Sunday, March 8, 2026
More
    spot_img
    Homeသတင်းအပစ်ရပ်ကြောင်း ကြေညာထားသည့် စစ်တပ်က တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်

    အပစ်ရပ်ကြောင်း ကြေညာထားသည့် စစ်တပ်က တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်

    -

    ငလျင်ဘေးသင့်ဒေသတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် စစ်ကောင်စီက ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ယာယီအပစ်ခတ်ရပ်စဲကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ယခု အပစ်ခတ်ရပ်စဲရေးကာလကို ဧပြီလ ၃၀ ရက်နေ့အထိ သက်တမ်းထပ်တိုးထားသည်။

    အပစ်ခတ်ရပ်စဲကြောင်း ကြေညာထားသည့် ပထမသုံးပတ်ကာလအတွင်း၌ စစ်ကောင်စီက တိုင်းရင်းသားဒေသများအပါအဝင် နိုင်ငံအနှံ့တွင် လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့သလို စစ်ကြောင်းထိုးတာတွေလည်း လုပ်ဆောင်ခဲ့သည်။

    အပစ်အခတ်ရပ်စဲကြောင်း ပြောဆိုထားသော်လည်း မြေပြင်တွင် စစ်ကြောင်းထိုးမှုများ ဆက်လက်လုပ်ဆောင်နေသည့်အတွက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒေါန-တနင်္သာရီ စစ်ဘေးရှောင် အထောက်အကူပြုအဖွဲ့မှ မြေပြင်တာဝန်ခံ ကိုယောနသံက ပြောသည်။

    “တကယ်အပစ်ရပ်ချင်တယ်ဆိုရင် စစ်ကြောင်းထိုးတာတွေနဲ့ လေကြောင်းက တိုက်ခိုက်မှုတွေကိုလည်း အကုန်လုံး ရပ်နားထားဖို့လိုပါတယ်။ အပစ်ရပ်တယ်လို့ပြောပေမယ့် စစ်ကြောင်းထိုးတာတွေလုပ်နေရင်တော့ သေချာတာက ထိတွေ့တိုက်ပွဲတွေက ဖြစ်ကိုဖြစ်မှာပါပဲ။ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသက ထားဝယ်အထူးစီးပွားရေးဇုန်ဘက်မှာကတော့ စစ်ကြောင်း ဆက်လက်ထိုးနေတုန်းပဲ” ဟု ၎င်းက ပြောသည်။

    စစ်ကောင်စီက ယာယီအပစ်ခတ်ရပ်စဲကြောင်း ကြေညာပြီးနောက် မန္တလေး၊ စစ်ကိုင်း၊ ကရင်၊ ရှမ်း၊ တနင်္သာရီ၊ ချင်းနှင့် ရခိုင်ပြည်နယ် အစရှိသည့် ငလျင်ဘေးသင့်ဒေသများပါမကျန် လေကြောင်းဖြင့် နေ့ညမပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

    စုဆောင်းထားသည့်အချက်အလက်များအရ အပစ်ခတ်ရပ်စဲသည့် သုံးပတ်ကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၆၀ ကျော်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း သေဆုံးခဲ့ရသည်။

    စစ်ကောင်စီ၏ အပစ်ခတ်ရပ်စဲကြောင်း ပြောဆိုချက်အပေါ် အယုံအကြည်မရှိသည့်အတွက် စစ်ရေးကို အသင့်ပြင်ဆင်ထားကြရသည့်အနေအထားရှိသည်ဟု တော်လှန်ရေးအဖွဲ့အစည်းတို့က ဆိုသည်။

    သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တာဝန်ခံ ကိုအေးမင်းထွန်းက “စစ်ကြောင်းကတော့ လောဆယ်ငြိမ်နေပါသေးတယ် ဒါပေမဲ့ သူတို့က အပြောတစ်မျိုး အလုပ်တစ်မျိုး ဖြစ်တဲ့အတွက် ကျနော်တို့ဘက်ကလည်း ပြင်ဆင်ထားစရာရှိတာ ပြင်ဆင်ရမှာပဲ။ တုံ့ပြန်စရာရှိတာ တုံ့ပြန်ရမှာပဲ” ဟု ပြောသည်။

    ငလျင်ကြောင့် ပြည်သူထောင်နှင့်ချီ အသက်ဆုံးရှုံးခဲ့ရသည့်ကို ပရုမစိုက်ပဲ စစ်တပ်က ၎င်းတို့၏ အာဏာနှင့် ကိုယ်ကျိုးစီးပွားကို ကာကွယ်ရန်အတွက်သာ လုပ်ဆောင်နေသည်ဟု မွန်ပြည်တော်လှန်ရေးတပ် MSRF မှ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

    “ငလျင်ကြောင့် ပြည်သူတွေ ထောင်နဲ့ချီ အသက်တွေ ဆုံးရှုံးရတာကို အလေးမထား၊ ဂရုမစိုက် တတ်တဲ့ စကစရဲ့ စရိုက်လို့ ပြောချင်တယ်။ တာဝန်မဲ့ပြီး လူစိတ်မရှိလို့ အခုလို ကာကွယ်ရေးဆိုတဲ့စကားကို ပြောတာပေါ့။ အဓိက သူတို့ ကာကွယ်နေတာက ပြည်သူမဟုတ်ဘူး။ သူတို့ရဲ့အာဏာ အထက်ပိုင်း စစ်ခေါင်းဆောင်နဲ့ သူတို့ရဲ့ ဆွေမျိုး မိသားစုပိုင် စီးပွားရေးကိုပဲ ကာကွယ်နေတယ်” ဟု နိုင်နဂါးက ပြောသည်။

    ငလျင်ဘေးသင့်ဒေသများကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ထိရောက်စွာလုပ်ဆောင်နိုင်ရန်ဆိုပြီး အမျိုးသားညီညွှတ်ရေးအစိုးရ NUG က နိုင်ငံတဝှမ်း ထိုးစစ်ဆင်မှုကို နှစ်ပတ်ကြာ ရပ်နားကြောင်း ထုတ်ပြန်ထားသည်။

    အလားတူ ညီနောင် မဟာမိတ် သုံးဖွဲ့တို့ကလည်း ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများ ထိထိရောက်ရောက်လုပ်ဆောင်နိုင်ရန်အတွက် ဧပြီလတစ်လလုံး အပစ်အခတ်ရပ်စဲထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

    ထိုအပစ်ခတ်ရပ်စဲထားသည့် တိုင်းရင်းသားဒေသများ၊ ငလျင်ဘေးသင့်ဒေသများအပါအဝင် နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks