ကျားဖြန့်လုပ်ငန်းများမှ မိုဘိုင်ဖုန်းအသုံးပြု၍ ကျယ်ကျယ်ပြန့်ပြန့် ပေးပို့လာနေသည့် စာတိုများနှင့် အွန်လိုင်းဂိမ်းကြော်ငြာ link များကို ဖွင့်မကြည့်မိရန် သတိပြုသင့်ကြောင်း နည်းပညာကျွမ်းကျင်သူတို့က သတိပေးပြောဆိုသည်။
လက်ရှိ မိုဘိုင်းဖုန်းအသုံးပြုနေသူ အများစုတို့သည် ၎င်းတို့၏ တစ်ခါသုံးဒေတာဆင်းကဒ်မှလည်းကောင်း၊ တရားဝင် မှတ်ပုံတင်ထားသော ဆင်းကဒ်များမှလည်းကောင်း အွန်လိုင်းဂိမ်းကြော်ငြာလင့်နှင့် ဂိမ်းဆော့ရန် ဆွဲဆောင်သည့် စာတိုများ နေ့စဥ်ဆက်တိုက်ပို့ဆောင်ခံလာရကြောင်း မိုဘိုင်းဖုန်းအသုံးပြုနေသူတို့မှ သိရသည်။
ထိုစာတိုများမှတစ်ဆင့်ပါရှိသည့် လင့်တို့သည် ကျားဖြန့်လုပ်ငန်းများထံ မိမိကိုယ်ရေးကိုယ်အချက်အလက်များ ပါရှိသွားနိုင်သဖြင့် တစ်စုံတစ်ရာ တုန့်ပြန်ပေးပို့ခြင်းမပြုလုပ်ရန်နှင့် သေချာစိစစ်မှုပြုလုပ်ရန် မြန်မာ့အင်တာနက်ပရောဂျက်မှတာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

“တွေ့မိသလောက်ကတော့ Trojan လို့ခေါ်တဲ့သဘောမျိုးနဲ့ရောက်လာကြတယ်၊ click နှိပ်လို့ရှိရင် ကိုယ်ဘက်ကဒေတာတွေကို သူဘက်ကစောင့်ကြည့်နေပြီးတော့ သူတို့အကုန်ရသွားမယ်။ ဥပမာ ဖုန်းနဲ့ဘဏ်တို့ချိတ်ဆက်ထားတဲ့ဒေသတာတွေ အကုန်လုံးသူတို့လိမ်ယူထားသည့်သဘောမျိုးကြုံတွေ့နိုင်တယ်။ အဲ့ကြောင့် ရလာတဲ့ စာတိုတွေက ကိုယ့်ရဲ့ရင်းနှီးကျွမ်းဝင်တဲ့လူတွေဆီကလား ဘယ်ဌာနကလည်းဆိုတာကို အရင်ဆုံးစစ်ကြည့်ဖို့လိုတယ်။ အယုံမလွယ်ဖို့လိုအပ်တယ်။ ကိုယ့်ဘက်ကနေတစ်ခုတစ်ခုမတုံပြန်မချင်း ဘာပြဿနာမှမရှိသေးဘူး။ အဓိက သူတို့ပို့လာတဲ့ Link ကိုမနှိပ်ကြည့်မိဖို့အင်မတန်အရေးကြီးပါတယ်၊”ဟုဆိုသည်။
ကျားဖြန့်လုပ်ငန်းများအနေဖြင့် အွန်လိုင်းဖုန်းပေါ်ဖော်ပြထားသည့် ဖုန်းနံပါတ်များကို ပိုမိုပစ်မှတ်ထား လုပ်ဆောင်နေသဖြင့် ပုံမှန်အသုံးပြုနေသည့် ဖုန်းနံပါတ်များကို အွန်းလိုင်းပေါ်တွင် မဖော်ပြထားရန်၊ Viber ၊ telegram ၊ Instagramနှင့် အခြားသော application အကောင့်များဖြန့်ဝေရာတွင် ဖုန်းနံပါတ်အစား user name ကိုအသုံးပြုရန်၊ ဖုန်းနံပါတ်များကို only me ပြောင်းလဲတပ်ထားရန်လည်း လိုအပ်ကြောင်း ဆက်လက် တိုက်တွန်းပြောဆိုသည်။
အထူးသဖြင့် MPT၊ ATOM ဆင်းကဒ်ကိုင်ဆောင်အသုံးပြုသူတို့သည် ကျားဖြန့်လုပ်ငန်းမှစာတိုများကို ပိုမိုလက်ခံရရှိနေပြီး အဆိုပါမက်ဆေ့များအားဖျက်ခြင်း၊ ဖုန်းနံပါတ်ဘလော့ခြင်းများလုပ်ဆောင်ပါက သာမန်ထက် မက်ဆေ့စာတိုများ ပိုမိုဝင်လာတတ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် မွန်လူငယ်တစ်ဦးက ဆိုသည်။
“ဖုန်းနံပါတ်အမျိုးမျိုးနဲ့ ဖုန်းမက်ဆေ့တွေကလည်းဝင်နေတာပဲ။ ကျတော်ဆိုရင် မဖျက်ဘူး၊ ဖျက်ရင် ပိုလိုတောင် ဝင်လာနေတယ်။ သူတို့ဆီကပို့လာတဲ့ Link ကိုကျန်တော်တော့မနှိပ်ဘူး။ နှိပ်မိတဲ့ကျတော့်သူငယ်ချင်းတွေကတော့ Kpay တွေကို အကုန်reject လုပ်လိုက်ရတယ်။” ဟုဆိုသည်။
စာတိုအချို့တို့သည် ခြိမ်းခြောက်ပြောဆိုသည့်ပုံစံဖြင့်လည်းကောင်း၊ ညစ်ညမ်းစာသားများဖြင့်လည်းကောင်း ရေးသားပေးပို့လေ့ရှိကြောင်း စာတိုလက်ခံရရှိနေသူတို့မှ သိရသည်။
လက်ရှိဖြစ်ပေါ်နေသည့် နည်းပညာပြဿနာသည် စက်အော်ပရေတာနှင့်ကျားဖြန့်လုပ်ငန်းတို့ပူးပေါင်းပြီး အချက်အလက်မျှဝေနေသည့်အခြေနေဖြစ်နေသည်ဟုလည်း နည်းပညာလှုပ်ရှားသူနှင့်ပြည်သူတို့က သုံးသပ်ပြောဆိုလျှက်ရှိသည်။
သို့သော် မြန်မာ့ဆက်သွယ်ရေး အော်ပရေတာတို့မှ ပြည်သူများထံ သတိပေးချက်၊ ရှင်းလင်းချက်များကို တစ်စုထုတ်ပြန်ပြောဆိုခြင်းမရှိသေးပေ။
ထို့ကြောင့် မြန်မာ့အင်တာနက်အရေးလှုပ်ရှားနေသည့်အဖွဲ့စည်းတို့မှလည်း ပြည်သူတို့ရင်ဆိုင်နေရသည့် နည်းပညာမလုံခြုံမှုများကို ကြိုတင်ကာကွယ်နိုင်ရန် နည်းပညာလုံခြုံရေးပညာပေးသင်တန်းများပို့ချပေးရန် လိုအပ်ကြောင်းနှင့် ဝိုင်းဝန်းဖြေရှင်းပေးရန်လိုအပ်ကြောင်း နည်းပညာနှင့်ဒစ်ဂျစ်တယ်အရေးလှုပ်ရှားသူတို့က တိုက်တွန်းပြောဆိုသည်။
ထိုင်းမြန်မာနယ်စပ်မှ အွန်လိုင်းကျားဖြန့်လုပ်ငန်းများကို နှစ်ဖက်နိုင်ငံတာဝန်ရှိတို့က ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ ကိုင်တွယ်ဖြေရှင်းနေသော်လည်း လက်ရှိအချိန်အထိ ပြည်သူတို့ကြား အွန်လိုင်းကျားဖြန့်အန္တရာယ် ကြီးထွားနေဆဲဖြစ်သည်။
