spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းကော့ကရိတ်မြို့ကို စစ်တပ်က ပိတ်ဆို့ထားပြီး ဒေသခံများကို မြို့ပြင် ထွက်ခွင့်မပေး

    ကော့ကရိတ်မြို့ကို စစ်တပ်က ပိတ်ဆို့ထားပြီး ဒေသခံများကို မြို့ပြင် ထွက်ခွင့်မပေး

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို စစ်ကောင်စီက ပိတ်ဆို့ထားပြီး ဒေသခံပြည်သူများကို မြို့ပြင် ထွက်ခွင့်မပေးကြောင်း သိရသည်။

    လက်ရှိတွင် ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNLA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့က ကော့ကရိတ်မြို့ဝန်းကျင်များကို ဝန်းရံပိတ်ဆို့ထားသည့်အတွက် မြို့သိမ်းတိုက်ပွဲဖြစ်လာမည်ကို ကြောက်လန့်နေသည့် စစ်ကောင်စီတပ်တို့က ကော့ကရိတ်မြို့ အဝင်အထွက်နေရာများကို ပိတ်ဆို့ထားပြီး ဒေသခံပြည်သူများကိုလည်း မြို့ပြင် ထွက်ခွင့်မပေးကြောင်း ကော့ကရိတ်စစ်မြေပြင်ရောက် တော်လှန်ရေးသတင်းအရင်းအမြစ်တို့က ပြောသည်။

    “အခုတော့ ကော့ကရိတ်မြို့ကို ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဝန်းရံထားတယ်။ ဒါကြောင့် စကစဘက်ကလည်း အဲမြို့ထဲကလူတွေကိုလည်း ဘယ်သူကိုမှ ပေးမထွက်ခိုင်းဘူး ဖြစ်နေတယ်။ မြို့ထဲမှာ ပြည်သူတွေ ရှိနေတော့ ကျနော်တို့ဘက်ကလည်း လုပ်ရ ကိုင်ရတာ နည်းနည်းကြပ်တာတွေ ဖြစ်နေပါတယ်။ ခန့်မှန်းခြေအရ မြို့ထဲမှာ ပိတ်မိနေတဲ့လူတွေက တစ်သောင်းဝန်းကျင်လောက် ရှိမယ်။ တော်လှန်ရေးအဖွဲ့တွေ ဝင်မတိုက်အောင် ပြည်သူတွေကို ဓားစာခံလုပ်ထားတဲ့ သဘောပေါ့ဗျာ” ဟု တော်လှန်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

    ကော့ကရိတ်မြို့ကနေ တောနောရေတံခွန်အထိ နေရာယူတပ်စွဲထားသည့် အောင်ဇေယျာစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က အပိုင်းလိုက် ဖြတ်တောက်တိုက်ခိုက်နေသည့်အတွက် နေ့စဉ် နေရာအများအပြားတွင် တိုက်ပွဲ ဖြစ်ပွားနေသည်။

    တိုက်ပွဲတွင် အထိနာနေသည့် စစ်ကောင်စီက ကော့ကရိတ်ဒေသဘက်ကို ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ် လုပ်ဆောင်နေသည့်အပြင် တပ်အင်အားများလည်း ဆက်တိုက်ဖြည့်တင်းလာနေကြောင်း ဆိုသည်။

    “လိုင်းတွေက တစ်ချို့နေရာတွေမှာ သူတို့(စစ်ကောင်စီ) ဖြတ်ထားတယ်။ ကျနော်တို့တောင် ဒီဘက်ထိုင်းဆင်းကဒ်တွေနဲ့ပဲ သုံးလာရတယ်။ စကစဘက်ကတော့ မနေ့ကရော၊ ဒီနေ့ရော နေ့တိုင်းပဲ အင်အားဖြည့်တင်းနေတာ။ ဂျိုင်းတံတားဘက်ရယ်၊ ဂျိုင်းရွာရယ်၊ ကျားလေးလမ်းတောက်လျောက် ဘက်မှာလည်း တပ်စွဲထားတယ်။ လောလောဆယ်မှာတော့ ဂျိုင်းရွာနားမှာ သူတို့ခံစစ်ပြင်နေတဲ့ အတွက် စောင့်ကြည်နေတုန်းပဲ။ ကျုံဒိုးနဲ့ ကော့ကရိတ်ဘေးပတ်လည် ရွာတွေကိုတော့ တိုက်ခိုက်မှုတွေ နေ့တိုင်း ရှိပါတယ်” ဟု အထက်ပါ တော်လှန်ရေးသတင်းအရင်းအမြစ်က ဆက်ပြောသည်။

    စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့အနီးအနားရှိ ဒေသခံအရပ်သားပြည်သူများ နေ့စဉ် သေဆုံးမှုရှိနေပြီး နေအိမ်ထိခိုက်ပျက်စီးဆုံးရှုံးမှုများလည်း နေ့စဉ် ဖြစ်ပွားနေကြောင်း ကော့ကရိတ်ဒေသခံတို့က ပြောသည်။

    “ကော့ကရိတ်မြို့အနီးအနားက ရွာတွေမှာတော့ လူသူသိပ်မရှိသလောက်ပါပဲ။ အကုန် တောဘက်မှာ ရှောင်နေကြတယ်။ ကျမတို့လည်း အခု ဘေးလွတ်တဲ့နေရာတွေမှာ လာရှောင်နေကြတယ်။ ဒီဘက်မှာတော့ မထင်ရင် မထင်သလို လေယာဉ်တွေနဲ့ ခဏခဏ လာကြဲနေတယ်လေ” ဟု ကော့ကရိတ်မြို့နယ်၊ သလွဲထော်ရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

    ကော့ကရိတ်မြို့နယ်အပြင် ကရင်ပြည်နယ် နေရာအနှံ့အပြားတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်များကလည်း အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ ဘုရားကျောင်းများနှင့် စစ်ရှောင်ပြည်သူလူထုများ နေထိုင်ရာ နေရာဒေသများကို လက်နက်ကြီးများ၊ လေယာဉ်များတို့ဖြင့် တိုက်ခိုက်နေကြောင်း KNU ဗဟိုက ဧပြီလ ၁၉ ရက်နေ့က ထုတ်ပြန်ထားသည်။

    ထိုကြောင့် စစ်ကောင်စီတပ်မှ ပစ်မှတ်ထားတိုက်ခိုက်ခံရနိုင်သည့် အဆောက်အဦးများ အဝေးတွင် နေထိုင်ရန်နှင့် တိုက်ပွဲဖြစ်ပွားရာ ဒေသများအတွင်းသို့ အရေးပေါ်အကြောင်းကိစ္စမရှိဘဲ သွားလာခြင်း မပြုလုပ်ရန် KNU က အသိပေး ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks