တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် အောင်မြင်စရာ မရှိဘူးဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) မှ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။
မိမိတို့အနေဖြင့် ယခင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အခြေခံပြီး နိုင်ငံရေးပြဿနာကို ဖြေရှင်းရန် ဆောင်ရွက်ခဲ့သော်လည်း စစ်တပ်က ဖျက်ဆီးခဲ့ကြောင်း ၎င်းက ပြောသည်။
ခွန်မြင့်ထွန်းက “ကျနော်တို့ အမြင်မှာကတော့ တွေ့ဆုံဆွေးနွေးကြတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ရင်တော့ ဒီအပေါ်မှာ ကျနော်တို့လည်း ပါဝင်ပတ်သက်မှု မရှိတဲ့အတွက်တော့ ကျနော်တို့ သဘောထားတွေလည်း အများကြီး ပေးဖို့တော့ မရှိပါဘူး။ အဓိက ချုပ်ပြောရရင်တော့ ကျနော်တို့ တိုင်းပြည်မှာ အဓိကတော့ တာဝန်ယူမှု တာဝန်ခံမှုက အရေးကြီးဆုံးဖြစ်ပါတယ်။ ဘာအလုပ်ကိုပဲ လုပ်လုပ် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ နေရာမှာ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ အလုပ်လုပ်ရင် ဘာအလုပ်ပဲဖြစ်ဖြစ် မအောင်မြင်ပါဘူး။ ကျနော်တို့က NCA ကို အခြေခံပြီးတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ဆိုပြီးတော့ ထဲထဲဝင်ဝင် ကျနော်တို့ ဆောင်ရွက်ခဲ့တယ်။ ဒါပေမဲ့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ခုလုံး စစ်တပ်က ဖျက်ဆီးပစ်ခဲ့တယ်။ အဲဒီတော့ တာဝန်ယူမှု တာဝန်ခံမှု မရှိခဲ့ဘူး။ အဲဒီတော့ ဒီလိုတာဝန်ယူမှု တာဝန်ခံမှု မရှိဘဲနဲ့ ဒီလို လုပ်ငန်းစဉ်တွေ ဘာပဲလုပ်လုပ်ပေါ့၊ အကောင်အထည် ပေါ်စရာ အကြောင်း မရှိဘူး” ဟု ပြောသည်။

စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (NSPNC) က ဦးဆောင်၍ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နေပြည်တော်တွင် မတ်လ ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပလျက်ရှိနေသည်။
လက်နက်ကိုင်အဖွဲ့အစည်းများအပြင် တခြားသော အဖွဲ့အစည်းအသီးသီးလည်း ငြိမ်ချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လာရန် လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ တိုင်းပြည် ပြန်လည်တည်ဆောက်ရာတွင် ငြိမ်းချမ်းရေးအပေါ် မူတည်ကြောင်း ရခိုင်ဦးဆောင်ပါတီ (AFP) မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။
“ဆိုတော့ အခုကာလမှာ အရင်တုန်းက ဖြစ်ခဲ့တဲ့ ဖြစ်စဉ် သင်ခန်းစာ အခုဘာကြောင့် 7 EAO Alliance ဖြစ်နေတာလဲ။ ဒါလေးတွေအားလုံးပေါ့ဗျာ၊ ငြိမ်းချမ်းရေးသည် လိုအပ်ချက်တစ်ခု မဟုတ်ဘူးလား၊ လိုအပ်ရင် ဘယ်လို အားလုံးပါဝင်နိုင်အောင် တွေ့ဆုံဆွေးနွေး အဖြေရှာကြမှာလဲ။ အဲဒီလို တွေ့ဆုံဆွေးနွေးမှုဖြစ်အောင် ဘယ်လို ယုံကြည်မှုရမှာလဲ။ အဲဒီလို ယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက် ဘယ်လိုလူတွေက စပြီး ဆွဲဆောင်ကြမှာလဲ။ Third Party လိုသလား။ အရပ်ဖက်က သွားပြီးတော့ နှစ်ဖက်စလုံးကို စည်းရုံးကြမှာလား။ ဘယ်လိုအင်အားစုတွေ စသဖြင့်ပေါ့ဗျာ” ဟု ၎င်း ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ပဋိပက္ခများကို ဖြေရှင်းနိုင်ရေး အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီအစုအဖွဲ့တို့က ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနိုင်ရေး ကြိုးပမ်းလျက်ရှိကြသည်ဟု သိရသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောင်မြင်ရန်အတွက် စစ်ကောင်စီက ပြည်သူလူထုများကို လေယာဉ်များဖြင့် နေ့စဉ်နှင့်အမျှ ဗုံးကြဲတိုက်ခိုက်နေမှုများအား ရပ်တန့်ရန်လိုအပ်ကြောင်းလည်း ခွန်မြင့်ထွန်းက ပြောသည်။
“ဒီကိစ္စရပ် အပေါ်မှာကတော့ အဓိကအားဖြင့် ဒီနေ့အချိန်အခါမှာ အရင်ဆုံး လိုအပ်နေတာကတော့ ဒီနေ့ စစ်တပ်က ပြည်သူတွေကို ရပ်သူလို့ သတ်မှတ်ပြီးတော့ လေယာဉ်တွေနဲ့ အနိုင်ထက်ကျင့် ဗုံးကြဲ တိုက်ခိုက်သတ်ဖြတ်နေတဲ့ဟာ ဒီဟာတွေ အမြန်ဆုံးရပ်တန့်ဖို့ နောက်တစ်ခုက ဘာလဲဆိုရင် စစ်တပ်က နိုင်ငံရေးက ထွက်မယ်ဆိုတဲ့ သဘောထားရှိဖို့ လိုမယ်။ နောက်တစ်ခုက တာဝန်ယူ၊ တာဝန်ခံမှုရှိတဲ့ ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်ဖို့လိုတယ်၊ အဲဒါတွေ မရှိဘဲနဲ့ ဘာပဲလုပ်လုပ် အောင်မြင်မှာ မဟုတ်ပါဘူး” ဟု ခွန်မြင့်ထွန်းက ဆက်ပြောသည်။
လက်ရှိ ကျင်းပနေသော Peace Talk 2025 ငြိမ်းချမ်းရေးစကားဝိုင်း ဆွေးနွေးပွဲမှတဆင့် တိုင်းပြည်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေး လမ်းစပေါ်လာမည်ဟု ယုံကြည်ကြောင်း ဆွေးနွေးပွဲပါဝင်သူများက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစုတို့အကြား နိုင်ငံအနှံ့အပြားတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီက ၎င်းတို့ ထိန်းချုပ်ထားသော မြို့အများအပြားကို လက်လွှတ်ထားရကြောင်း သိရသည်။