ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ သရက်တောကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ယနေ့ (ဧပြီလ ၁၇ ရက်နေ့) နံနက် ၈ နာရီကျော်အချိန်ခန့်က တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် သရက်တောကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ဘာတိုက်ပွဲမှ မဖြစ်ဘူး။ ဒီတိုင်းကြဲချလိုက်တာ၊ လေယာဉ်ကနေ ဗုံးသီးနှစ်လုံး ပစ်ချလာတာ။ အဲဦးလေးကတော့ နေရာမှပဲ ပွဲချင်းပွဲ သေဆုံးသွားတယ်။ ကလေးနှစ်ယောက်ကလည်း ထိခိုက်ရသွား ကြတယ်” ဟု သရက်တောရွာခံတစ်ဦးက ပြောသည်။
ထိုနောက် ကမ်းနီးကျေးရွာကို လေယာဉ်ဖြင့် ဗုံးသီးများ ထပ်မံကြဲချတိုက်ခိုက်ခဲ့ပြီး လူထိခိုက်သေဆုံးမှုများ ရှိသည်ဟု ကြားသိသော်လည်း အရေအတွက် မသိရှိသေးကြောင်း ကမ်းနီရွာခံတို့က ပြောသည်။
“ဒီနေ့ ၈ ခွဲလောက်က ကမ်းနီးရွာလယ်ပိုင်းကိုလည်း ဗုံးသီးနှစ်လုံး ထပ်ကြဲချလိုက်တယ်။ လူထိတယ်လို့ ပြောနေကြတယ်။ ဒါပေမဲ့ အကုန်ရှောင်နေကြရတော့ တိတိကျကျတော့ မသိသေးဘူး။ ပြီးတော့ အဲလေယာဉ်က သရက်တောဘက်ကို သွားပစ်တယ်။ လူထိတယ်လို့ ကြားတယ်” ဟု ကမ်းနီရွာခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ကျုံဒိုးမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် စစ်ကောင်စီက အင်အားရာနှင့်ချီ ဖြည့်တင်းလာနေသည့်အတွက် တိုက်ပွဲပိုမိုပြင်းထန်လာနိုင်သည့် အနေအထား ရှိကြောင်း ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့တို့က ပြောသည်။
“အခုအနေအထားမှာက ကျုံဒိုးကနေ ကျားကလေးအထိကို စစ်ကောင်စီက အင်အားအများအပြား ချထားတယ်။ ဒီဂျိုင်းတံတားအပေါ်မှာ အင်အား ၂၀၀ ထက်မနည်းရှိတယ်။ ပြီးတော့ ကျားကလေးလမ်းဆုံမှာလည်း အင်အား ၁၅၀ ရှိမယ်။ ပြီးတော့ ကျုံဒိုး ၅၄၅ တပ်ရင်း၊ ၅၄၆ တပ်ရင်းကနေလည်း အင်အားအများကြီး ထုတ်လာတယ်။ တပ်သားသစ်တွေကိုပေါ့။ တိုက်ပွဲကတော့ ပိုပြင်းထန်လာဖို့တော့ ရှိတယ်” ဟု ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးအနားတစ်ဝိုက်ရှိ ကျေးရွာများကို စစ်ကောင်စီက လေယာဉ်ဖြင့်လည်းကောင်း၊ လက်နက်ကြီးဖြင့်လည်းကောင်း အဆက်မပြတ်ပစ်ခတ်နေပြီး အများပြည်သူများ သွားလာနေထိုင်ရာ ဘာသာရေးအဆောက်အုံ၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်းနှင့် နေအိမ်အဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေသည့်အတွက် ကျုံဒိုးအနီးအနားရှိ မိဘပြည်သူများအပြင် အခြားဒေသများရှိ ပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် သွားလာနေထိုင်ကြပါရန် တော်လှန်ရေးအဖွဲ့တို့က တိုက်တွန်းထားသည်။
