Thursday, March 19, 2026
More
    spot_img
    Homeသတင်းရေလုပ်သားတို့ ပင်လယ်ပြင်အတွင်းသွားလာခွင့်ထောက်ခံစာ တစ်လနှစ်ကြိမ်သက်တမ်းတိုးနေရ

    ရေလုပ်သားတို့ ပင်လယ်ပြင်အတွင်းသွားလာခွင့်ထောက်ခံစာ တစ်လနှစ်ကြိမ်သက်တမ်းတိုးနေရ

    -

    ရေးမြို့နယ် ကဗျာဝနှင့် မန်ကျဉ်းရွာမှ ရေလုပ်သားများ ပင်လယ်ရေပြင်အတွင်းသွားလာခွင့်ထောက်ခံစာကို တစ်လလျှင် နှစ်ကြိမ် ကျေးရွာအုပ်ချုပ်ရေးရုံးထံ သက်တမ်းတိုးပြုလုပ်နေရကြောင်း ဒေသတွင်း ရေးလုပ်သားတို့ ပြောပြချက်အရ သိရသည်။

    စစ်ကောင်စီ မောရဝတီရေတပ်စခန်းမှ ညွှန်ကြားချက်ကြောင့် ကဗျာဝနှင့် မန်ကျည်းရွာမှ ပင်လယ်ပြင်းအတွင်း စက်လှေဖြင့်သွားလာနေသည့် ရေလုပ်ငန်းလုပ်ကိုင်သူတို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ တစ်လတစ်ကြိမ် သက်ဆိုင်ရာ ကျေးရွာအုပ်ချုုပ်ရေးမှူးများထံ  ထောက်ခံစာများ ပြုလုပ်ရမည်ဟု ပြောဆိုထားသည်။

     သို့သော် ကျေးရွာအုပ်ချုပ်ရေးမှုးတို့မှ ထောက်ခံစာကို ၁၅ ရက်သက်တမ်းဖြင့်သာပြုလုပ်ပေးသဖြင့် ရေလုပ်သားတို့ တစ်လလျှင် ၂ ကြိမ်သက်တမ်းတိုးရသည့်အပြင် လှေအကြီးအသေးအပေါ်မူတည်၍ ငွေ ၂ သောင်းကျပ်မှ ၄ သောင်းကျပ်အထိ ပေးဆောင်နေရကြောင်း သိရသည်။

    “ထောက်ခံစာက တကယ်ဆို တစ်လမှ တစ်ကြိမ်ပဲ လုပ်ရတာအုပ်ချုပ်ရေးမှုးက ရေတပ်က ပြောထားတာက၊ ဒါပေမဲ့ ရွာလူကြီးတွေက (၁၅) ရက်အတွက်ပဲ လုပ်ပေးတယ်။ လှေငယ်ရင် နှစ်သောင်းပေးရတယ်၊ လှေကြီးရင်တော့ သုံးသောင်း၊ လေးသောင်းထိ ပေးရတယ်၊ ၁၅ ရက်ပြည့်ရင် နောက်တစ်ခါ ထပ်လုပ်ရတယ်၊ ပိုက်ဆံထပ်ပေးရတယ်” ဟု စက်လှေသမားတစ်ဦးက ပြောသည်။

    ထို့အပြင် ထောက်ခံပါရက်စွဲထက်ကျော်လွန်ပြီး သဲ၊ ကျောက်တူးဖော်ရေးစက်လှေနှင့် ငါးဖမ်းထွက်သည့် စက်လှေများကို စစ်ကောင်စီမောရဝတီ ရေတပ်မှ ဖမ်းဆီးရိုက်နှက်မှုများ ပြုလုပ်နေကြောင်းနှင့် ထောက်ခံစာဖြင့် သွားလာခွင့်ပြုသည့် ဖေဖော်ဝါရီလမှစ၍ ရေလုပ်သား ၁၅ ဦးထက်မနည်း ဖမ်းဆီးရိုက်နှက်ခံခဲ့ရသည်။

    ရေးဒေသခံတစ်ဦးက "တစ်ရက်နှစ်ရက်ကျော်သွားရင် ရေတပ်က ဖမ်းပြီးတော့စစ်တယ် တချို့က အလုပ်ကိစ္စကြောင့်၊ ပိုက်ဆံအခက်အခဲကြောင့်ပေါ့နော် သူတို့က အဲ့တာကို ကျော်သွားစရာလားဆိုပြီး ရိုက်တယ် ပြစ်ဒဏ်အနေနဲ့ဆိုပြီး တစ်ယောက်ကို ငါးချက်ရိုက်တယ်၊ အသက်ကြီးတဲ့လူဆို သနားဖို့ကောင်းတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    ရေလုပ်သားတို့ ကမ်းဝေးသို့ထွက်ခွာစဉ်တွင်လည်း ရေလမ်းတစ်လျောက်ရှိ စစ်ကောင်စီ မောရဝတီရေတပ်မှ စားနပ်ရိက္ခာထောက်ပံ့ကြေးဟုဆိုကာ လှေတစ်စီးလျှင် ကျပ် (၃၀,၀၀၀) ထပ်မံပေးဆောင်ရသေးကြောင်း ဆက်ပြောသည်။

    ရေဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီမော်ရဝတီရေတပ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပတ်သတ်ဆက်နွယ်မှုရှိသူတို့ကို ဖမ်းဆီးနေ အရေးယူနေသည့်အပြင် ရေးမြို့နယ်နှင့် ရေဖြူမြို့နယ်မှ ရေလုပ်ငန်းလုပ်ကိုင်သူတို့ကို စစ်ဆေးကန့်သတ်မှု တင်းကြပ်လျှက်ရှိသည်။

    ရေးမြို့နယ်အတွင်း ရေလုပ်သားအများစုသည် မြန်မာပြည်အလယ်ပိုင်းမှ လာရောက်အလုပ်လုပ်ကိုင်သူတို့ဖြစ်ပြီး ကမ်းဝေးပင်လယ်ပြင်ထိ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သည့်အပြင် ကမ်းရိုးတမ်းရှိ သဲ၊ကျောက်တူးဖော်ရေးတို့လည်း ဝင်ရောက်လုပ်ကိုင်နေသူတို့ဖြစ်သည်။

    မွန်ပြည်နယ်တွင် ကမ်းဝေးငါးဖမ်းသင်္ဘော ၃၀၀ ကျော်ရှိပြီး ရေးမြို့နယ်တွင် အစီးရေ ၂၀၀ ဝန်းကျင်၊ သံဖြူဇရပ်မြို့နယ်တွင် အစီးရေ ၁၁၈ ရှိကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks