မွန်ပြည်နယ်တွင်၊ နွေစပါးပေါက်ဈေး ၁၆ သိန်းဝန်းကျင်အထိ ဈေးနှုန်းကျဆင်းနေသည့်အပြင် ကုန်သည်များ ဝယ်ယူခြင်းမရှိဟု နွေစပါးစိုက်တောင်သူများထံမှသိရသည်။
ယမန်နှစ်နွေစပါးရာသီတွင် စပါးဈေး သိန်း ၂၁ ကျပ်ကျော်အထိပေါက်ဈေးရှိခဲ့သော်လည်း လက်ရှိတွင် ကုန်သည်အများစု စပါးသိုလှောင်ဝယ်ယူခြင်းမလုပ်ဆောင်တော့သဖြင့် ဈေးနှိမ်ကာဝယ်ယူနေကြသည်ဟု ဘီးလင်းမြို့နယ်မှနွေစပါးစိုက်တောင်သူတစ်ဦးက ပြောသည်။
“အခု၁၆ သိန်းတောင်ဝယ်မဲ့သူမရှိနေဘူး၊ စပါးဈေးကထိုးကျနေတယ် ဆန်ဈေးကမြင့်တက်နေတယ်၊ ဒီနိုင်ငံရေးနဲ့ ကုန်သည်တွေက အများကြီး ဝယ်မလှောင်နေဘူး၊ ဒီနိုင်ငံရေးအခြေအနေနဲ့ တစ်ခုခုဖြစ်မယ် ဆိုရင် စပါးက ဒီတိုင်းထားခဲ့ရတယ်၊ နောက်ပြီးဈေးကွက် တည်ငြိမ်မှုမရှိဘူး၊ အထွက်နှုန်းလည်း မကောင်းဘူး ” ဟု ၎င်းကပြောသည်။

နွေစပါးစိုက်တောင်သူတို့ စပါးဈေးနှင့် ဈေးကွက်အတွင်း နိုင်ငံတကာတကာဝယ်လိုအားကျဆင်းနေသည့် အခက်အခဲတို့ကြောင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ပို့ကုန်ကုမ္ပဏီများက ကျပ်ဘီလီယံ ၁၄၀ ခန့်ဖြင့် ဧည့်မထစပါးတင်းရေ သိန်း ၁၅၀ ဝယ်ယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ မတ်လ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။
၎င်းတို့မှ ဈေးနှုန်းနှင့်ဝယ်ယူမည့်အရေအတွက်ထုတ်ပြန်သော်လည်း အမှန်တကယ်ဝယ်ယူရန်မသေချာသည့်အပြင် စပါးဈေးကွက်မတည်ငြိမ်မှုဖြစ်ပေါ်နေသည့်အပေါ် အရောင်းအဝယ်သတိရှိရန်လည်း ဘီးလင်းမြို့နယ်မှ စပါးကုန်သည်တစ်ဦးက ပြောသည်။
“သတ်မှတ်ဈေးကတစ်မျိုး ရောင်းဝယ်တာကတစ်မျိုးလေ၊ စာထုတ်ထားတယ်ဆိုပေမဲ့ ကုန်သည်ကလည်း စပါးကိုကြည့်ပြီးအရောင်းအဝယ်လုပ်ရတာပဲ၊ သူတို့ထုတ်ပြန်တာ သူတို့လည်းဝယ်တာ မဟုတ်ဘူးလေနော် စာထုတ်ရုံ ပဲရှိတယ် မနှစ်တုန်းက ဆိုသူတို့နွေစပါးကို ၂၄သိန်းနဲ့ ဝယ်လှောင်ထားတယ်၊ စပါးကနောက်နှစ်ကျတော့ ၂၁ သိန်းပဲဖြစ်နေတဲ့အတွက် စပါးတင်း ၁၀၀ ကို ၃/ ၄သိန်းရှံးသွားတယ်”ဟု ၎င်းကပြောသည်။
စပါးဈေးနှုန်းဈေးနှုန်းကျဆင်းနေသော်လည်း ဆန်ဈေးနှုန်းမြင့်တက်နေသဖြင့် အချိုးမကျနေကြောင်း၊ လာမည့်သင်္ကြန်ကာလတွင်လည်းဆန်ဈေးနှုန်းမြင့်တက်နိုင်သည်ဟု မုဒုံမြို့နယ်မှ ဆန်ရောင်းဝယ်နေ သူတစ်ဦးကပြောသည်။
ထို့အပြင် ဘီးလင်းမြို့နယ်တွင် နွေစပါး ရေလုံလောက်စွာမရရှိသဖြင့် လယ်ဧကရာနှင့်ချီ စပါးပျက်ဆီးဆုံးရှုံးမှုရှိခဲ့ကြောင်းလည်း ဒေသခံနွေစပါးစိုက်တောင်သူတို့၏ ပြောပြချက်အရ သိရသည်။
မွန်ပြည်နယ်တွင် စပါးဧက ၇ သိန်းကျော် ရှိနေပြီး၊ မိုးစပါးစိုက်ဧက ၆ သိန်း ၈ သောင်းကျော်နှင့် နွေစပါး စိုက်ဧက ၃၇၀၀၀ ကျော်ရှိကြောင်း၊ နွေစပါးစိုက်ပျိုးမှု အထွေထွေကုန်ကျစရိတ်ကြီးမြင့် မှုကြောင့် စိုက်ပျိုးမှု သိသိသာသာ ကျဆင်းနေသည်။