Wednesday, March 11, 2026
More
    spot_img
    Homeသတင်းတိုက်ပွဲဖြစ်ပွားနေသည့် မင်းသားကျေးရွာအုပ်စုအတွင်း ဖုန်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံရ

    တိုက်ပွဲဖြစ်ပွားနေသည့် မင်းသားကျေးရွာအုပ်စုအတွင်း ဖုန်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံရ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအုပ်စုအတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး ဖုန်းနှင့်အင်တာနက်လိုင်းများကိုပါ စစ်ကောင်စီက ဖြတ်တောက်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ပြီးခဲ့သည့်ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းက မင်းသားကျေးရွာရှိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားသည့်နောက် စစ်ကောင်စီတပ်က ရေကြောင်းဖြင့် အင်အားအများအပြား ဖြည့်တင်းလာသည့်အပြင် ဖုန်းနှင့် အင်တာနက်လိုင်းကိုလည်း ဖြတ်တောက်ခဲ့သည်ဟု ဆိုသည်။

    “မင်းသားဘက်မှာတော့ အင်တာနက်လိုင်းတွေ ဖြတ်ခံထားရတယ်။ ခုနက သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းဆက်မေးမလို့ လုပ်တယ်။ ဆက်မရနေဘူး။ အဲဒီဘက်က လူတွေ ပြောတာတော့ ဟိုနေ့ (ဧပြီလ ၂၀ ရက်နေ့) က တိုက်ပွဲဖြစ်ပြီးတာနဲ့ အင်တာနက်တွေကို ဖြတ်တောက်ခဲ့တယ်။ အခု အဲဘက်ကလူတွေနဲ့ အဆက်သွယ်ယူဖို့ ခက်တယ်။ ရွာသားတွေလည်း အကုန်ပြေးကုန်ပြီ။ ရေးဘက်ကို ပြေးလာကြကုန်ပြီ” ဟု ရေဖြူမြို့နယ်၊ သာယာမွန်ရွာခံတစ်ဦးက ပြောသည်။

    မင်းသားကျေးရွာဘက်တွင် ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းအထိ လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်သံများ ကြားနေရကြောင်း အထက်ပါ ရွာခံက ဆက်ပြောသည်။

    ဧပြီလ ၂၀ ရက်နေ့ မနက်ပိုင်းက မင်းသားကျေးရွာတွင် တိုက်ပွဲဖြစ်ပွားသည့်နောက် နတ်ကြီးစင်၊ စိန်ဘုံ၊ ရေငံကြီး၊ ဆင်စွယ်စသည့် အနီးအနားရှိ ရွာခံပြည်သူများအနေဖြင့် ရွာနှင့်တစ်မိုင်အကွာတွင် စစ်ရှောင်နေကြရန် တော်လှန်ရေးတပ်ဖွဲ့တို့က အသိပေးပြောဆိုထားသည်ဟု မင်းသားကျေးရွာအုပ်စုမှ ရွာခံတစ်ဦးက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားသည်ကို တွေ့ရှိရသည်။

    အဆိုပါ စစ်ဘေးရှောင်နေရသည့် အခြေအနေနှင့် တိုက်ပွဲအခြေအနေများကို သိရှိနိုင်ရန် မင်းသားကျေးရွာအုပ်စုမှ ဒေသခံများကို လွတ်လပ်သော မွန်သတင်းအေဂျင်စီက ကြိုးစားဆက်သွယ်မေးမြန်သော်လည်း ဖုန်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရခြင်းကြောင့် ဆက်သွယ်၍ မရခဲ့ပေ။

    “လောလောဆယ် မင်းသားဘက်က ကျေးရွာ ၇ ရွာလောက် ပြေးနေရပြီ။ သူတို့က (စစ်ကောင်စီ) မင်းသားဘုန်းကြီးကျောင်းမှာလည်း တပ်စွဲထားတယ်။ ပြီးတော့ ကင်းလှည့်နေတာ ရှိတယ်။ အဲဒါကြောင့် ရွာသားတွေက ကြောက်လို့ ရှောင်နေကြရပြီ။ အများစုက တောထဲမှာ သွားရှောင်နေကြတာ” ဟု ပြောသည်။

    မင်းသားကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား စစ်ရေးတင်းမားနေသည့်အတွက် အချိန်မရွေး တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနိုင်ကြောင်းလည်း တော်လှန်ရေးအဖွဲ့တို့ လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ အသိပေးပြောဆိုထားပြီ ဖြစ်သည်။

    တစ်ဖက်တွင် ရေဖြူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည့် ဒေါနစစ်ကြောင်း (၃)၊ မွန်၊ ကရင်နှင့် ထားဝယ်တပ်ဖွဲ့တို့ကလည်း ရေဖြူမြို့နယ်အတွင်း ဝင်ရောက်လာနေသည့် စစ်ကောင်စီ စစ်ကြောင်းများကို ထိရောက်စွာ ဟန့်တားနိုင်ရေးနှင့် ဒေသအတွင်း စစ်ရေးအရှိန်မြှင့်နိုင်ရေးအတွက် စစ်ရေးအရ ပူးပေါင်းသည်ဟု ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က ပူးတွဲထုတ်ပြန်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks