spot_img
Thursday, February 26, 2026
More
    spot_img
    Homeသတင်းငလျင်ကပ်ဘေးဖြစ်ချိန် စစ်ရေး မဖော်ဆောင်သင့်ဟုဆို

    ငလျင်ကပ်ဘေးဖြစ်ချိန် စစ်ရေး မဖော်ဆောင်သင့်ဟုဆို

    -

    ငလျင်ကပ်ဘေးကြောင့် ပြည်သူအများအပြား ဒုက္ခရောက်နေချိန်တွင် စစ်ရေးမဖောင်ဆောင်သင့်ကြောင်း တော်လှန်ရေးနှင့် နိုင်ငံရေးသမားတို့က ပြောသည်။

    ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ရှမ်းပြည်နယ်နှင့် ဒေသအချို့တို့တွင် ငလျင်ဘေးသင့်ခဲ့ပြီး လူသေဆုံးမှု၊ နေအိမ်အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုများ၊ လမ်း၊ တံတားနှင့် ဘာသာရေး အဆောက်အဦး အများအပြား ထိခိုက်ပျက်စီးခဲ့ရသည်။

    ငလျင်ဘေးသင့် ပြည်သူများကို ကယ်ဆယ်ပြီး ပြုစုစောင့်ရှောက်မှု၊ ကုသမှုများ အားစိုက်လုပ်ရမည့်အချိန်တွင် စစ်ရေးလှုပ်ရှားမှုများကို လျော့ချရမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/NCA/S) ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

    “ကျနော်အနေနဲ့တော့ ဒီတိုင်းပြည်ကို အုပ်ချုပ်တဲ့ အဖွဲ့အစည်းဆိုရင်တော့ သဘောထားကြီး ပြီးတော့ ဒီလုပ်ရပ်တွေကိုတော့ မဖြစ်သင့်ဘူးလို့ ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအချိန်မှာ စစ်မက်ရေးရာ ဖော်ထုတ်ဖို့ အချိန်မဟုတ်ဘဲနဲ့ မေတ္တာတရားနဲ့ တိုင်းသူပြည်သားတွေကို အုပ်ချုပ်ရမယ့် အချိန်ဖြစ်ပါတယ်။ ဒါကြောင့် တစ်ဖက်က ငလျင်ဘေးမှာ အသက်ကယ်ရမယ်။ လူတွေ ကယ်ရမယ်။ ပြုစုစောင့်ရှောက်ရမယ်။ ကုသရမယ်။ အဲဒါတွေကို အားစိုက်ပြီး‌တော့ လုပ်ရမယ်။ စစ်ရေးကို လျော့မယ်၊ ဒါမှမဟုတ်လည်း တစ်ဖက်သတ်ပေါ့။ ရပ်ဆိုင်းပေးရင်တော့ အကောင်းဆုံးရှိမှာပေါ့ဗျာ။ ဒါကတော့ ကျနော် အကြံပြုချင်တာ” ဟု ပြောသည်။

    ငလျင်ဘေးဒဏ်သင့်နေချိန် စစ်ကောင်စီက နောင်ချိုအပါအဝင် ဒေသအချို့တို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

    ပြည်သူပြည်သားများနှင့် တော်လှန်ရေးအဖွဲ့အစည်းများ ငလျင်ဘေးကို အာရုံစိုက်နေချိန် စစ်ကောင်စီက ကိုးကန့်တပ်ဖွဲ့ (MNDAA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ပြန်သိမ်းပိုက်ရန် အင်အားဖြည့်နေသည်ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

    “အကြမ်းဖက် စစ်ကောင်စီဖက်ကတော့ မြေငလျင်လှုပ်တဲ့နေ့မှာပဲ အဲဒီညနေပိုင်းမှာ မကွေးတိုင်းဖက်မှာ လေယာဉ်နဲ့ ဗုံးကြဲတာတွေ ရှိတယ်။ နောက်တစ်နေ့မှာပဲ တနေရာထဲမှာ ၅ ခေါက်တိတိ ဗုံးကြဲခဲ့တာတွေ ရှိတယ်ဗျ၊ အဲဒါအပြင် အခုဆိုလို့ရှိရင် စစ်ကောင်စီက ပြည်သူပြည်သားတွေ တော်လှန်ရေးအဖွဲ့အစည်းတွေ ငလျင်ဖက်မှာ အာရုံစိုက်နေချိန်မှာ ရှမ်းမြောက်ပိုင်းဒေသ လားရှိုးကို ပြန်လည်သိမ်းပိုက်ဖို့ ဆိုပြီးတော့ လေယာဉ်နဲ့ သူတို့ရဲ့တပ်တွေကို အင်အားထပ်ဖြည့်နေတာ ကျနော်တို့ ကြားရတယ်” ဟု ၎င်းက ပြောသည်။

    ပြည်သူလူထု အများအပြား ငလျင်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေသည့် အချိန်တွင် ၎င်းတို့၏ အာဏာတည်တံ့ရန်အတွက် ယခုလို စစ်ရေးများ ဆက်လက်မြင့်တင်နေခြင်းသည် လူသားမဆန်သည့် လုပ်ရပ်၊ စစ်ခေါင်းဆောင်နှင့် ၎င်းတို့ မိသားစု အကျိုးစီးပွားအတွက်သာ ဖြစ်သည်ဟု ဆိုသည်။

    မတ်လ ၃၁ ရက်နေ့ကလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ(၈) နယ်မြေကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်သင်တန်းတက်နေသည့် လူငယ် ၃၈ ဦး သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ငလျင်ဘေးအတွင် ထိရောက်သည့် ကူညီကယ်ဆယ်မှုများ လုပ်ဆောင်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် အာရက္ခတပ်တော်(AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် မြန်မာအမျိုးသားဒီမို ကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)တို့က အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း တိုက်ခိုက်မှုကို ဆက်လက်လုပ်ဆောင်မည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks