Sunday, March 8, 2026
More
    spot_img
    Homeသတင်းအခေါက်ရွှေဈေး ၇၅ သိန်းဝန်းကျင်တွင် ဈေးမြင့်တက်နေဆဲဖြစ်ပြီး အရောင်းအဝယ်အေးနေ

    အခေါက်ရွှေဈေး ၇၅ သိန်းဝန်းကျင်တွင် ဈေးမြင့်တက်နေဆဲဖြစ်ပြီး အရောင်းအဝယ်အေးနေ

    -

    ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးနှုန်းတို့ နေ့စဉ်မြင့်တက်လာနေပြီး ယနေ့ ဧပြီ ၂၅ ရက်နေ့ မနက်ပိုင်းအဖွင့်စျေးသည် အခေါက်ရွှေဈေးတစ်ကျပ်သား ပြင်ပပေါက်ဈေး ၇၅ သိန်းအတိတွင် ရှိနေကြောင်း ရွှေကုန်သည်တို့မှ သိရသည်။

    သင်္ကြန်ပိတ်ရက်မတိုင်ခင် ဧပြီလ ၁၁ ရက်နေ့တွင် အခေါက်ရွှေဈေး တစ်ကျပ်သားသည် ၇၁ သိန်းဝန်းကျင်ရှိခဲ့ရာ၊ သင်္ကြန်လွန်ရုံးဖွင့်ရက်ဖြစ်သည့် ဧပြီ ၂၂ ရက်နေ့တွင် ၇၅ သိန်းကျော် စံချိန်တင်မြင့်တက်ခဲ့သည်။

    လက်ရှိ ခုန်တက်သွားသည့် ဈေးနှုန်းကြောင့် မွန်ပြည်နယ်ရှိ ရွှေဆိုင်အများစုသည် အရောင်းအဝယ်အေးနေပြီး ဆိုင်အချို့တို့ ဖွင့်လှစ်ရောင်းချခြင်းမပြုဘဲ ခေတ္တရပ်နားကာ ရွှေဈေးတည်ငြိမ်မည့်အခြေအနေကို စောင့်ကြည့်ကြေကြောင်း သံဖြူဇရပ်မှ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    “သင်္ကြန်ကာလမှာ အများကြီးတော့ရောင်းမရဘူး၊ ဒါပေမဲ့ Order ၅၀ ရာခိုင်းနှုန်းလောက်တော့ ဝင်တယ်။ သင်္ကြန်ပြီးတဲ့ အခုအချိန်ကတော့ လုံးဝကိုမဝင်တာ အရောင်းအဝယ်က နည်းနည်းအေးတာမဟုတ်ဘူး၊ တော်တော်အေးသွားတယ်” ဟု ထိုသူက ဆက်ပြောသည်။

    လက်ရှိတွင် မွန်ပြည်နယ်ရှိ အလတ်စားနှင့် အသေးစား ရွှေလုပ်ငန်းအများစုသည် ခေတ္တပိတ်ထားရပြီး ရွှေလုပ်ငန်းဆိုင်ကြီးများသာ အရောင်းအဝယ်ပြုလုပ်နေသည်ဟု ဆက်ပြောသည်။

    ယမန်နေ့တွင် ပြည်တွင်းရွှေဈေး ၇၄ သိန်းဝန်းကျင်တွင် ကျဆင်းခဲ့သော်လည်း ယနေ့တွင် ၇၅ သိန်းသို့ပြန်လည်မြင့်တက်လာခဲ့သည်။

    ထို့ကြောင့် စီးပွားရေး မရေရာမှုတို့ကြား ရွှေဝယ်ယူစုဆောင်းသူများ ရောင်းမှားဝယ်မှာမဖြစ်ရန် သတိပြုသင့်ကြောင်းလည်း မော်လမြိုင် ရွှေလုပ်ငန်းရှင်တစ်ဦးက တိုက်တွန်းထားသည်။

    “ရွှေဈေးတွေက ခန်းမှန်းလို့မရဘူး၊ ပြီးတော့ အတက်အကျကြမ်းတော့ အရောင်းအဝယ်အပိုင်းကို ပိုသတိထားရတယ်။ ခန်းမှန်းလို့ကိုမရတော့ဘူး၊ နိုင်ငံတကာနဲ့ ဆိုင်နေတယ်” ဟု သူက ဆက်ပြောသည်။

    ကမ္ဘာ့ရွှေဈေးနှင့် မြန်မာပြည်တွင်းရွှေဈေးနှုန်း တောက်လျှောက် မြင့်တက်နေခဲ့သော်လည်း အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲနှုန်းသည် ၄၄၁၀ ကျပ်တွင် အကျဈေးနှင့်ငြိမ်နေပြီး ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှလည်း ရွှေတစ်ကျပ်သားကို ကျပ် ၅၆၆၀၀၀၀ သာသတ်မှတ်ထားဆဲဖြစ်သည်။

    ပြီးခဲ့တဲ့၂၀၂၄ ခုနှစ် ဧပြီလတွင် ပြည်တွင်းအခေါက်ရွှေဈေးနှုန်းသည် တစ်ကျပ်သားလျှင် ကျပ်သိန်း ၅၀ လောက်သာရှိခဲ့ပြီး တစ်နှစ်အတွင်းမှာ သိန်း ၂၀ ကျော် တိုးလာခဲ့သည်ဟု သိရသည်။

    ပြည်တွင်းရွှေဈေးသည် စစ်တပ်အာဏာသိမ်းပြီးနောက် ဆက်တိုက်မြင့်တက်လာခဲ့ပြီး အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ၈၅ အထိ စံချိန်တင် မြင့်တတ်ခဲ့ဖူးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks