖျက်တာက ထားပါတော့ တိုက်က တစ်သောင်း(သိန်းတစ်သောင်း)ဆိုရင် ဖျက်ဆီးခက တစ်သောင်း(သိန်းတစ်သောင်း)လောက် ဖြစ်နေပြီ။ ဘာလို့လဲဆိုတော့ လုံခြုံရေးမှ ချမထားတဲ့အခါကျတော့ တချို့နေရာက တိုက်တွေထဲ ဝင်ပြီးတော့ ခိုးတာတွေ ပြုတာတွေ ရှိတာပေါ့” ဟု ၎င်းက ပြောသည်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသအချို့တို့တွင် လူသေဆုံးမှု၊ နေအိမ်အဆောက်အဦး ပျက်စီးမှု၊ လမ်းတံတား ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။
ငလျင်ဘေးအပြင် ရေဘေးပါ ထိခိုက်ခံစားခဲ့ရသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် နေအိမ်များ ပြန်ဆောက်နေပြီဖြစ်သော်လည်း ဝါး၊ သစ်၊ ထရံ စသည့် အိမ်ဆောက်ပစ္စည်းများ ဝယ်ယူရ ခက်ခဲနေကြောင်း အကူအညီပေးနေတစ်ဦးက ပြောသည်။
အင်းလေးဒေသအတွင်းရှိ အိုင်ထောင့်ကြီးကျေးရွာတွင် နေအိမ် ၂၅၀ ခန့် ပျက်စီးသွားသော်လည်း တစ် လပြည့်သည်အထိ နေအိမ် ၄ လုံးသာ ဆောက်နိုင်သေးကြောင်း ၎င်းက ပြောသည်။
“အခုလောလောဆယ် ပြန်လည်ထူထောင်ရေးအတွက် အိမ်တွေတော့ ဆောက်နေပြီ။ အခုလောဆယ် အခက်အခဲက ဝါးအိမ်ဆောက်ဖို့အတွက် ဝါးတွေ ဝယ်ရတာ ခက်ခဲတယ်။ ပြီးလို့ရှိရင် ထရံပေါ့နော်။ အကာတွေ ဝယ်ရတာ ခက်ခဲတယ်။ သစ်တွေ ဝယ်ရတာ ခက်ခဲတယ်။ အိမ်ဆောက်ပစ္စည်းတွေ ဝယ်ရတာ အခက်အခဲရှိတယ်ဗျ။ အခုဆိုရင် ကျနော်တို့ရွာဆိုရင် အဲဒီငလျင်လှုပ်ပြီးတာနဲ့ ယာယီတဲလေးတွေ အိမ်ပြန်မဆောက်နိုင်သေးခင် သူတို့ ခဏတဖြုတ် နေဖို့အတွက် ယာယီတဲလေးတွေ ဆောက်ထားပေးတယ်။ ၆၅ လုံးပေါ့။ ကျနော်တို့ရွာကျတော့ ပြိုပျက်တဲ့အိမ်က ၂၅၀ ရှိတယ်ဗျ။ ၄ အိမ်လောက်ပဲ ဆောက်လို့ပြီးသေးတယ်။ ရာခိုင်နှုန်းအားဖြင့် ပြောမယ်ဆိုရင်တော့ တအားကြီး နည်းနေသေးတယ်ပေါ့” ဟု ပြောသည်။
ပြည်တွင်း၊ ပြည်ပ အလှူရှင်များ၊ တိုင်းနှင့် ပြည်နယ်အလိုက် အလှူငွေများက ဧပြီလ ၂၄ ရက်နေ့အထိ ကျပ် ၁၁၅၈၇၆ ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ ၂.၄၃၇ သန်းကျော်၊ ကိုရီးယားဝမ် ၅ သန်း၊ အိန္ဒိယရူပီး ၁၅ သန်း၊ ထိုင်းဘတ် ၂ သန်းနှင့် စင်ကာပူဒေါ်လာ ၃၁၅၀ လက်ခံရရှိထားကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ထားချက်အရ သိရသည်။
ငလျင်ဘေးသင့် ပြည်သူများကို ပြည်တွင်း၊ ပြည်ပက လှူဒါန်းထားသည့် ငွေများဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးများတွင် စနစ်တကျ အသုံးပြုနေသည်ဟု စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုနေသော်လည်း အင်းလေးဒေသတွင် စစ်ကောင်စီကပေးသည့် ထောက်ပံ့မှု မရောက်ရှိသေးဟု သိရသည်။
ငလျင်ဘေးသင့်ဒေသများကို မိုးတွင်းကာလမတိုင်မီ ပြန်လည်ထူထောင်ရေး ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ပါက နေအိမ်အဆောက်အဦး ပြိုကျသည့် ပြဿနာနှင့် ထပ်မံရင်ဆိုင်ရနိုင်ကြောင်း လေ့လာစောင့်ကြည့်သူတို့က ပြောသည်။
အင်အားပြင်း ငလျင်ကြောင့် ဧပြီလ ၂၅ ရက်နေ့အထိ နိုင်ငံတဝှမ်းတွင် သေဆုံးသူ ၃,၇၆၃ ဦး၊ ဒဏ်ရာရရှိသူ ၅,၁၀၇ ဦးနှင့် ပျောက်ဆုံးသူ ၁၁၀ ဦးရှိကြောင်း သိရသည်။