spot_img
Monday, April 21, 2025
More
    spot_img
    Homeသတင်းအတာရေအေး ပက်ဖျန်းသော်လည်း မအေးချမ်းနိုင်သည့် ပြည်မြန်မာ

    အတာရေအေး ပက်ဖျန်းသော်လည်း မအေးချမ်းနိုင်သည့် ပြည်မြန်မာ

    -

    နေသူရိန်

    ဧပြီလ (၁၈) ရက်နေ့တွင် ဘုရားသုံးဆူမြို့၏ (၂၀၂၅) ခုနှစ်အတာသကြႅန်သည် တူးပို့သံများ တူညီစွာဖြင့် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ (၂၀၂၅) ခုနှစ် မတ်လ (၂၈) ရက်နေ့တွင် ကြီးမားစွာ လှုပ်ခတ်သွားခဲ့သည့် (၇.၇၂) စကေးရှိ ငလျှင်ဒဏ်ကြောင့် မြန်မာပြည်အလယ်ပိုင်းဒေသဖြစ် သော မန္တလေး၊ စစ်ကိုင်း၊ မကွေးစသည့်ဒေသများတွင် ရဟန်းသံဃာများ ပြည်သူလူထုများ ရာပေါင်းများစွာ သေကြေခဲ့ရပြီး ဘုရားစေတီ ပုထိုးများ စာသင်တိုက်များ အဆောက်အဦးများ လူနေအိမ်ခြေ များစွာ ပျက်စီးဆုံးရှုံးခဲ့ကြရသည်။ ပြည်သူလူထုများ ဝမ်းနည်းကြေကွဲခဲ့ရ သည်။ ရဟန်းရှင်၊ လူ ပြည်သူများ သေကြေပျက်စီးဆုံးရှုံးခဲ့ရသည်။ အထိမ်းအမှတ်အနေဖြင့် ဘုရားသုံးဆူးဒေသမှာ (၂၀၂၅) ခုနှစ် ဧပြီလ (၁၄) ရက်နေ့တွင် ကျရောက်သည့် အတာ သကြႅန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပျော်ရွှင်ခြင်း မပြုလုပ်ရန် မြို့လုံခြုံရေးကို တာဝန်ယူထားသည့် DKBA လက်နက်ကိုင်တပ်ဖွဲ့က ဘုရားသုံးဆူဒေသခံများအား အသိပေး ထားခြင်းများလည်းရှိသည်ဟု ကြားသိခဲ့ရသည်။

    သို့သော် မည်သို့ပင် အသိပေးထားခြင်းဖြစ်နေစေကာမူ ဧပြီလ ပထမအပတ်ထဲက စ၍ ဘုရားသုံးဆူမြို့ရှိ နေရာအနှံ့အပြားတွင် သကြႅန်၏ တေးသံများကို ကြားနေရပြီဖြစ်သည်။ တစ်နှစ်မှ တစ်ကြိမ်သာ ကျင်းပပျော်ရွှင်ရသည့် အတာရက်နီးလာသည်နှင့် အမျှ လူတို့၏ စိတ်ဆန္ဒကို ထိန်းချုပ်နိုင်စွမ်း မရှိကြသည်မှာလည်း ဓမ္မတာပင်ဖြစ်သည်မဟုတ်ပါလား။ ရှေးဘိုးဘွား ဘီဘင်များ လက်ထက်ကတည်းက ကျင်းပလာခဲ့သည့် တစ်နှစ်လွန်မြောက်၍ တစ်နှစ်ကူးသည့် အထိမ်းအမှတ်ပွဲတော်လည်း ဖြစ်နေပြန်တော့ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခြင်းမပြုရန် မည်သို့ပင် တားမြစ်ထားသော်လည်း လူသားတို့၏ ဆန္ဒကို ထိန်းချုပ်နိုင်စွမ်း မရှိခဲ့တာတော့ အမှန်ပင်ဖြစ်ပေသည်။

    ငလျှင်ဒဏ်သင့်သူများကို လူသားခြင်းစာနာထောက်ထားသောအနေဖြင့် အတာသကြႅန်ကို ဓလေ့ထုံးတမ်းအစဉ်အလာများဖြစ်သော ဘုရားသွား ကျောင်းတက် ကုသိုလ်ကောင်းမှု အလှု အတန်းများ ပြုလုပ်ရန်မျှသာ ခွင့်ပြုထားသော DKBA လက်နက်ကိုင်တပ်ဖွဲ့၏ စေတနာ ကိုလည်း နားလည်သဘောပေါက်မိသည်။ သို့သော် (၂၀၂၅) ခုနှစ် ဘုရားသုံးဆူမြို့၏ အတာ သကြႅန်ကိုတော့ မည်သို့မှ တားဆီးထိန်းချုပ်နိုင်ခဲ့ခြင်း မရှိပါပေ။ ယခင် စစ်အစိုးရ အုပ်ချုပ် စဉ်ကာလများကဲ့သို့ မြို့ထဲတွင် အလှပြိုင်မဏ္ဍပ်များ ဗဟိုမဏ္ဍပ်များ ပြုလုပ်ခြင်းမရှိသော် လည်း သူ့ရပ်ကွက်နှင့်သူ ရေကစားမဏ္ဍပ်များမှာ ယခင်ကာလ အတာသကြႅန် မဏ္ဍပ်များ ထက် များပြားလျှက်ရှိသည်။ လျှပ်စစ်မီး ပြတ်တောက်နေသော်လည်း အင်ဂျင်မီးစက်ကြီးများ ဆိုလာမီးများနှင့် ကားကြီး၊ ကားငယ် အသွယ်သွယ်တို့မှာလည်း မြေကြီးတုန်ဟီးမတတ် ဆောင်းဘောက်ကြီးများဖွင့်ကာ ရိုးရာသကြႅန်တေးသီချင်းများ၊ DJ ခေတ်ပေါ်သကြႅန် တေးသီချင်းများ အပြိုင်အဆိုင်ဖွင့်ကာ သူ့ထက်ငါ အလုအယက် နှင့် ကခုန်မြူးတူး ပျော်ပါးနေကြသည်များလည်း အတာသကြႅန်၏ အနှစ်သာရကို တစ်မျိုးပေါ်လွင်စေပါသည်။

    ဗုဒ္ဓဘာသာဝင်တို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများအရ အတာသကြႅန် အကြိုနေ့မရောက် ခင်ထဲက မိဘဘိုးဘွားများ သက်ကြီးရွဟ်အိုများ လှုဘွယ်ဝတ္ထုတခုခုတို့ဖြင့် အိမ်တိုင်ရာ ရောက် သွားရောက်ကန်တော့ခြင်း၊ တနှစ်တာကာလအတွင်း ကာယကံ၊ ဝစီကံ၊ မနောကံ များဖြင့် ကျူးလွန်မိထားသမျှတို့ကို ပြေပျောက်ပါရစေခြင်း အကျိုးငှာ ဝန်ချ တောင်းပန် ကန်တော့ခြင်းများကို ပြုလုပ်ကြရသည်။ မြို့တွင်းရှိ စတုဒီသာမဏ္ဍပ်များ တွင်လည်း သကြႅန် ထမင်းများ မုန့်လက်ဆောင်းများ မုန့်လုံးရေပေါ်များ ရွှေရင်အေးများ မုန့်ဟင်းခါး များကို အလှုအတန်းပြုလုပ် ကျွေးမွေးနေကြသည်မှာလည်း စားမကုန် သောက်မကုန်အောင် အားရကျေနပ်ဖွယ် ရှိလှပါသည်။

    ဧပြီလ (၁၃) ရက်နေ့ သကြႅန်အကြိုနေ့မှစ၍ သက်ကြီးရွယ်အိုများ လူရွယ်လူငယ်များတို့သည် လည်း လှုဖွယ်ဝတ္ထုများနှင့် ဘုရားကျောင်းကန်သွား၍ ဒါနပြုခြင်း သီလဆောက်တည် ခြင်းများကို ပြုလုပ်နေကြသည်ကိုလည်း ကြည်နူးဖွယ်ရာ တွေ့မြင်နေရပေသည်။ သကြႅန် အကြိုနေ့ မွန်းလွဲတစ်နာရီအချိန် လောက်မှစ၍ အရွယ်သုံးပါးမရွေး အရောင်အသွေး စုံလင် စွာနှင့် မြို့လုံးပြည့်အနှံ့ ရေပက်ခံထွက် ရေကစားကြသည်။ သူ့ ငါပက် ငါ့သူပက်နှင့် ကခုန် ပျော်ရွှင်ကြသည်၊ သောက်စားမူးယစ်နေကြသူများလည်းရှိသည်၊ သီဆိုကခုန်နေကြ သူများ လည်း ရှိသည်။ ဘုရားသုံးဆူမြို့နှင့် (၁၅) ကီလိုမီတာခန့် ကွာဝေးသော ချောင်းဆုံ ကျေားရွာ ရေချောင်းတွင်လည်း ဈေးရောင်သူများ ရေကစားသူများ သောက်စားနေကြသူများ နှင့် ပို၍ စည်ကားနေသည်။ ချောင်းဆုံကျေးရွာနှင့် (၃) ကီလိုမီတာခန့်ကွာဝေးသည့် ထီ့လောင်ယှူး သဘာဝရေတံခွန်တွင် အသဲကောင်း၍ ပွဲတောင်းသည့်ဖောက်သည်များအတွက် ရိုးရာ လက်ဝှေ့ပွဲကို DKBA က ကြီးမှူး၍ ကျင်းပပေးခဲ့သည်။

    ယခင်နှစ်များထက် ပိုမို၍ စည်ကားနေသော ဘုရားသုံးဆူသကြႅန်တွင် မြို့တွင်း ရေကစား မဏ္ဍပ်များတွင်၎င်း၊ မိန်းလမ်းမကြီးနှင့် ရပ်ကွက်အတွင်းရှိ မဏ္ဍပ်များတွင်၎င်း၊ ဘုရားသုံး ဆူမြို့မှ ချောင်းဆုံကျေးရွာသို့ သွားသည့်လမ်းတလျှောက်တွင်၎င်း၊ ချောင်းဆုံ ရေးကစားသည့် နေရာတွင်လည်း၎င်း DKBA လက်နက်ကိုင်တပ်ဖွဲ့ဝင်တို့က ထိမ်းသိမ်း စောင့်ရှောက်နေ ကြလျှက်ရှိသည်။ မော်တော်ယာဉ်များ မော်တော်ဆိုင်ကယ်များ လူများ ကြိတ်ကြိတ် စည်းကားနေကြ ကခုန်နေကြ မူးယစ်သောက်စားနေကြသော်လည်း ယခင်နှစ်များသကဲ့သို့ ခိုက်ရန် ဖြစ်ပွားခြင်းမရှိသည်ကိုလည်း အံ့သြစွာ တွေ့မြင်ခဲ့ရသည်။ အတာသကြႅန်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပခြင်းမပြုရန် တားမြစ်ထားသည့် DKBA လက်နက်ကိုင်တပ်ဖွဲ့ သည်လည်း လူထု၏ ဆန္ဒကို လွန်ဆန်နိုင်ခြင်းမရှိပဲ အန္တရာယ်တစ်စုံ တစ်ရာမဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်နေခြင်းကိုလည်း ကျေးဇူးတင်စွာ တွေ့မြင်ခဲ့ရ သည်။

    ကျွန်ပ်တို့ငယ်ရွယ်စဉ်က အတာသကြႅန်တွင် အောင်သပြေခက်များ အမွေးနံ့သာရေများနှင့် အေးစေကြောင်း ဆုတောင်းကာ ပက်ဖျန်းနေကြသည်ကို တွေ့မြင်မှတ်သားခဲ့ရပါသည်။ ပြောင်းလဲလာသည့် ခေတ်ကာလအနေအထားနှင့် ယခုမျက်မှောက်ခေတ်တွင် တစ်နှစ်မှ တစ်ခါသာ ရေကစားပျော်ရွှင်ရသည့် အတာသကြႅန်ကတော့ ကျွန်ပ်တို့ငယ်ရွယ်စဉ်ကာလက သကြႅန်ကဲ့သို့ မဟုတ်တော့ပေ၊ ဆုတ်ဘက်သို့ ရောက်ရှိလာပြီးဖြစ်သော သာသနာတွင် အတာသကြႅန်ကို ယဉ်ကျေးသိမ်မွေ့စွာ ကစားကြခြင်း မရှိတော့ပေ၊ လူငယ်လူရွယ်များ သာမက သက်ကြီးရွယ်အိုများပင် ခေတ်နှင့် လျှော်ညီစွာ မပေါ်တပေါ် အဝတ်အစားများ ဝတ်ဆင်ကာ မူးယစ်သောက်ခြင်း ကခုန်နေကြသည်ကိုလည်း ဘုရားသုံးဆူမြို့၏ အတာ သကြႅန်တွင် တွေ့မြင်ခဲ့ရသည်။

    အတာသကြႅန်၏ အကြတ်နေ့ဖြစ်သော ဧပြီလ (၁၅) ရက်နေ့တွင် ဘုရားသုံးဆူမြို့ အမှတ် (၁) ရပ်ကွက်ရှိ စတုဒီသာမဏ္ဍပ်တွင် အလှုရှင်များက ဒါနပြု ကျွေးမွေးသော စတုဒီသာ အစား အစာများကို စားသောက်နေစဉ် မဏ္ဍပ်အတွင်း ဆောင်းဘောက်မှ ဖွင့်ထားသော သကြႅန် တေးသီချင်းတစ်ပုဒ်ကို ကြားလိုက်ရပါသည်။ တေးရေး မည်သူမှန်း မသိသော်လည်း ကြားလိုက်ရသည့်တေးသွား၏ အဓိပ္ပါယ်ကို ကျွန်ပ်၏အာရုံတွင် ခံစားမိပါသည်။ သကြႅန်တေး သွားကတော့ “မြူမှောင်ဝေကင်း ငွေအဆင်းဆန္ဒ ပြည်ထောင်တိုင်းမြန်ပြည် ငြိမ်းချမ်း အောင်ဆု သွန်းခါရေ အေးစေကြောင်း လောင်းတဲ့လုံမေ အေးအေးချမ်းချမ်း ရှိကြပါစေ” တဲ့၊ ကြားလိုက်မိတဲ့ တေးသွားလေးကြောင့် တေးရေးဆရာရဲ့ ရည်ရွယ်ချက်ကို ကျွန်ပ်၏ စိတ် အစဉ်ထဲတွင် သရုပ်ဖေါ်မိသည်။ မြန်မာပြည်ကြီး အေးချမ်းအောင် တေးရေးဆရာကို ဂုဏ်ပြုပါ တယ်။ သို့သော် မင်းကျင့်တရား (၁၀) ပါး၊ နာယကဂုဏ် (၆) ပါးတို့နှင့် ကိုက်ညီမှု မရှိသည့် အာဏာရူးရူးနေသည့် အာဏာရှင်စစ်အစိုးရရဲ့ မြန်မာပြည်သူလူထုကို နှိပ်ကွပ်အုပ်ချုပ် နေသည့်ကာလ၊ အာဏာရှင်ကို အမြစ်ပြတ်တော်လှန်မည်ဟု ကြွေးကြော်ကာ ဘယ်အချိန် ဘယ်အခါမှ အောင်မြင်မည် မသိရသော ငါနှင့်မတူ ငါ့ရန်သူဟု သတ်မှတ်ကာ နုတ်ဖျားမှ ထွက်သောအမိန့်၊ အာဏာများနှင့် အာဏာရှင်ဆန်ဆန် ကြားခံပြည်သူများအား နှိပ်ကွပ်နေ သော လက်နက်ကိုင်တော်လှန်ရေးဟု အမည်တပ်ထားသော အဖွဲ့အစည်းများကြားတွင် ကြားခံပြည်သူတို့၏ အနေအထားသည် အတာရေးအေး မည်မျှပင် ပက်ဖျန်းနေပါစေ ပြည်မြန် မာကြီး အေးချမ်းသာယာမည်မဟုတ်ကြောင်းကိုလည်း ဆင်ခြင်သုံးသပ်မိပေသည်။

    ၂၀၂၅ ခုနှစ် ဘုရားသုံးဆူမြို့၏ အတာသကြႅန်ကတော့ အေးချမ်းစွာဖြင့် ပြီးဆုံးသွားခဲ့ပြီဖြစ် သည်။ အတာသကြႅန် ပြီးမြောက်၍ နှစ်သစ်ကူးသည့်နေ့ဖြစ်သည့် ဧပြီလ (၁၇) ရက် နှစ်ဆန်း ရက်နေ့နှင့် ဧပြီလ (၁၈) ရက်နေ့ နှစ်ဆန်းနှစ်ရက်နေ့များတွင် ဘုရားသုံးဆူမြို့ရှိ ရပ်ကွက် များတွင် သံဃာတော်များအား ပင့်ဖိတ်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များ ကမ္မဝါစာများ ရွတ်ဖတ်ခြင်းများနှင့် ပတ်သက်ပြီး ပူဇော်ပွဲများကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့ကြပြီး နှစ်သစ်မှာ ဘေးဘယာများ ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သကာ ၂၀၂၅ အတာသကြႅန် အား အဆုံးသတ်ခဲ့ကြပေသည်။

    စာရေးသူ၏ မှတ်ချက်။ ။ မည်သူတို့မျှ ထိခိုက်အောင် မရည်ရွယ်ပါ၊ သရုပ်ပျက်သကြႅန်ကို ပြန်လည်ဖေါ်ကျူးခြင်းမျှသာဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    34,100SubscribersSubscribe
    spot_img

    Latest posts