Sunday, March 8, 2026
More
    spot_img
    Homeသတင်းသင်္ကြန်ကာလအတွင်း မြင့်တက်ခဲ့သည့် အခြေခံအစားသောက်ကုန်များ ဈေးပြန်ကျခြင်းမရှိဘဲ ထပ်မံမြင့်တက်

    သင်္ကြန်ကာလအတွင်း မြင့်တက်ခဲ့သည့် အခြေခံအစားသောက်ကုန်များ ဈေးပြန်ကျခြင်းမရှိဘဲ ထပ်မံမြင့်တက်

    -

    မွန်ပြည်နယ်တွင် သင်္ကြန်ကာလအတွင်း မြင့်တက်ခဲ့သည့်အခြေခံစားသောက်ကုန်နှင့် ထိုင်းကုန်စည်ပစ္စည်းတို့သည် လက်ရှိသင်္ကြန်လွန်ကာလတွင် ဈေးနှုန်းပြန်ကျဆင်းခြင်းမရှိဘဲ ထပ်မံမြင့်တက်လာနေသည်ဟု အိမ်ရှင်မနှင့် ကုန်စည်ရောင်းဝယ်နေသူတို့ထံမှ သိရသည်။

    လတ်တလော ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ဘက်တွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ထိုင်းဘတ်ငွေလဲနှုန်းတို့ တက်ရိပ်ပြနေသဖြင့် စားသောက်ကုန်စည်များ ဈေးနှုန်းထပ်မံမြင့်တက်မည်ဟု ရေးမြို့နယ်မှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦး ကပြော သည်။

    “ပြန်မကျသေးပါဘူး ပြန်တက်လာဖို့ပဲရှိတယ်၊ ၊အခုက ကော့ကရိတ်ဘက်တိုက်ပွဲအခြေအနေကြောင့် မြဝတီဘက်သွားလာလို့ အဆင်မပြေတော့ ထိုင်းထုတ်ကုန်တွေပိုဈေးတက်လာတယ်၊ ဒီလိုပဲတိုက်ပွဲဆက်ဖြစ်မယ် လမ်းပိတ်နေမယ်ဆိုရင်တော့ ကုန်စည်ပြတ်လတ်မှုဖြစ်နိုင်တယ် လောလောဆယ်ဆယ် ကတော့ မော်လမြိုင်ပွဲရုံဘက်မှာကုန်ပစ္စည်းတွေရှိနေသေးတယ်ဆိုတော့လေ ယူလို့ရနေတယ် ”ဟု ဆိုသည်။

    မော်လမြိုင်ပွဲရုံတွင် ပုစွန်တံဆိပ်စားသုံးဆီတစ်ဖာလျှင် ၉၅၀၀၀ ကျပ်ဈေးရှိနေပြီး၊ မြေပဲဆီတစ်ဖာလျှင် ၁၀၂၀၀၀ ကျပ်နှင့် အရသာမှုန့်အထုပ်ကြီးတစ်ထုပ်၂၀၀၀၀ နီးပါးဈေးနှုန်းရှိနေကြောင်း ဆိုသည်။

    ထို့အပြင် ပြည်တွင်းရွှေဈေးနှုန်းသည် ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားကျပ်သိန်း ၇၅ နီးပါးမြင့်တက်နေပြီး၊ ထိုင်းဘတ်ငွေလဲနှုန်းသည်ကျပ်ငွေတစ်သိန်းကို ၇၇၅ ဘတ်ဝန်းကျင် ပေါက်ဈေးရှိနေသည်။

    စစ်ကောင်စီနှင့်တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ဧပြီလ ဒုတိယအပတ်မှစ၍ ယနေ့အထိ တိုက်ပွဲ ဖြစ်ပွားနေပြီး ကော့ကရိတ်မြို့အဝင်အထွက်နှင့် တော်လှန်ရေးအဖွဲ့ဘက်မှလည်း ကော့ကရိတ်မြို့ရှိ ကျေးရွာအချို့ကိုသိမ်းပိုက်ထားပြီး သွားလာခွင့်ပိတ်ထားဆဲဖြစ်သည်။

    “စကစဘက်ကလည်းမြို့သွားလာခွင့်ကိုပိတ်ထားတယ် တော်လှန်ရေးဘက်ကလည်း သူတို့ထိန်းထားတဲ့ ငါးတိုင်၊ ကိုးတိုင်၊ ကျုံဒိုးနဲ့ နွားခြံကုန်းကိုတော့သူတို့ထိန်းထားတယ် ရွာမှာကျန်နေတဲ့သူတွေလည်း စားနပ်ရိက္ခာခက်ခဲနိုင်တယ်”ဟုကမ်းနီဒေသခံတစ်ဦးက ပြောသည်။

    သင်္ကြန်ကာလရောက်တိုင်း နှစ်စဉ်ကုန်ပစ္စည်းများဈေးတက်လေ့ရှိသော်လည်း စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း စီးပွားရေးကျပ်တည်းမှုကြောင့် အလုပ်အကိုင်ရှားပါးမှုနှင့် ဝင်ငွေနည်းပါးခြင်းတို့အပြင် အဆမတန်တက်လာသည့်ကုန်ဈေးနှုန်းများသည် ပြည်သူအတွက် များစွာဝန်းထုပ်ဝန်ပိုဖြစ်စေသည်။

    လက်လုပ်လက်စားလုပ်တန်းစားများသည် နိုင်ငံတွင်း အလုပ်အကိုင်ရှားပါးနေပြီး အဆမတန် မြင့်တက်နေသည့် အခြေခံစားသောက်ကုန်စည်ဈေးနှုန်းအကျဘက်မရှိသောကြောင့် မိသားစု စားဝတ်နေရေးလောက်ငှမှုမရှိကြောင်း ရေးမြို့နယ်မှအိမ်ရှင်မတစ်ဦးကပြောသည်။

    “ဈေးနှုန်းအရင်ကတည်း တက်နေကတည်းကပြန်မကျဘူးဆိုတော့ တနေ့လုပ်တနေ့ စားသမားတွေ အတွက်ကျ အိမ်ထောင်စုများတဲ့သူတွေအတွက်ဆိုဝယ်စားမနိုင်တော့တဲ့အထိပဲ။ သင်္ကြန် မတိုင်ခင် ရက်ပိုင်းတုန်းကဆို ဆီတစ်ထုပ် ၈၀၀၀ ကနေ ၇၅၀၀ ကျဖူးတယ်အဲ့လောက်ပဲ၊ တစ်ခုတော်သေးတာက ငလျင်လှုပ်ပြီးတဲ့ အခါကုန်ဈေးနှုန်းသိပ်တော့ မတက်ဘူး”ဟု၎င်းကပြောသည်။

    မွန်ပြည်နယ်တွင် စစ်ကောင်စီနှင့်တော်လှန်ရေးအင်အားစုတို့ လှုပ်ရှားမှုများသည့် ဒေသတို့တွင် စားနပ်ရိက္ခာတင်သွင်းခွင့် ကန့်သတ်မှုတို့ကြောင့်ပုံမှန်ထက် ဈေးနှစ်ဆမြင့်တက်လျက်ရှိသလို ဝယ်ယူရခက်ခဲသည့်အခြေအနေပင်ကြုံတွေ့နေရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks