စစ်ကောင်စီ၏ ပြည်သူ့စစ်မှူးထမ်းဥပဒေ အပတ်စဉ် ၁၂ အထိ ရောက်ရှိလာစဉ်တွင် မွန်ပြည်နယ်တွင် စစ်သင်တန်းကျောင်းတက်ရောက်နေသူနှင့် သင်တန်းဆင်းတပ်သားတို့ ထွက်ပြေးတိမ်းရှောင်မှု များလာနေကြောင်း စစ်သင်တန်းကျောင်းနှင့်နီးစပ်သူနှင့် တော်လှန်ရေးအဖွဲ့တို့မှ သိရသည်။
သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာ အမှတ် ၄ တပ်မတော်တန်းမြှင့်လေ့ကျင်းရေးကျောင်းမှ စစ်မှုထမ်းသင်တန်းတက်ရောက်နေသူတို့ အနီးဝန်းကျင်ရှိ ရောဘာခြံတစ်ဝိုက် စစ်ဝတ်စုံဖြင့် ထွက်ပြေးသွားလာနေသည်ကို တွေ့ရှိနေရပြီး စစ်ကောင်စီအဖွဲ့တို့မှ လိုက်လံရှာဖွေမှု ဆက်တိုက်လုပ်ဆောင်လာနေကြောင်း သံဖြူဇရပ်မှ ဒေသခံတို့၏ ပြောဆိုချက်အရ သိရသည်။
ယမန်နှစ် ၂၀၂၄ ခုနှစ်ကုန်ပိုင်းကပင် စစ်သင်တန်းမှ ထွက်ပြေးလာသူတို့ကို တွေ့ရှိရသော်လည်း ရှာဖွေမှုမလုပ်ဆောင်သော်လည်း နောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တို့က လူကိုယ်တိုင်ဖြင့်ဖြစ်စေ ဒရုန်းဖြင့်ဖြစ်စေ ရှာဖွေမှုများ ဆက်တိုက်လုပ်ဆောင်လာနေကြောင်း သိရသည်။

"ထွက်ပြေးတဲ့သူတွေကို အမြဲတွေ့နေကျပါ၊ နောက်ပိုင်း နောက်ကနေလိုက်လံရှာဖွေတဲ့ စစ်ကောင်စီအဖွဲ့တွေလည်း တော်တော်လေးကြမ်းလာတယ်၊ ခြံအပြင်သွားလာလို့ရပ်တဲ့နေရာတွေမှာ သူတို့ကားတွေကိုရပ်ပြီး ဝင်ရှာကြတယ်ပေါ့၊ ညဘက်ဆိုလည်း ဓါတ်မီးနဲ့ ဟိုရှာဒီရှာပါပဲ"ဟု သံဖြူဇရပ်ဒေသခံတစ်ဦးက ဆိုသည်။
ထိုသို့ရှာဖွေမှု လုပ်ဆောင်နေစဉ်တွင် ဒေသခံခြံလုပ်သားတို့အနေဖြင့် သတိရှိရှိ နေထိုင်နေရကြောင်း ဆက်ပြောသည်။
ထို့ပြင် သထုံ၊ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်ဘက်တွင်လည်း စစ်သင်တန်း ၃ လ တက်ရောက်ပြီးလက်နက်တပ်ဆင်ပေးထားသည့် တပ်သား၂၀ ဦး ထက်မနည်း တော်လှန်ရေးတပ်ဖွဲ့တို့ထံ လက်နက်ချအလင်းဝင်လာကြောင်း သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောသည်။
“ ကျနော်တို့ဆီမှာလက်နက်မဲ့ရော လက်နက်နဲ့ရော ရောက်လာတာလည်းရှိတယ်၊ ဒီတလောဆိုရင် ကျနော်တို့မှာ အယောက်၂၀ ယောက် လောက်ရှိတယ်၊ အဲ့တော့ အခြားဘက်ကိုလည်း ပို့လိုက်တာလည်းရှိတယ်။ တနင်္သာရီတိုင်း ပလောက်မြို့ဘက်ကသင်တန်းဆင်းထားကြတဲ့သူတွေရော အချိတ်အဆက်ယူပြီးလာတာများတယ်။ အချို့ကသေနတ်တွေ တစ်နေရာဖွက်ပြီးလာတယ်” ဟု ကိုအေးမင်းထွန်းက ပြောသည်။
အလားတူ မွန်ပြည်နယ်တောင်ပိုင်းဒေသအတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့ထံတွင် စစ်မှုထမ်းသင်တန်းဆင်းတပ်သားတို့ လက်နက်ချအလင်းဝင်မှု လစဉ်ရှိနေသည်။
စစ်သားစုဆောင်းရေးနှင့် စစ်သင်တန်းသို့ ပို့ဆောင်စဉ် တပ်သားများ ထွက်ပြေးပါက သင်တန်းကျောင်းရှိ ဆရာ၊ဆရာမများ ရာထူးတိုးဆိုင်းငံ့ခံရမည်ဟု စစ်ကောင်စီအကြီးအကဲတို့က ချမှတ်ထားကြောင်း စစ်မှုထမ်းသင်တန်းကျောင်းနီးစပ်သူတို့မှ သိရသည်။
မွန်ပြည်နယ်တွင် လက်ရှိ စစ်မှုထမ်းအပတ်စဉ် ၁၂ အထိ လူငယ်များကို မဲနှိုက်စေခြင်း၊ ပြစ်မှုကျုးလွန်သူများကိုဖမ်းဆီးပြီး စစ်သင်တန်းပို့ဆောင်ခြင်း၊ စစ်မှူးထမ်းစာရင်းပါဝင်သူများကို ငွေကြေးဖြင့် လူအစားထိုး ဌားရမ်းခြင်း စသည့် မတရားသောနည်းလမ်းနှင့် စစ်မှုထမ်းဥပဒေကို ဖြေရှင်းနေဆဲဖြစ်ကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်း ဒေးရှင်းမှ ဒါရိုက်တာနိုင်အဲမွန်ကပြောသည်။
“လူငယ်အမျိုးသားတွေကိုတော့ အပတ်စဉ် ၁ ကနေ အခုအပတ်စဉ် ၁၂ အထိ မဲနှိုက်စေတာ၊ ဧည့်စာရင်း စစ်ပြီး အတင်းအဓမ္မ စုဆောင်းတာ၊ စစ်မှုထမ်းရှောင်ဖို့ ငွေကြေးသတ်မှတ်ပြီး အဓမ္မငွေယူတာ၊ လူစား ငှားပြီး ရှေ့တန်းသွားခိုင်းတာ၊ ရပ်ကွက်ထဲမှာ အသေးစား ပြစ်မှုကျူးလွန်သူ လူငယ်တွေကို ဖမ်း ပြီး စစ်သင်တန်းထဲအတင်းထည့်တာ၊ လမ်းခရီးမှာ အဖွဲ့လိုက်စောင့်ဖမ်းပြီး လူငယ် တွေကို စစ်ထဲပို့တာ တွေ၊ သားပျောက်နေတဲ့ မိသားစုဝင်တွေ၊ ငွေမပေးနိုင်လို့ ဒီအတိုင်း ကိုယ့်ကလေးကို ထည့်ပေးလိုက်ရ တယ်”ဟု၎င်းကပြောသည်။
လက်ရှိတွင် အမျိုးသမီးများကိုစစ်မှူးထမ်းခေါ်ဆောင်ခြင်းမရှိသေးကြောင်း စစ်ကောင်စီဘက်မှ ငြင်းဆန်ထားသော်လည်း မြေပြင်ယန္တရားများတွင်ကူညီထောက်ပံ့စေခြင်း၊ စစ်တပ်တပ်ဖွဲ့ဝင်ရုံးတို့တွင် ဖိအားပေးပါဝင်လုပ်ဆောင်နေရသည့် အမျိူးသမီးများရှိနေကြောင်း ၎င်းကဆက်ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့တွင် ဖွင့်လှစ်ထားသည့် မွန်ပြည်စစ်မှုထမ်း အပတ်စဉ် ၁၂ တွင် မော်လမြိုင်မြို့ရှိ ပျံကျ အလုပ်သမားများကို ကျပ်သိန်း ၄၀ ဖြင့် ဌားရမ်းခေါ်ယူကာ ပေါင်မြို့နယ် စစ်သင်တန်းသားအတွက် အစားထိုးခေါ်ယူခဲ့သေးကြောင်း သိရသည်။
နိုင်ငံတစ်ဝှမ်းတွင် စစ်မှုထမ်းယန္တရားလည်ပတ်နိုင်ရန် ဒေသခံပြည်သူငါးသောင်းနီးပါး အဓမ္မတပ်သား အဖြစ်စုဆောင်းပြီး စစ်မှုထမ်းအပတ်စဉ်(၁၀)အထိဖွင့်လှစ်ရာ မွန်ပြည်နယ်မှစုဆောင်းခံရသူ ၂ ထောင် နီးပါးရှိပြီးအမျိုးသမီး၃၀ ဦးထက်မနည်းပါဝင်နေခဲ့သည်ဟု မွန်ပြည်လူ့အခွင့်ရေးဖောင်းဒေးရှင်း၏ အချက်အလက်အရသိရသည်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ပြဌာန်းခဲ့သည့် စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်တွင် အစုလိုက်လူပျောက်ဆုံးမှု၊ လူမသိသူမသိ ဖမ်းဆီးခံရမှုနှင့် စစ်သားစုဆောင်းရေးဌာန အတင်းကြပ်ပို့ဆောင် ခံရမှုစသည့်လူ့အခွင့်အရေးချိုးဖောက်မှုတို့ကို ဆိုးဆိုးရွားရွားခံနေရသည်။