spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီလက်အောက် ပြန်နေရမည်ကို လားရှိုးဒေသခံများ စိုးရိမ်နေ

    စစ်ကောင်စီလက်အောက် ပြန်နေရမည်ကို လားရှိုးဒေသခံများ စိုးရိမ်နေ

    -

    မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို တရုတ်ဖိအားကြောင့် စစ်ကောင်စီထံ ပြန်လည်ပေးအပ်မည့်အပေါ် ဒေသခံများ စိုးရိမ်နေကြသည်။

    တရုတ်အစိုးရ၏ နယ်စပ်ဂိတ်များ ပိတ်ပင်မည်ဆိုသည့် ဖိအားကြောင့် MNDAA က လားရှိုးမြို့ကို ဧပြီလအတွင်း စစ်ကောင်စီထံ ပြန်အပ်ရမည်ဟု MNDAA သတင်းရင်းမြစ်က အတည်ပြုသည်။

    လားရှိုးမြို့ပေါ် ၁၂ ရပ်ကွက်ကို စစ်ကောင်စီက အုပ်ချုပ်မည်ဖြစ်ပြီး လားရှို့မြို့အနီးတွင် MNDAA တပ်များက ဆက်စိုးမိုးထားမည်ဟု သိရသည်။

    “ဒေသခံတွေကတော့ ပြန်မဆုတ်စေချင်ဘူးပေါ့နော်။ ကျနော်တို့ကိုယ်တိုင်လည်း မြို့ခံတစ်ယောက် ဖြစ်နေတော့ မြို့ခံတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ပြန်မဆုတ်စေချင်ဘူးပေါ့။ ဒါပေမယ့်လည်း ဒီအခြေအနေက ဘာမှမတတ်နိုင်တဲ့အခြေအနေဆိုတော့ ဒီတိုင်းပဲ ကြည့်နေရတာပေါ့” ဟု MNDAA သတင်းရင်းမြစ်က ပြောသည်။

    လက်ရှိတွင် MNDAA ၏ အရပ်ဘက်ဝန်ထမ်းများ စတင်ပြောင်းရွှေ့မှုများရှိနေပြီး ကျန်းမာရေးဝန်ထမ်းများ စတင်ပြောင်းရွှေ့မည်ဟု သိရသည်။

    “ကျန်းမာရေးတွေက ဒီလ ၂၁ ရက်နောက်ဆုံး ရွှေ့ကြမယ်။ အခု သူတို့ (MNDAA) ဆက်ယူထားတဲ့နယ်မြေတွေ သွားချင်ရင် သွားလို့ ရတယ်လို့ သူတို့ဘက်က ပြောထားပြီးပြီ။ တချို့ စစ်တပ်ရဲ့ဝန်ထမ်းတွေလဲ ပြန်ရောက်နေကြတယ်။ ထွေအုပ်တို့၊ ပြန်ဆက်တို့၊ ရုံးတော့မထိုင်သေးဘူး။ ဆေးရုံကတော့ သင်္ကြန်နဲ့အတူစပိတ်မယ်” ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

    လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီတပ်၏ ဝန်ထမ်းများ အစားထိုးဝင်ရောက်လာမည်ကို ဒေသခံများက အဓိက စိုးရိမ်နေသည်။

    “ဒီကနေ တိုက်ပွဲ ဖြစ်လို့ ထွက်ပြေးသွားတဲ့ Non တွေက ပြန်လာအုပ်ချုပ်မယ်ဆိုတော့ ကျွန်မတို့က သူတို့​ပြောသလို လိုက်လုပ်ရတော့မှာ။ နဂိုထဲက သူတို့တွေ အုပ်ချုပ်မှာကို မလိုချင်လို့ တော်လှန်ရေးကို ထောက်ခံခဲ့တာ။ အခုကျွန်မတို့ကို စစ်တပ်လက်အောက်ပြန်ပေးခဲ့မယ်ဆိုတော့ ကျွန်မတို့ရဲ့ လုံခြုံရေးကိုလည်း စဉ်းစားပေးစေချင်တယ်” ဟု ​လားရှိုးဒေသခံတစ်ဦးက ပြောသည်။

    လားရှိုးမြို့ကို MNDAA နှင့်ပူးပေါင်းတပ်များက ၂၀၂၄ ဇူလိုင်လတွင် စတင်တိုက်ခိုက်ခဲ့ပြီး သြဂုတ်လတွင် သိမ်းပိုက်နိုင်ခဲ့သည်။

    လားရှိုးမြို့ကို စတင်တိုက်ခိုက်စဉ်ကတည်းက ဒေသခံအချို့တို့က လားရှိုးမြို့တွင်သာ တိမ်းရှောင်နေကြပြီး MNDAA ၏ မြို့ပြန်လည်ထူထောင်ရေးတွင်လည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

    ၂၀၂၅ ဇန်နဝါရီလတွင် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် MNDAA တို့ကြား အပစ်ရပ်ခဲ့ရပြီး မြို့ပြန်လည်ထူထောင်ရေးကို MNDAA က ဦးစားပေးလုပ်ဆောင်လျက်ရှိသည်။

    MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့သို့ ကုန်စည်စီးဆင်းမှုကို တရုတ်က ပိတ်သလို၊ အောက်မြန်မာပြည်ကနေ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ကုန်စည်စီးဆင်းမှုကိုပါ ပိတ်မည်ဟု အကြပ်ကိုင်ကြသည်။

    “ကျွန်မတို့ကတော့ ပြည်သူတွေကို ဒုက္ခမပေးတဲ့သူလာရင်ရပါပြီ။ မဟုတ်ရင် ကျွန်မတို့ အငတ်ဘေးကြုံတော့မယ်” ဟု လားရှိုးမြို့တွင် နေထိုင်သူ မမီးမီး (အမည်လွှဲ) က ပြောသည်။

    လက်ရှိတွင် လားရှိုးမြို့ကို စစ်ကောင်စီ၊ တရုတ် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့တို့ ပူးပေါင်း အုပ်ချုပ်မည်ဟု သတင်းများထွက်ပေါ်နေပြီး ထိုပြောဆိုချက်အပေါ် တစုံတရာအတည်ပြုနိုင်ခြင်း မရှိသေးပေ။

    လားရှိုးမြို့ကို စစ်ကောင်စီပြန်ရသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၏ စစ်ရေးအခင်းအကျင်းမှာ ပြောင်းလဲနိုင်ဖွယ်မရှိဟု စစ်ရေး၊ နိုင်ငံရေးသုတေသီများက သုံးသပ်ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks