spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းအခြေခံပညာကျောင်းများ ဧပြီလတွင် ကျောင်းတက်ရမည်ဖြစ်သဖြင့် နွေရာသီမွန်စာပေသင်ကြားမှု ထိခိုက်မည်ကို စိုးရိမ်နေ

    အခြေခံပညာကျောင်းများ ဧပြီလတွင် ကျောင်းတက်ရမည်ဖြစ်သဖြင့် နွေရာသီမွန်စာပေသင်ကြားမှု ထိခိုက်မည်ကို စိုးရိမ်နေ

    -

    ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်တွင် စာမေးပွဲဖြေဆိုပြီးစီးထားသည့် အခြေခံပညာကျောင်းမှ ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်အတွင်း ရက် ၂၀ ကျောင်းတက်ရမည့် ကိစ္စကြောင့် နွေရာသီ မွန်စာပေသင်ကြားနေမှု ထိခိုက်သွားမည်ကို စာပေအရေးလှုပ်ရှားနေသူတို့ စိုးရိမ်နေကြသည်။

    စစ်ကောင်စီအခြေခံပညာဦးစီးဌာနမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အလယ်တန်းနှင့်အထက်တန်းကျောင်းသား/သူများ ဧပြီလ ၁ ရက်နေ့မှ မေ ၉ ရက်နေ့အတွင်း စုစုပေါင်း ရက် ၂၀ ကျောင်းပြန်တက်ရမည်ဟု ညွှန်ကြားထားကြောင်း ပညာရေးဝန်ထမ်းအသိုင်းဝိုင်းမှ ပြောပြချက်အရ သိရသည်။

    လက်ရှိ နွေရာသီကျောင်းပိတ်ရက်တွင်  မွန်စာပေနှင့် မိခင်ဘာသာစကား တတ်မြောက်ရေးအတွက် မွန်လူမျိုးတို့တည်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နွေရာသီမွန်စာပေသင်တန်းများကို မွန်သံဃာတော်အပါအဝင် မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့တို့မှ ဦးဆောင်ဖွင့်လှစ်လျှက်ရှိရာ လက်ရှိညွှန်ကြားချက်သည် မွန်စာပေအပါအဝင် တိုင်းရင်းသားစာပေသင်ကြားမှုအတွက် အဟန့်အတား တစ်ခုဖြစ်လာနိုင်ကြောင်း  မုဒုံမှ နွေရာသီမွန်စာပေအရေး လှုပ်ရှားနေသည့် သံင်္ဃာတော်တစ်ပါးက မိန့်ကြားသည်။

     “သူတို့ကနေသေချာ ညွှန်ကြားလာတော့ ဖွင့်ဖြစ်နိုင်ပါတယ်၊ ဒါမဲ့ဦးဇင်းတို့ဘက်လည်းက ဆွေးနွေးရမဲ့ကိစ္စရှိလာမယ်၊ နွေရာသီမွန်စာပေ သင်ကြားဖို့ တစ်လလောက်ပဲသင်ကြားခွင့်ရတာကို ပညာရေးဌာနတွေ ဒီလိုလုပ်ဆောင်လိုက်ရင် တိုင်းရင်းသားတွေအတွက် စိန်ခေါ်မှုဖြစ်သွားနိုင်တယ်၊ မလုပ်သင့်ဘူးလို့ပဲ ဦးဇင်းမြင်တယ်၊ ဒါကနောက်နောင်အစိုးရပညာရေးနဲ့တိုင်းရင်းသားစာပေအရေးကြား အဟန့်အတားတစ်ခုဖြစ်ပေါ်နိုင်တာကို ဟိုဘက်ကနားလည်းထားရမယ် ”ဟု မိန့်ကြားသည်။

    သို့သော် အဆိုပါသတ်မှတ်ထားသည့် ကျောင်းဖွင့်ရက်တို့တွင် မဖြစ်မနေကျောင်းတက်မည့်ပုံစံမဟုတ်ဘဲ ဒေသအတွင်း ရာသီဥတုနှင့် ကိုက်ညီသည့်အချိန်တွင် အဆင်ပြေသလို ဖွင့်လှစ်သွားမည့်ဖြစ်ကြောင်း ပညာရေးဝန်ထမ်းတို့ကြား ပြောဆိုလျှက်ရှိသည်။

    အခြေခံပညာကျောင်းဆရာ/မများ ကျောင်းတက်ရန်ညွှန်ကြားလာပါက ကျေးလက်နေ ကျောင်းသားမိဘတို့ အနေဖြင့်လည်း ကျောင်းတက်ခွင့် ပေးနိုင်သဖြင့်  နွေရာသီမွန် စာပေသင်ကြားမည့် အစီအစဉ်ဖရိုဖရဲဖြစ်သွားနိုင်သည်ဟု ကျိုက်မရောမြို့နယ်မှ မွန်စာပေသင်ကြားနေသူတစ်ဦးက ပြောသည်။

    “တစ်ဖက်တော့စိုးရိမ်နေရတယ် ကျနော်တို့နှစ်တိုင်း မွန်စာသင်ကြားချိန်ဆိုတော့လေ၊ အစိုးရက ဖွင့်လိုက်ရင် နွေရာသီမွန်စာပေသင်ချိန်က ကိုးရိုးကားယားဖြစ်သွားမှာပဲ၊ သူတို့ဖွင့်ခိုင်းရင်ဆရာတွေကလည်း ဆန့်ကျင်ပြောရဲမှာမဟုတ်တာဖွင့်မှာပဲလေနော်၊ မိဘတွေအပေါ်မှာ မူတည်တာပေါ့နော် မြို့ကလူတွေကျတော့ မသိဘူး၊ ကျေးလက်တောနယ် ဆိုရင်ဆရာဆရာမတွေ့ပြောတဲ့အတိုင်း အမေတွေက တက်ခိုင်းကြမှာပဲ”ဟု ၎င်းကပြောသည်။ 

    မွန်ကျောင်းသားလူငယ်အများစု  လက်ရှိတွင် အင်္ဂလိပ်ဘာသာစကား၊ ကွန်ပျူတာနှင့် အခြားဘာသာရပ်တို့ကို  ဦးစားပေးသင်ကြားနေသဖြင့် တစ်နှစ်ထက်တစ်နှစ် မွန်စာပေ လေ့လာသင်ယူသူနည်းပါးနေသည့်အပေါ် ယခုကိစအတွက် ပိုမိုစိုးရိမ်မိကြောင်း ဆက်ပြောသည်။

    ပညာရေးဝန်ကြီးဝန်ကြီးဌာနမှ ကျောင်းစတက်ရမည့်ရက်ကို လာမည့် ဧပြီ ၁ ရက်နေ့မှ မေလ ၉ ရက်အထိ သတ်မှတ်ထားခြင်းဖြစ်ပြီး ဧပြီလတွင် ၁၅ ရက်နှင့် မေလတွင် ၅ ရက် စုစုပေါင်း ၂၀ ရက်တိတိကျောင်းပြန်တက်ရမည်ဖြစ်ကြောင်း သတင်းဌာနတို့တွင် ဖော်ပြထားသည်။

    ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၀ ရက်နေ့က နွေရာသီတွင် ကျောင်းဖွင့်လှစ်ပြီး သင်ခန်းစာအဟောင်းများကို ပြန်လည် သတင်ကြားရေး၊အင်္ဂလိပ်စာ၊ ကွန်ပျူတာ အကျိုးပြုဘာသာရပ်တို့ကိုသင်ကြားရန် စစ်ကောင်စီမှ နေပြည်တော်တွင် ပြုလုပ်သည့် MSME ထုတ်ကုန်ပြပွဲတွင်ပြောဆိုခဲ့သည့်နောက် ပညာရေးဌာနမှ အကောင်ထည်ဖော်လာခြင်း ဖြစ်သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks