spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းငလျင်ကြောင့် သင်္ကြန်လွန်ရုံးဖွင့်ရက်တွင် ဌာနဆိုင်ရာလုပ်ငန်းတို့ရပ်ဆိုင်းနေဆဲ

    ငလျင်ကြောင့် သင်္ကြန်လွန်ရုံးဖွင့်ရက်တွင် ဌာနဆိုင်ရာလုပ်ငန်းတို့ရပ်ဆိုင်းနေဆဲ

    -

    အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်ရှိ စစ်ကောင်စီ ဝန်ကြီးဌာနရုံးများကို အပြောင်းအရွေ့လုပ်ဆောင်နေစဉ် ရုံးလုပ်ငန်းလည်ပတ်နိုင်ခြင်းမရှိဘဲ ရပ်ဆိုင်းနေဆဲဖြစ်ကြောင်း မြို့နယ်အဆင့် ဌာနဆိုင်ရာ ရုံးတို့မှတစ်ဆင့် သိရသည်။

    နေပြည်တော်မှ နိုင်ငံခြားရေးဌာနရုံးအပါအဝင် ဗဟိုဘဏ်၊ ဟိုတယ်နှင့်ခရီးသွားလာရေး၊ လူဝင်မှုကြီးကြပ်ရေးရုံးများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးစသည့် ဌာနဆိုင်ရာရုံးတို့ကို စစ်ကောင်စီမှ ရန်ကုန်သို့ ယာယီပြောင်းရွေ့ရန် စီစဉ်လျှက်ရှိကြောင်း သတင်းများထွက်ပေါ်လျှက်ရှိသည်။

    ထိုသို့အပြောင်းအရွေ့လုပ်ဆောင်နေသဖြင့် လူဝင်မှုကြီးကြပ်ရေးရုံးမှ စမတ်ကတ်ပြုလုပ်ခြင်းနှင့် အချက်အလက်ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခြင်းမရှိကြောင်း စမတ်ကတ်ပြုလုပ်လျှောက်ထားသည့် ရေးမှဒေသခံတစ်ဦးက ပြောသည်။

    "ဆက်သွယ်ရေးလိုင်းမကောင်းဘူးလို့ပဲပြောတယ်၊ ရုံးကတော့ဖွင့်တယ်လေ လုပ်ပေးလို့မနိုင်ဘူး၊ လုပ်မရဘူးလို့ပြောပြီး ပြန်လွှတ်တာများတယ်၊ မှတ်ပုံတင်လဲတာတို့ စမတ်ကတ်အချက်အလက်ပြင်တာတို့ဆို အချိန်အတိုင်းတာတစ်ခုထိ ကြာမယ်လို့လည်းပြောတယ်"ဟု ဆိုသည်။

    နေပြည်တော်တွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် ထိခိုက်၊ သေဆုံးမှုအရေအတွက်များပြားခဲ့သည့်အပြင် ပြိုကျပျက်စီးခဲ့ရသည့် အဆောက်အအုံတို့တွင် စစ်ကောင်စီ၏ ဝန်ကြီးဌာနရုံးနှင့် ဝန်ထမ်းအိမ်ယာတို့ိလည်း အများအပြားပါဝင်နေသည်။

    အထူးသဖြင့် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေး၊ နိုင်ငံခြားရေး၊ လူဝင်မှုကြီးကြပ်ရေးတို့ အလုံးစုံ ပျက်စီးခဲ့ကြောင်းလည်း ဌာနဆိုင်ရာဝန်ထမ်းအသိုင်းဝိုင်းမှ သိရသည်။

    လက်ရှိ ဌာနဆိုင်ရာလုပ်ငန်းတို့ လည်ပတ်ရန်ခက်ခဲနေစဉ် ဂျပန်နိုင်ငံသို့ သွားရောက်နေထိုင်ခွင့် ဗီဇာသက်တမ်းရရှိတားပြီးသူ မြန်မာနိုင်ငံသားများအတွက် ကာလရှည်နေထိုင်ခွင့်လက်မှတ်(COE) သက်တမ်းကို သုံးလမှ ခြောက်လသို့သက်တမ်းတိုးပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပါန်သံရုံးမှ ဧပြီလ ၈ ရက်နေ့ကထုတ်ပြန်ထားသည်။

    ထိုသို့ လျှော့ပေါ့ သက်တမ်းတိုးပေးထားသည့်ကာလမတိုင်မီ ဌာနဆိုင်ရာလုပ်ငန်းတို့မလည်ပတ်နိုင်မည်ကို စိုးရိမ်နေကြောင်း ဂျပန်နိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေသူတစ်ဦးက ဆိုသည်။

    “ COE လက်မှတ်ရပြီးမှ OWIC ကတ်နဲ့ ဗီဇာတွေကို လျှောက်လို့ရမယ်။ ဒီ COE သက်တမ်းမကုန်ခင်မှာ OWIC ကတ်ရမှ အဆင်ပြေမယ်။ ဒီကတ်က မရဘူးဆိုရင် ဘာမှလုပ်မရဘူး၊ အခုက ၆ လသက်တမ်းကုန်လို့ ဌာနဆိုင်ရာတွေ မလုပ်ပေးရင် အဆင်မပြေဘူး” ဟု အထက်ပါသူက ပြောသည်။

    အဆိုပါ COE လက်မှတ် သက်တမ်းကုန်သွားမည်ဆိုပါက အလုပ်သမားများအနေဖြင့် ပြန်လည်လျှောက်ထားရန် အချိန်၊ ငွေကြေးကုန်ကျမှုများသည့်အပြင် လိုအပ်သည့် စာရွက်စာတမ်းလုပ်ငန်းစဉ်များ ပြန်လည်ပြင်ဆင်လုပ်ဆောင် ရမည်ဖြစ်သဖြင့် အလုပ်အကိုင် အခွင့်အလမ်းအပေါ် ထိခိုက်မည်ကို စိုးရိမ်မိကြောင်း ဆက်ပြောသည်။

    နေပြည်တော်တွင် ဝန်ထမ်းနေအိမ်အပျက်အစီး စုစုပေါင်း ၁၀၀၀ ကျော်ရှိနေပြီး ပြန်လည်ပြင်ဆင်ရန် စာရင်းထွက်ရှိလာပြီးဖြစ်သည်။ ထိုစာရင်းတွင် အနီရောင်အဆင့်ရှိသည့် ပြိုကျပျက်စီးပြီး လူနေရန်မသင့်သည့် ဝန်ထမ်းနေအိမ် ၆၁၀ လုံးရှိပြီး အကြီးစားပြင်ဆင်ရန်လိုအပ်သည့် ၉၄၆ လုံးရှိကြောင်း စာရင်းတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks