Wednesday, March 11, 2026
More
    spot_img
    Homeသတင်းမိုးဆက်တိုက်ရွာသွန်းနေသဖြင့် မွန်ဆားကြမ်း ဈေးခုန်တက်

    မိုးဆက်တိုက်ရွာသွန်းနေသဖြင့် မွန်ဆားကြမ်း ဈေးခုန်တက်

    -

    မွန်ပြည်နယ်တွင် ယခုဧပြီလအတွင်း ရာသီဥတုဖောက်ပြန်ကာ နေ့စဉ် မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ဆားကြမ်းတစ်ပိသာဈေး ၅၀၀ ကျပ်သို့ ရောက်ရှိနေကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူတို့ထံမှ သိရသည်။

    ဆားလုပ်ငန်းအဓိက လုပ်ကိုင်သည့် ပေါင်၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် တစ်နှစ်တာအတွင်း ဆားအထွက်နှုန်းအမြင့်ဆုံးဖြစ်သည့် ယခုဧပြီလတွင် မိုးဖျက်ခြင်းကြောင့် ဆားထုတ်လုပ်နိုင်ခြင်းမရှိသဖြင့် ဆားကြမ်းတစ်ပိသာ ၅၀၀ ကျပ်၊ ဆားချော တစ်ပိသာ ၈၀၀ ကျပ်ဝန်းကျင်သို့ရောက်ရှိနေသည်။

    ထို့ကြောင့် ဆားလက်ကျန် သိုးလှောင်ထားသည့် ဆားလုပ်ငန်းရှင်အများစု ဈေးကွက်တွင် အရောင်းအဝယ်လုပ်ဆောင်မှု များလာကြောင်း သံဖြူဇရပ်မှ ဆားလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

    "ဆားမရှိဘူးဒီနှစ်၊ မိုးကလည်းစောနေတယ်၊ ပုံမှန်ဆို မေလမှပေါ့၊ ဒီသင်္ကြန်ရက်အတွင်း ရွာလိုက်တဲ့မိုးကြောင့် ဈေးတက်သွားတယ်၊ ဆားမရှိတော့ ဈေးတက်တယ်၊ ဈေးတက်တော့ သိမ်းထားတဲ့လူတွေ ထုတ်ရောင်းကြတယ်ပေါ့"ဟု ဆိုသည်။

    မုတ်သုန်ကာလနှင့် နီးကပ်လာသဖြင့် ဆားတောင်သူအများစု ဆားကွင်းပြန်လည်ပြင်ဆင်မှု မလုပ်ဆောင်တော့ကြောင်းနှင့် ငှားရမ်းထားသည့် ဆားလုပ်သားတို့၏ အလုပ်သက်တမ်းပြည့်မှီပါက ရပ်နားတော့မည်ဖြစ်ကြောင်း ဆက်ပြောသည်။

    မိုးရွာသွန်းမှုကြောင့် မွန်တွင် ဆားပိသာသောင်းနှင့်ချီ ပျက်စီးခဲ့ရသည့်အပြင် ဆားလုပ်ငန်းလုပ်ကိုင်သည့် ဧရာဝတီတိုင်းဒေသကြီးတွင်လည်း အကြောင်းအမျိုးမျိုးကြောင့် ဆာလုပ်ငန်းမလုပ်ကိုင်နိုင်သဖြင့် ပြည်တွင်း ဆားမလုံလောက်မှုနှင့် ရင်ဆိုင်ရနိုင်သည်ဟု အထက်ပါ ဆားလုပ်ငန်းရှင်က ဆိုသည်။

    "ဆားက လုံလောက်မှုရှိမှာမဟုတ်ဘူး၊ ဆားထွက်တဲ့အချိန်မှာ မိုးကဖျက်တယ်၊ ဆားထမ်းဖို့က အလုပ်သမားမရှိလို့ ဆားကွင်းထဲမှာပဲ ဆားက ကျန်နေခဲ့ရတာနဲ့ ဧရာဝတီဘက်ဆိုလည်း ဒီအတိုင်းပဲလေ။ ဆိုတော့ ဆားက ဒီနှစ်မှာ တန်ချိန်ပြည့်မှီမှာမဟုတ်ဘူး"ဟု ပြောသည်။

    ဆားတန်ချိန်မပြည့်မှီခြင်းကြောင့် စားသောက်ကုန်လုပ်ငန်း၊ ငါးလုပ်ငန်းနှင့် ဆားအသုံးပြုရလုပ်ငန်းတို့ ဆားရရှိရန် ခက်ခဲလာနိုင်ပြီး ပြည်ပမှ ဆားတင်သွင်းမှု လုပ်ဆောင်ရနိုင်ကြောင်း သုံးသပ်သည်။

    မြန်မာနိုင်ငံအတွင်း ဆားလုပ်ငန်းကို ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် အဓိက လုပ်ကိုင်နေကြပြီး နှစ်စဉ်တန်ချိန် ၂၇၀၀၀၀ နီးပါးထွက်ရှိနေသည်။

    ပုံမှန်အားဖြင့် ဆားလုပ်ငန်းများကို နှစ်စဉ်ဧပြီလကုန်အထိလုပ်ကိုင်လေ့ရှိပြီး မိုးရွာသွန်းမှုအပေါ်မူတည်၍ ဆားတောင်သူတို့ မေလလယ်အထိ လုပ်ကိုင်နေကြသည်ဟု သိရသည်။

    ဆားတောင်သူတို့အနေဖြင့် ယခုနှစ်တွင် ဆားထွက်ရှိမှုနှုန်း လျော့ကျလာမှုနှင့်အတူ ဆားဈေးကောင်းမရခင်တွင် ထုတ်လုပ်မှုစရိတ်အတွက် ထုတ်ရောင်းခဲ့သဖြင့် အရှုံးပေါ်နေကြကြောင်း ဆားလုပ်ငန်းရှင်တို့ ပြောဆိုလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks