ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ ချွန်ဖွန်ခရိုင်၊ ဆူရတ်ဌာနီခရိုင် စသည့်ဒေသတို့တွင် မြန်မာရွှေ့ပြောင်းကလေးများအတွက် ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများ စစ်ဆေးခံရမှု ပိုများလာကြောင်း ရွှေ့ပြောင်းမြန်မာကလေးများကို စာသင်ကြားပေးနေသူတို့၏ အသိုင်းအဝိုင်းတို့မှ သိရသည်။
ဘန်ကောက်ပိုစ့်သတင်းဌာန၏ ဖော်ပြချက်အရ ထိုင်းပညာရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံအတွင်း တရားမဝင်ဖွင့်လှစ်ထားသည့် စာသင်ကျောင်းတို့ကို ပိတ်သိမ်းရန် ထိုင်းအာဏာပိုင်တို့က ညွှန်ကြားထားသဖြင့် အာဏာပိုင်တို့က စုံစမ်းစစ်ဆေးမှုတင်းကြပ်ထားခြင်း ဖြစ်သည်။
အထူးသဖြင့် တရားဝင်လိုင်စင်ဖြင့် ဖွင့်လှစ်ထားခြင်းရှိမရှိနှင့် ထိုင်းနိုင်ငံစာသင်ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိမရှိတို့ကို အဓိကထားစစ်ဆေးနေကြောင်း မဟာချိုင်းဒေသတွင်း ရွေ့ပြောင်းလုပ်သားကလေးများအတွက် စာသင်ကြားနေသည့် မွန်ကျောင်းဆရာတစ်ဦးက ပြောသည်။

“ကျွန်တော်ကြုံခဲ့ရသလောက်တော့ ရဲတွေလာစစ်ဆေးတယ်၊ အရပ်ဖက်အဖွဲ့အစည်း တွေလာစစ်ဆေးတယ်၊ ကျွန်တော်တို့လည်း ၂ ခါ စစ်ဆေးခံထိတယ်။ ရဲတွေလာစစ်ဆေးတာက အဓိကက ဒီကျောင်းလိုင်စင်တင်ထားလား၊ မတင်ထားလား၊ ဒီနိုင်ငံရဲ့ ဥပဒေ အတိုင်း လုပ်နေလား၊ အလံအလေးပြုလား အဲ့လိုတွေပေါ့” ဟု သူကပြောသည်။
အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သားတို့ ပညာသင်ကြားနေသည့် စာသင်ကျောင်းသို့ ရှောင်တခင်စစ်ဆေးသည့် ပုံစံဖြင့်လာရောက်လေ့ရှိပြီး လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့နှင့် ပညာရေးဌာနတာဝန်ရှိသူတို့အများစု ပစ္စည်းအပြည့်အစုံဖြင့် လာရောက်တတ်ကြောင်း သိရသည်။
၎င်းအပြင် မွန်၊ မြန်မာစာသင်ကျောင်းအတွင်း စာသင်နေကြသည့် သင်ကြားရေးဆရာ ဆရာမတို့ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်၊ တရားဝင် နေထိုင်ခွင့်ရှိမရှိတို့ကိုလည်း စစ်ဆေးနေပြီး စေတနာ့ဝန်ထမ်းဆရာ ဆရာမတို့အတွက် များစွာစိန်ခေါ်မှုရှိနေသည်ဟု အထက်ပါဆရာက ဆက်ပြောသည်။
“ကျွန်တော်တို့နားလည်ရမှာက သူ့စည်းမျဉ်းနဲ့ ကိုက်ညီအောင် ဘယ်လိုနည်းနဲ့ လုပ်လို့ရလဲ၊ ဘယ်လိုလုပ်ရင်နေလို့ရလဲဆိုတာပေါ့။ စာသင်ကြားနေတဲ့သူအများစုက ပရဟိတတွေ ပြောလို့ရတယ်။ ဒါပေမဲ့ သူတို့ထိုင်းဥပဒေမှာက အဲ့လိုမရှိတာတစ်ခု၊ သူတို့ရတဲ့လစာနဲ့ L.A Visa နဲ့ အခွန်ခံဖို့ကလည်း မကိုက်ညီပြန်ဘူး။ ဒါတွေက စိန်ခေါ်မှုတွေပေါ့”ဟု အထက်ပါသူက ဆိုသည်။
ထို့ကြောင့် မြန်မာရွေ့ပြောင်းကလေးတို့အတွက် ဖွင့်လှစ်ထားသည့် စာသင်ကျောင်းတို့ကို တရားဝင်ဖြစ်ရန် လိုင်စင်တင်လျှောက်ထားရန်လိုအပ်ပြီး ထိုင်းအစိုးရမှ သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ ဖွင့်လှစ်သင်ကြားရန်၊ စာသင်ကြားပေးနေသည့် ရွှေ့ပြောင်းမြန်မာလူမျိုးအနေဖြင့် စည်းမျဉ်းစည်းကမ်းတို့နှင့် လိုက်နာဆောင်ရွက်ကြရန် အထက်ပါဆရာက တိုက်တွန်းထားသည်။
ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့ကလည်း ထိုင်းတောင်ပိုင်း၊ ဖူးကက်ခရိုင်၊ ဖူးကက်မြို့ပေါ်ရှိ မြန်မာရွှေ့ပြောင်းကလေး ၃၀၀ ကျော် တက်ရောက်သင်ကြားနေသည့် စာသင်ကျောင်း တစ်ကျောင်းကို အာဏာပိုင်တို့က ဝင်ရောက်စစ်ဆေးခဲ့ပြီး ရပ်နားရန်ညွှန်ကြားခဲ့သေးသည်။
အလားတူ ၂၀၂၄ စက်တင်ဘာလတွင်လည်း ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့က မြန်မာရွှေ့ပြောင်းကလေး တစ်ထောင်ကျော် ပညာသင်နေသည “မေတ္တာရိပ်” မြန်မာစာသင်ကျောင်းအပါအဝင် စာသင်ကျောင်း ခြောက်ကျောင်းကို ထိုင်းအစိုးရက ပိတ်သိမ်းခဲ့သေးသည်။
၂၀၂၄ ခုနှစ်အတွင်း အပိတ်ခံထားရသည့်မြန်မာ ရွှေ့ပြောင်းလုပ်သားတို့၏ကျောင်းများ ပြန်ဖွင့်ခွင့်မရချိန်တွင် ယခုနှစ်တွင်လည်းထပ်မံပိတ်သိမ်းခံနေရသဖြင့် မြန်မာစာသင်ကျောင်းမှ ကျောင်းသားများ စာသင်ကျောင်းနှင့် ဝေးကွာနေရသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့မှ မြန်မာရွှေ့ပြောင်းကျောင်းတို့ကို ပိတ်သိမ်းလိုက်ခြင်းသည့် ကလေးငယ်တို့၏ ပညာသင်ခွင့်ကို ဆုံးရှုံးစေခြင်းကြောင့် စိုးရိမ်မိသည့်အပြင် ကျောင်းပိတ်သိမ်းမှုတို့ကိုလည်း ပြန်လည်သုံးသပ်ရန် တိုက်တွန်းထားကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး အကူအညီပေးနေသူတို့၏ အချက်အလက်အရ ထိုင်းနိုင်ငံတစ်ဝှမ်းလုံးတွင် ပညာသင်ကြားနေသည့် မြန်မာရွှေ့ပြောင်းကလေးများ အနည်းဆုံး ၅ သိန်းခန့်ရှိကြောင်းနှင့် တက်ရောက်နေသည့် ကျောင်းပေါင်း ၂၀၀ ဝန်းကျင်ခန့်ရှိကြောင်း ခန့်မှန်းထားကြသည်။
လက်ရှိတွင်လည်း ထိုင်းနိုင်ငံတွင် ကျောင်းသားဗီဇာဖြင့် နိုင်ငံခြားသားများ တရားမဝင် အလုပ်လုပ်ကိုင်ခြင်းကို တားဆီးရန် သင်တန်းပေါ်ကာလပေါ်မူတည်၍ ကျောင်းသားဗီဇာခွင့်ပြုထားသည့် သက်တမ်းများကို ထိုင်းအစိုးရက ပြန်လည်သတ်မှတ်ရန် စီစဉ်နေကြောင်း ထိုင်းသတင်းဌာနတို့တွင် ဖော်ပြထားသည်။