မြေငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသည့် မန္တလေးနှင့်စစ်ကိုင်းတိုင်းဒေသရှိ ငလျင်ဘေးသင့် ဒေသအချို့တို့တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆိုင်းငံ့ထားကြပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ စတင်ဆောင်ရွက်နေပြီးဖြစ်ကြောင်း မြေပြင်၌ကူညီနေသည့်ပရဟိတအဖွဲ့တို့မှတစ်ဆင့် သိရသည်။
မတ်လ ၂၈ ရက်နေ့တွင်ပြင်းအား ရစ်ချ်တာစကေး ၇.၇ ရှိသည့် ငလျင်လှုပ်ခတ်ဒဏ်ကြောင့် လူပေါင်းသုံးထောင်ခြောက်ရာကျော်သေဆုံးပြီး စာရင်းအချက်လက်များအရ လူပေါင်းရာနှင့်ချီပျောက်နေဆဲဖြစ်သည်။
သို့သော်လည်း ပြည်တွင်း၊ပြည်ပ အရေးပေါ်ကူညီဆယ်ရေးအဖွဲ့တို့မှ ပျောက်ဆုံးနေသူများကို အဆင့်မြင့်နည်းပညာဖြင့်စမ်းသပ်ပြီးနောက် အသက်ရှင်ကျန်ရစ်သူမရှိသည့်အခြေအနေသို့ရောက်ရှိလာသဖြင့် ရှင်းလင်းရေးနှင့် လူသားချင်းစာနာမှု ကူညီထောက်ပံ့ရေးတို့သာ ပိုမိုလုပ်ဆောင်လာကြောင်း မော်လမြိုင်အခြေစိုက် မန္တလေးရောက် ငလျင်ဘေးကူညီကယ်ဆယ်ရေးအဖွဲ့မှ ဘိုဘိုဝင်းပရဟိတအဖွဲ့ကဆိုသည်။

“အခုလက်ရှိက ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေဖြစ်တယ်။ အန္တရာယ်ရှိတဲ့မူလအဆောက်အဦးတွေကို စက်ယန္တရားနှင့်ဖြိုချတယ်။ ဆေးရုံဆေးခန်းမှာရှိတဲ့လူနာတွေကိုလည်း ထောက်ပံ့မှုတွေပြုလုပ်ပေးနေတယ်။ မီးတွေပြန်လည်ရရှိဖို့လုပ်ဆောင်နေတယ်။ ကိုယ်ရဲ့ကိုယ်ပိုင်မြေကွက်တွေပြန်လည်ရရှိဖို့ ရှင်းလင်းမှုတွေလုပ်ဆောင်ပေးနေတယ်၊ ပြန်ဆောက်မဲ့အပိုင်းကတော့ မိမိဆောက်ချင်တဲ့ပုံစံအတိုင်းဆောက်ပေါ့။ မဆောက်နိုင်တဲ့လူက သက်ဆိုင်ရာအစိုးရတာဝန်ယူပြီးဆောက်လုပ်ပေးမယ်လို့သိရတယ်ဗျ ” ဟုဆိုသည်။
လက်ရှိတွင် ငလျင်ဘေးကြောင့်ပျက်စီးသွားသည့် ဆေးရုံ၊ ဆေးပေးခန်းများ၊ ဿသနာအဆောက်အအုံများ၊ အန္တရာယ်ရှိနိုင်သည့်တိုက်မြင့်အဆောက်အဦးများကို ကနဦး ဖယ်ရှားရှင်းလင်းရေးလုပ်ဆောင်နေကြောင်းဆက်လက်ပြောထားသည်။
ထို့အပြင် မန္တလေးတွင် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးသည့် နေအိမ်အဆောက်အအုံတို့ကို ရှင်းလင်းရေးအတွက် ယာဉ်ယန္တရား၊ လူအင်အားတို့ဖြင့် အခမဲ့စီစဉ်ဆောင်ရွက်ပေးနေကြာင်း မန္တလေးမြို့တော် စည်ပင်သာယာရေးမှ သတင်းထုတ်ပြန်ထားသည်။
သို့သော်လာမည့် ပြန်လည်ထူထောင်ရေးကဏ္ဍတွင် ထိထိရောက်ရောက်လုပ်ဆောင်နိုင်ရန် ဘက်ပေါင်းစုံမှ အဖွဲ့အစည်းအသီးသီးတို့၏ ပံ့ပိုးကူညီမှုများစွာလိုအပ်နေသေးကြောင်း စစ်ကိုင်းဒေသတွင်ကူညီနေသည့် မွန်ပြည်နယ်မှပရဟိတအဖွဲ့ဝင်တစ်ဦးကထောက်ပြ ပြောဆိုထားသည်။
“ပြန်လည်ထူထောင်ရေးအပိုင်းမှကြန့်ကြာနိုင်တယ်လို့တွေ့ရတာရှိတယ်။ ဥပမာ စစ်ကိုင်းတောင်ရိုးဘက် သီလရှင်ကျောင်းတွေက အလှုရှင်တွေ သိပ်ရှိမဲ့ပုံလည်းမပေါ်ဘူး။ နေအိမ်တွေပြိုကျသွားတဲ့ တော်တော်များက တကယ့်သူဌေးတွေဖြစ်တဲ့အတွက် စိတ်ပူစရာတော့မရှိဘူး။ ဒါပေမဲ့ ဒီသီလရှင်ကျောင်းတွေက အစိုးရတွဘယ်လိုပုံစံနဲ့လုပ်ပေးမယ်ဆိုတာကို မသိရသေးဘူး။” ဟုဆိုသည်။
လက်ရှိတွင် ငလျင်ဘေးကြောင်း မိဘဆုံးရှုံးခဲ့ရသည့် ကလေးငယ်များ၊ နေအိမ်ပြန်လည်တည်ဆောက်ရန်ခက်ခဲသည့် လက်လုပ်လက်စားလူတန်းစားနှင့် ဒဏ်ရာကြောင့် မသန်စွမ်းဖြစ်ခဲ့ရသူတို့တွင် အကူအညီများစွာလိုအပ်နေဆဲဖြစ်သည်။
ထိုသို့ အမှန်တကယ်အကူအညီလိုအပ်နေသည့် ငလျင်ဒဏ်သည့် မြန်မာပြည်သူလူထုတို့ထံ အကူအညီအသေအချာ ရောက်ရှိစေမည့် နည်းလမ်းများကို ရှာဖွေကာ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးပို့ရန် NUG မှ နိုင်ငံတကာအဖွဲ့အစည်းတို့ထံ တိုက်တွန်းထားသည်။
စစ်ကောင်စီအစိုးရဘက်မှလည်း ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးခဲ့သူများအတွက်တစ်ဦးလျှင် ကျပ် ဆယ်သိန်းခန့်သာထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းကို ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် စစ်ခေါင်ဆောင်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကပြောကြားထားသေးသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ နေ့လည်က လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင်အပါအဝင် ယနေ့ ဧပြီလ ၈ ရက်နေ့အထိ နောက်ဆက်တွဲငလျင် အကြိမ် ၁၀၀ ထက်မနည်း လှုတ်ခတ်ခဲ့သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
မိုးလေဝသဌာနတို့၏ ထုတ်ပြန်ချက်အရ ငလျင်ဒဏ်သင့်ဒေသတို့တွင် မိုးရွာသွန်းမှုနှင့်လေပြင်းတိုက်ခိုက်နိုင်သည့်အလားလာရှိနေပြီး ဒေသခံတို့က လမ်းမများ ကွင်းပြင်များတွင် ယာယီတဲထိုးကာနေထိုင်နေရဆဲဖြစ်သည်။