Tuesday, March 10, 2026
More
    spot_img
    Homeသတင်းရာဖူးကျေးရွာအနီးတစ်ဝိုက်တွင် ၃ ရက်ဆက်တိုက် လက်နက်ကြီးဖြင့်ပစ်ခတ်ခံနေရ

    ရာဖူးကျေးရွာအနီးတစ်ဝိုက်တွင် ၃ ရက်ဆက်တိုက် လက်နက်ကြီးဖြင့်ပစ်ခတ်ခံနေရ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ အုန်းပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ၏ မောရဝတီရေတပ်စခန်းမှ ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအနီးတစ်ဝိုက်ကို လက်နက်ကြီးဖြင့် ၃ ရက်ဆက်တိုက် ပစ်ခတ်မှုလုပ်ဆောင်နေကြကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ရာဖူးကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့ကစပြီး နေ့စဉ်နီးပါး လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်သည်။

    ပစ်ခတ်လိုက်သည့် လက်နက်ကြီးတို့သည် လူ၊နေအိမ်ထိခိုက်မှုမရှိသေးသော်လည်း အဆိုပါကျေးရွာအနီးတစ်ဝိုက်ရှိ ဥယျာဉ်ခြံကြားတွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု ရေဖြူဒေသခံတစ်ဦးက ပြောသည်။

    “လေယာဉ်တွေလည်း လှည့်နေတာ။ ဘာလေယာဉ်လည်းတော့ မသိဘူး။ ရာဖူးဘက်က ဒေသခံ တွေလည်း ပြေးနေကြတာ မပြောနဲ့တော့၊ လက်နက်အသံတွေကြားနေရတယ်။ လက်နက်ကြီးနဲ့ နေ့တိုင်းပစ်ခတ်နေတာ” ဟု သူကဆိုသည်။

    စစ်ကောင်စီတပ်တို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အပြင် လေယာဉ်ဖြင့် ကင်းထောက် ပျံဝဲနေခြင်းကြောင့် ရာဖူးကျေးရွာနှင့် အနီးတစ်ဝိုက်ရှိကျေးရွာမှ ဒေသခံတို့ ထိတ်လန့် နေကြသည်ဟု သူကဆက်ပြောသည်။

    အဆိုပါအခြေအနေကြောင့် ဒေသခံ ရာနှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး အချို့ကလည်း ကျေးရွာအတွင်း ကျန်ရှိနေသည်ဟု ဒေသခံတို့က ပြောဆိုနေကြသည်။

    “ထွက်ပြေးသွားတဲ့သူဆို အချို့ဆို အမျိုးတွေရှိတဲ့ရွာ၊ အချို့က ဟံဂံဘက်၊ အချို့က အလယ်စခန်းဘက်ပေါ့၊ ထွက်ပြေးတဲ့လူတွေက ပိုများတယ်။ အဲ့ရွာထဲမှာ တိုက်ပွဲမဖြစ်ပေမယ့် မနေရဲကြဘူး။”ဟု အထက်ပါသူက ပြောသည်။

    ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်ကစပြီး မင်းသားကျေးရွာတွင် ဒေသတွင်းအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ဧပြီလ ၂၁ ရက်နေ့အထိ နှစ်ဖက်စစ်ရေးတင်းမားနေခဲ့သည်။

    ထိုကြောင့် မင်းသားကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများဖြစ်သည့် ဆင်ကူးရွာ၊ မင်းသားရွာ၊ လယ်ကြီးရွာ၊ ဆင်စွယ်ရွာနှင့် စိန်ဘုံရွာ စသည့်ကျေးရွာများမှ ဒေသခံများလည်း တိမ်းရှောင်နေရသည်ဟု သိရသည်။

    ရေဖြူမြို့နယ်၊ မင်းသားကျေးရွာကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ဒေါနစစ်ကြောင်းနှင့် ရေဖြူဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ပွဲဖော်ဆောင်နေခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks