spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းကျုံဒိုးမြို့အနီးရှိ သလွဲထော်ရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ အမျိုးသားတစ်ဦး သေဆုံး

    ကျုံဒိုးမြို့အနီးရှိ သလွဲထော်ရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ အမျိုးသားတစ်ဦး သေဆုံး

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးအနားရှိ သလွဲထော်ကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး ကလေးအပါအဝင် ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်ဟု သိရသည်။

    ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် သလွဲထော်ကျေးရွာကို စစ်ကောင်စီက YAK-130 လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးသီးများ ကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

    “ဒီနေ့ မနက်မှာ လာကြဲတယ်။ ဘယ်နှလုံး ပစ်ချလိုက်လဲတော့ မသိဘူး။ အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ယောက်ကတော့ တစ်ခါတည်း သေသွားတယ်။ ဗုံးစတွေက ကလေးရော ထိသွားတယ်။ ကလေးက လက်တစ်ဖက် ပြတ်သွားတယ်။ အခြားလူတွေကလည်း ထိသွားကြတယ်။ တိုက်ပွဲတော့ မဖြစ်ဘူး။ ဒီတိုင်းပဲ လာပစ်ချတာ။ ဒဏ်ရာရသူတွေက အခုဆေးရုံးမှာ ပို့ထားကြတယ်။ ပေါင် ၅၀၀ ဗုံးဖြစ်မယ်၊ အကြီးကြီးပဲလေ။ ပြီးတော့ အိမ်တွေရော၊ ဘုန်းကြီးကျောင်းရော ထိမှန်သွားတာ ရှိတယ်” ဟု သလွဲထော်ရွာခံတစ်ဦးက ပြောသည်။

    ယမန်နေ့ ဧပြီလ ၁၇ ရက်နေ့ နံနက် ၈ နာရီကျော်အချိန်ခန့်ကလည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကော့ကရိတ်မြို့နယ်၊ သရက်တောကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဗုံးစများ ထိမှန်ပြီး သုံးဘီးမောင်းသူ အမျိုးသားတစ်ဦးက ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

    ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်ကလည်း ကော့ကရိတ်မြို့နယ်ရှိ မြောက်ကမ္မရိုက်ကျေးရွာကို စစ်ကောင်စီက Y-12 လေယာဉ်ဖြင့် ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့သည့် အတွက် ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံးပြီး ကလေးအပါအဝင် ၄ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

    စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကျုံဒိုးမြို့အနီးအနားရှိ ကျေးရွာများကို ယနေ့ချိန်အထိ လေယာဉ်ဖြင့် ဆက်လက်တိုက်ခိုက်နေသည့်အတွက် လေကြောင်းအန္တရာယ် ဂရုပြုကြပါရန် တော်လှန်ရေးအဖွဲ့တို့က တိုက်တွန်းခဲ့သည်။

    လက်ရှိတွင် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးအနားရှိ ကမ်းနီရွာအပါအဝင် ကျေးရွာ ၅ ရွာထက်မနည်းရှိ ဒေသခံပြည်သူ ရာနှင့်ချီတို့က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks