Home အမြင်နှင့်သုံးသပ်ချက် သတင်းထောက်တယောက် စုံစမ်းရေးသားခွင့်မရတဲ့ လူသတ်မှုဖြစ်စဉ်များ

သတင်းထောက်တယောက် စုံစမ်းရေးသားခွင့်မရတဲ့ လူသတ်မှုဖြစ်စဉ်များ

အတွေးအမြင် – လဝီဝမ်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲမှာ ကျောင်းဆရာ တယောက်နဲ့ သူ့မိသားစုဝင်တွေ သတ်ဖြတ်ခံခဲ့ရတဲ့ ကိစ္စကို စာဖတ်ပရိသတ်တွေ မှတ်မိမယ် ထင်ပါတယ်။ အဲ့ဒီ့ဖြစ်စဥ်မှာ ကျောင်းဆရာအပါအဝင် သူ့မိသားစု စုစုပေါင်း ၃ ဦး သတ်ခံခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ကို စကြားတုန်းက သတင်းရေးဖို့ စုံစမ်းကြည့်ဖူးပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထိန်းချုပ်တဲ့နယ်မြေထဲမှာ ဒီမိသားစု ဘာကြောင့် သတ်ခံရတာလဲ။ သတ်ခံရတဲ့ ကျောင်းဆရာကလည်း ဒေသတွင်းက ပညာရေးနဲ့ ပတ်သတ်ပြီး ပါဝင်ကူညီပေးနေတဲ့သူလို့ ကြားရပါတယ်။ ဘာဖြစ်လို့များ သတ်ခံရလဲ မေးစရာဖြစ်လာပါတယ်။ ကနီမှာ စစ်တပ်အာဏာသိမ်းပြီး အစောပိုင်းကတည်းက သတင်းအချက်အလက်နဲ့ ပတ်သတ်ရင် ကျနော်မေးလေ့ရှိတဲ့ နယ်ခံတယောက်ရှိပါတယ်။ သူ့ကို မေးတော့လည်း “သဗ္ဗေသတ္တာပါပဲဗျာ၊ မထူးပါဘူး အကိုရယ်” တဲ့ ကျနော့်ကို ပြန်ပြောပါတယ်။ ဆိုလိုတာ ဒီကိစ္စနဲ့ ပတ်သတ်ပြီး သူမပြောချင်ဘူးဆိုတဲ့ သဘောနဲ့ တုန့်ပြန်တာပါ။

သူမပြောပြတော့ စိတ်ထဲ မကောင်းဖြစ်ခဲ့ရပါတယ်။ သူ့ကို ဘာပြောပြချင်လဲဆိုတော့ လူသတ်မှုမှာ သတ်ခံရတဲ့ ကျောင်းဆရာမိသားစုက သူတို့ကံနဲ့ သူတို့ပါလို့တော့ ပြောလို့ မရဘူးဆိုတာပါ။ သတ်ခံရတဲ့သူဘက်က တရားမျှတမှု ရှိရပါမယ်။ ကျနော်တို့ ဒီကနေ့အထိ မင်းအောင်လှိုင်စစ်တပ်ကို တိုက်ခိုက်နေတာ ပုံစံအမျိုးမျိုးနဲ့ ဆန့်ကျင့်နေကြတာက လွတ်လပ်မှုနဲ့ တရားမျှတမှုအတွက်ပါ။ သူ့ဆီက မေးမရတာနဲ့ ဘယ်သူ့ဆီကို မေးမြန်းလို့ ရနိုင်မလဲဆိုတဲ့အတွေးနဲ့ ကျနော် နောက်ထပ်တယောက်ကို ဆက်သွယ်ကြည့်ပါတယ်။ သူကတော့ အဲ့ဒီ့ကျောင်းဆရာကို သိတယ်တဲ့။ သတ်ခံရတာကိုလည်း ကြားသလို နယ်ခံ PDF တွေကပဲ သူတို့မိသားစုကို သတ်သွားတယ်ဆိုတဲ့အကြောင်းလည်း သူကြားသိကြောင်း ပြောပါတယ်။ ဒါပေမယ့် ဘာလို့ သတ်လိုက်တာလဲ၊ ဘယ်လိုပုံစံနဲ့ သတ်ခံလိုက်ရလဲ ဆိုတာကိုတော့ သူက အသေးစိတ် မသိပါဘူး။

သတင်းထောက်တယောက်အနေနဲ့ ဒီလောက်နဲ့ ရပ်မသွားဘဲ ပိုထဲထဲဝင်ဝင်သိအောင် စုံစမ်းဖို့ ကြိုးစားသင့်တယ်ဆိုတဲ့အသိ နှိုးဆော်နေပေမယ့် ကျနော့်မှာ ဒီ့ထက်ဆက်သွယ်နိုင်တဲ့ သတင်းရင်းမြစ် မရှိတော့ပါဘူး။ ဒီကိစ္စကို ဒီလောက်နဲ့ပဲ မှတ်တမ်းပြုစု ရပ်တန့်ထားလိုက်ရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က သတ်လို့ စုံစမ်းခွင့်မရတဲ့ သတင်းတခုအနေနဲ့ပဲ ခဏသိမ်းထားလိုက်ရပါတယ်။ ဒါက ထင်ထင်ရှားရှား ကိစ္စတခုပါ။ ဒီလိုပဲ မထင်မရှားနဲ့ မှေးမှိန်သွားတဲ့ ဖြစ်ရပ်တွေလည်း ရှိနေတာကို ကျနော်သတိထားမိပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်ရပ်တိုင်းက လိုက်မေးမြန်းရတာ ခက်လွန်းပါတယ်။ မြေပြင်ကလူတွေမှာလည်း နီးရာဓားနဲ့ ဆိုင်ရာပိုင်ရာတွေကို ကြောက်ကြရပါတယ်။ ခေတ်ပျက်ခေတ်ဆိုးထဲမှာ အချိန်မရွေး ကိုယ့်လည်ပင်းကို ဓားမိုးခံရတာကြုံရနိုင်သလို ဘယ်ကမှန်းမသိ ရောက်လာတဲ့ကျည်ဆံကလည်း ကိုယ့်ဆီရောက်လာမှာကို အားလုံးက ကြောက်ကြပါတယ်။ တချို့ဒေသခံတွေဆိုရင် သူတို့ တိတိကျကျသိထားရင်တောင် သူတို့သိသမျှကို ပြောပြဖို့ မရဲကြပါဘူး။ လက်နက်ကိုင်တွေကို သူတို့ကြောက်ကြလို့ပါ။

သတ်ခံရသူတွေရဲ့ မိသားစုဝင်တွေ ကိုယ်တိုင်တောင်မှ ကြောက်ပါတယ်။ သေဆုံးသွားတဲ့ မိသားစုဝင်အတွက် အမှန်တရားကို ပြောချင်ရင်တောင် အသက်ရှင်ကျန်နေသေးတဲ့ မိသားစုဝင်တွေရဲ့ အသက်အန္တရာယ်ကို ရှောင်တိမ်းနိုင်ဖို့ ရေငုံနှုတ်ပိတ်နေကြပါတယ်။ တရားမျှတမှုအတွက် ထုတ်ပြောပြီး အခြားမြို့ရွာကို ပြောင်းပြေးဖို့ဆိုတာကလည်း ဒီကာလမှာ ခက်လွန်းတာကြောင့် နှုတ်ဆိတ်တိုးတိတ်နေလိုက်ကြတဲ့ ပုံပါပဲ။ ဒီတော့ ကျနော်တို့ သတင်းထောက်တွေအတွက် အရပ်သားပြည်သူသတ်ခံရတဲ့ သတင်းဆိုရင် ထဲထဲဝင်ဝင် ဆက်လိုက်မရတော့တာ အသေးစိတ်ရေးသားဖော်ပြလို့ မရတာ များပါတယ်။ ဒီအခြေအနေက ကောင်းတဲ့ အလားအလာ မဟုတ်သလို တရားမျှတမှုရှိတဲ့ ပတ်ဝန်းကျင်လည်း မဟုတ်ပါဘူး။ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကပဲဖြစ်ဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကပဲ ဖြစ်ဖြစ် အရပ်သားပြည်သူကို သတ်ရင် တရားမျှတမှုရဖို့ အရေးယူရမယ်ဆိုပြီး တော်တော်ကို ထောက်ပြလာနေကြပါတယ်။ ဒါပေမယ့် နိုင်ငံတဝှမ်းက ပဋိပက္ခမြေပြင်မှာတော့ တရားလက်လွတ်သတ်ဖြတ်မှုတွေ တနေ့ထက်တနေ့ ပိုများလာနေပါတယ်။ ဒါက စစ်ကောင်စီဘက်က သတ်ဖြတ်တဲ့ ဖြစ်စဥ်တွေမဟုတ်ပဲ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သတ်ဖြတ်မှုတွေ ဒါမှမဟုတ် တော်လှန်ရေးတပ်ဖွဲ့က လုပ်တယ်လို့ သံသယမကင်းတဲ့ အမှုတွေကိုပဲ ကျနော်အဓိက ဆိုလိုနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတုန်းကဆိုရင် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ထဲမှာ ကတ်သလစ်ဘုန်းတော်ကြီးတပါး သတ်ခံခဲ့ရပါတယ်။ ရွှေဘိုက ကျနော့်ရဲ့ သတင်းရင်းမြစ်တွေ အခိုင်အမာရှိတဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။ ဒီတော့ ကျနော့်အသိတယောက်ကို ဖုန်းခေါ်မေးမြန်းခဲ့ပါတယ်။ သူကနေတဆင့် ဘုန်းတော်ကြီး သတ်ခံရတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ ကျေးရွာတာဝန်ခံဖုန်းအဆက်အသွယ်ကို ကျနော်ရခဲ့ပါတယ်။ ပေးတဲ့ဖုန်းကို ခေါ်လိုက်တော့ မထင်မှတ်ပဲ အမျိုးသမီးတယောက်က ကိုင်ပါတယ်။ သူကိုယ်တိုင် သူ့ရဲ့ခံစားချက်နဲ့ ဘုန်းတော်ကြီးအပေါ်မှာ သူ့ရဲ့ လုံခြုံရေးအဖွဲ့ကိုယ်စား ပြောသလို အင်တာဗျူးပုံစံ သူက ဖြေပါတယ်။ ဆရာတော်ရဲ့ အားနည်းချက်က ရွာခံလုံခြုံရေးအဖွဲ့တွေ လုပ်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးကို မထောက်ခံဘူးလို့ သူက ပြောပြပါတယ်။ ဒီ့အပြင် ရွာလုံခြုံရေးကို ထောက်ရှုပြီး ပွဲတော်တွေမလုပ်ရဘူးလို့ တော်လှန်ရေးဘက်က တားမြစ်တဲ့ ကန့်သတ်ချက်တွေကိုလည်း ဆရာတော်က သဘောမတွေ့ခဲ့ဘူးလို့ သူက ထပ်ပြောပြပါတယ်။

သဘောထားကွဲလွဲမှုတွေ ရှိတာတင်မက ဆရာတော်ဖွင့်ထားတဲ့ ကျောင်းကလည်း NUG ဖွင့်ထားတဲ့ စာသင်ကျောင်းနဲ့ အပြိုင်အဆိုင်လိုဖြစ်ခဲ့တဲ့ ကိစ္စမျိုးရှိခဲ့တာကို သူ့ဆီက ကြားရပါတယ်။ ရွာလုံခြုံရေးတာဝန်ခံကတော့ အများကြီး ကျနော့်ကို ပြောပြပါတယ်။ ဒါတင်မက ဘုန်းတော်ကြီးကို တော်လှန်ရေးဘက်က သတင်းပေးသူလျိုအဖြစ်လည်း ထင်မြင်ချက်တွေ ရှိခဲ့ပါသေးတယ်။ စစ်ကောင်စီဘက်က ရွာကို လေယာဥ်နဲ့ ဗုံးကြဲတဲ့ ကိစ္စတွေမှာ ဘုန်းတော်ကြီးက “ဒလန်” လုပ်တာလို့ စွပ်စွဲတာမျိုးတွေ ဖြစ်ပါတယ်။ ကျနော် နားထောင်လာတဲ့ တလျောက်တော့ သူ့ပြောဆိုချက်တွေအားလုံးက သံသယအပေါ် အခြေခံတဲ့ စွပ်စွဲချက်တွေက ပိုကဲနေပါတယ်။ အချက်အလက်အခိုင်အမာနဲ့ ပြောတာမျိုးတော့ မပါပါဘူး။ ဒီတော့ သံသယအပေါ် အခြေခံတဲ့ စွပ်စွဲချက်က လူတယောက်ကို တရားလက်လွတ်သတ်ပစ်လိုက်တဲ့အထိ လုပ်လို့ မရဘူးလို့ ကျနော်ကတော့ မြင်ပါတယ်။ ဘုန်းတော်ကြီးကို ရွာထဲ မနေစေချင်ရင် ခြိမ်းခြောက်ပြီး မောင်းထုတ်ပစ်လိုက်လို့ ရပါတယ်။ အခု သတ်ပစ်လိုက်တော့ နိုင်ငံတကာက ဒီလက်နက်ကိုင်အဖွဲ့တွေကို ဘယ်လို မြင်ကြပါမလဲ။ ဒီလက်နက်ကိုင်အဖွဲ့တွေကလည်း လူ့အခွင့်အရေးနဲ့ တရားမျှတမှု ၊ ပဋိပက္ခကာလမှာ မျှတစွာ တရားစီရင်မှုဆိုတဲ့ စံနှုန်းတွေကို လေးစားလိုက်နာမှု မရှိတဲ့ ထင်ရာစိုင်းတဲ့ အဖွဲ့တွေအဖြစ် မြင်နိုင်ပါတယ်။ မြင်ရုံတင်မကပါဘူး။ ဒါက မှတ်တမ်းတွေထဲမှာပါ ဖြစ်စဥ်ဖြစ်ရပ်တခုအနေနဲ့ကို ပါသွားပြီလို့ ကျနော်က ထောက်ပြချင်ပါတယ်။

ဒီလိုသာ လက်နက်နဲ့ အသက်ကို ရန်ရှာပြီး လုပ်ကြံသတ်ဖြတ်တာ၊ မျှတတဲ့ စစ်ဆေးကြားနာမှု၊ ဥပဒေအရ ခုခံကာကွယ်ပိုင်ခွင့်မပေးပဲ တရားလက်လွတ် သတ်ဖြတ်မှုတွေက လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လုပ်ရပ်နဲ့ ဘာမှ မထူးခြားတော့ပါဘူး။ မင်းအောင်လှိုင်ရဲ့တပ်တွေလိုပဲ သူတို့လည်း ခြေရာလိုက်နင်းတော့မှာလားဆိုတာ နိုင်ငံတကာလူ့အခွင့်အရေး စောင့်ကြည့်သူတွေက မေးခွန်းထုတ်လာကြပါတယ်။ နိုင်ငံတကာဥပဒေထဲမှာ ဘာသာရေးအဆောက်အအုံတွေကို စစ်ဖြစ်နေချိန်မှာ လက်နက်ကြီးနဲ့ ပစ်မိရင်တောင် ဥပဒေအရ စစ်ရာဇဝတ်မှု မြောက်ပါတယ်။ ဘာသာရေးအဆောက်အအုံဆိုတာ သက်ဆိုင်ရာ ယုံကြည်ကိုးကွယ်သူတွေ ဘေးကြုံလာရင် ဝင်ခိုလှုံကြတဲ့ နေရာလည်းဖြစ်သလို ရှေးဟောင်းအမွေအနှစ်နဲ့ ယဥ်ကျေးမှု ဓလေ့ထုံးတမ်းတွေပါ ရှိနေတာကြောင့် စစ်ဖြစ်ရင်တောင် ပစ်မှတ်ထားလို့ မရသလို စစ်ပွဲအတွက် အသုံးမချဖို့လည်း နိုင်ငံတကာဥပဒေတွေက ပြဌာန်းအကာအကွယ်ပေးထားပါတယ်။ တကယ်လို့ စစ်ပဋိပက္ခဒေသတွေမှာ ဒီလိုချိုးဖောက်တာမျိုးရှိရင်လည်း နိုင်ငံတကာက တော်တော်ကို အာရုံစိုက်လေ့ရှိပါတယ်။

ဘုန်းတော်ကြီးဖြစ်စဥ်မှာတော့ ကျေးရွာလုံခြုံရေးအဖွဲ့နဲ့ ပတ်သတ်နေတယ်လို့ သတင်းအချက်အလက်တွေ ထွက်တာ သတင်းမီဒီယာတွေမှာ ပါနေပေမယ့် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သူတွေကို ဘယ်လို အရေးယူမလဲ ဆိုတာကိုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းက ဒီကနေ့အထိ ထုတ်ပြန်တာဝန်ခံတာ မရှိပါဘူး။ NUG ဘက်ကလည်း နှုတ်ဆိတ်နေဆဲဖြစ်ပါတယ်။ ဘုန်းတော်ကြီးရဲ့ မိသားစုဝင်တွေ မိတ်ဆွေအဝန်းအဝိုင်းတွေ ကလည်း လက်နက်ကိုင်အဖွဲ့ကို ကြောက်လို့ သတင်းမီဒီယာတွေကိုတောင် ပွင့်ပွင့်လင်းလင်း စကားမပြောရဲကြပါဘူး။ ဒါ့ကြောင့် ဘုန်းတော်ကြီး မတရားသတ်ခံရတဲ့အမှုကို ဘယ်သတင်းဌာနကမှ အသေးစိတ်စုံစမ်းခွင့် မရပါဘူး။

လူသတ်မှုတွေကို ကျနော်တို့ဒီအတိုင်းပဲ တိတ်ဆိတ်ပြီး နေသွားကြရတော့မှာလား။ သတင်းထောက်တွေကရော ဒီလိုပဲ ရသလောက်သတင်းအတိုအထွာလေးတွေကိုပဲ ရေးရတော့မှာလား။ ပြည်သူတွေ အသေးစိတ်သိအောင် ရေးချင်တာ အမှန်ပါ။ ဒါပေမဲ့ NUG ကိုယ်တိုင်က ဒီလူသတ်မှု ကျူးလွန်တဲ့ ပုဂ္ဂိုလ်တွေကို ဘယ်လိုတာဝန်ခံခိုင်းမယ်ဆိုတာကို ထုတ်ပြန်တာ ပြောဆိုတာ မရှိတော့ သတင်းထောက်တွေဘက်ကလည်း ပြည်သူသိအောင် မရေးနိုင်ပါဘူး။ မင်းအောင်လှိုင်စစ်တပ်က ပြည်သူတွေကို သတ်ပြီဆိုရင်တော့ လိုင်းပေါ်မှာ သတင်းအချက်အလက်နဲ့ ဖြစ်စဥ်တွေက အသေးစိတ်ပဲ တခဏလေးအတွင်းမှာပဲ မြင်ရပါတယ်။ ပြောပြတဲ့ သူတွေကလည်း အားရပါးရကို ချက်နဲ့လက်နဲ့ ပြောပြကြပါတယ်။ တော်လှန်ရေးဘက်တော်သားတွေ လူသတ်တော့ ဘယ်သူကမှ မပြောရဲကြသလို ပြောလည်း မပြောချင်ကြပါဘူး။ ကျနော်တို့က ကောင်းတဲ့ စနစ်တခုကို ပြောင်းလဲဖို့ ဒီတော်လှန်ရေးကို စခဲ့ကြတာ မဟုတ်ဘူးလား။ ဒါဆိုရင် ဘာကြောင့် ကောင်းတဲ့လူ့အခွင့်အရေးစနစ်တခု၊ လုံခြုံတရားမျှတတဲ့ စနစ်တခုကို မလုပ်နိုင်ရတာလဲ။ မေးစရာတွေရှိလာပါတယ်။

မတ်လ ၄ ရက်နေ့တုန်းကလည်း ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်က ဗုဒ္ဓဘာသာ ဘုန်းကြီးတပါး သတ်ခံရပါတယ်။ သူ့ခန္ဓာကိုယ်မှာ ကျည်ပစ်ရာ ၈ ချက်လောက် ရှိပါတယ်တဲ့။ ဘယ်လို လူ့စိတ်နဲ့ ဘုန်းကြီးကို ဒီလောက်အထိ ပစ်သတ်လိုက်တာလဲ မေးချင်ပါတယ်။ ဘုန်းကြီးရဲ့ဒကာတော်တယောက်လည်း တခါတည်း ပစ်သတ်ခံလိုက်ရပါတယ်။ သူကတော့ လေးချက်လောက် ပစ်ခံရတာပါ။ ဒီဖြစ်စဉ်မှာလည်း  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ဘုန်းကြီးကို ဒလန်လို့ စွပ်စွဲပြီး ပစ်သတ်လိုက်တာပါ။ ပျားစစ်ကြောင်းဆိုတဲ့အဖွဲ့က သူတို့ ပစ်သတ်လိုက်တယ်လို့ ဝန်ခံထားပါတယ်။ သတ်ခံလိုက်ရတဲ့ ဆရာတော်က စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့နေတဲ့ ဆရာတော်တပါးပါ။ သူကိုယ်တိုင်လည်း ဖယ်ခုံမှာ စစ်ရှောင်နေရတာပါ။

ဆရာတော်မှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ထဲက ဒကာတော်တွေရှိလို့တဲ့။ အဲဒီဒကာတော်တွေက ရှမ်းတိုင်းရင်းသားတွေဖြစ်ပြီး ဆရာတော်ရဲ့ စစ်ရှောင်အလှူအတွက် တစ်ခါတစ်လေထောက်ပံ့ပေးတာရှိတယ်တဲ့။ ကြံခိုင်ဖွံ့ဖြိုးရေးပါတီက လူတွေနဲ့ ချိတ်ဆက်မှုရှိတယ်ဆိုတဲ့ သံသယနဲ့ ဆရာတော်ကို ဒလန်လို့ တခါတည်းစွပ်စွဲပြီး သတ်ပစ်လိုက်တာလို့ ရှမ်းမိတ်ဆွေတဦးက ပြောပြပါတယ်။ ခေါ်ယူစစ်ဆေးတာ မေးမြန်းတာတောင် မရှိပဲ သံသယတခုတည်းနဲ့ သတ်တာတော့ မဖြစ်သင့်ပါဘူး။ ကရင်နီပြည်ကြားကာလ အစိုးရ (IEC) ရဲ့ ထုတ်ပြန်ချက်မှာတော့ ဘုန်းကြီးကို သတ်တဲ့ ရဲဘော်တွေကို အရေးယူမယ်လို့ ပါရှိပါတယ်။ IEC ဆိုတာ ကရင်နီပြည်မှာ အရေးပါတဲ့ ကြားကာလအစိုးရအဖွဲ့ပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ IEC ကို စံနမူနာအနေနဲ့ လူတွေက ထောက်ပြလေ့ရှိပါတယ်။ ဒါပေမယ့် ဘုန်းကြီးကို သတ်တဲ့ ရဲဘော်တွေကို IEC ဘယ်လိုအရေးယူမလဲ ။ ဒါက စောင့်ကြည့်ရဦးမှာပါ။ အခြားတိုင်းရင်းသားဒေသတွေအတွက် ဆက်ပြီး စံနမူနာ ယူဖို့ ဖြစ်လာမလား။ ကောင်းမွန်တဲ့ စနစ်တခုဖြစ်လာဖို့ သူ့လူ ကိုယ့်လူ ရှိမနေသင့်ပါဘူး။ အပြစ်ကျူးလွန်ရင် ဒီရဲဘော်တွေ ထိုက်သင့်တဲ့ ပြစ်ဒဏ်တော့ ခံသင့်ပါတယ်။ ကျနော်တို့က ပြည်သူဘက်ကနေ ရပ်တည်ပေးနေတာ မဟုတ်လား။ ပြည်သူအတွက် တိုက်ပေးနေတာ မဟုတ်လား။ ဒါဆိုရင် ပြည်သူအတွက်ပဲ ပထမဦးစားပေး စဥ်းစားသင့်ပါတယ်။

 မင်းအောင်လှိုင်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်တယောက်အနေနဲ့ ကျနော် စုံစမ်းရေးသားရတာတွေထဲမှာ လူသတ်မှုဖြစ်စဥ်တွေက ပိုများပါတယ်။ ဒီများထဲအထဲမှာ စာဖတ်ပရိသတ်ကို ပြောပြချင်တာက မနှစ်က ဒီလိုအချိန်အခါမှာပဲ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ထဲက ကရုပ္ပိရွာမှာ ရွာခံလေးယောက် သတ်ခံရတဲ့ ဖြစ်စဥ်ရှိခဲ့ပါတယ်။ သတ်ခံရတဲ့ထဲက တယောက်က သူ့သားရှင်ပြုအလှူမှာ ဆိတ်သားဟင်းချက်ဖို့ ကရင်ရွာဘက်မှာ ဆိတ်သွားဝယ်တာတဲ့။ လမ်းခရီး ကရင်ရွာတနေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်၊ တောင်ညိုစစ်ကြောင်းနဲ့ KNLA က ဖမ်းလိုက်ပါတယ်။ ဆိတ်လာဝယ်တဲ့ ရွာသား လေးယောက်လုံးကို တော်လှန်ရေးတပ်တွေ သတင်းကို လာစုံစမ်းတဲ့ သူလျိုတွေဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းတာပါ။ ဖမ်းပြီးနောက်တနေ့ညမှာပဲ သူတို့ သတ်ခံလိုက်ရပါတယ်။ သတ်တဲ့ ရဲဘော်က တောင်ညိုစစ်ကြောင်းက ဖြစ်ပြီး သူ့ကို ပြစ်ဒဏ်ပေးတဲ့အနေနဲ့ အဖွဲ့ကနေ ထုတ်လိုက်ပါသတဲ့။ ဒီလောက်ပဲ သတင်းမှာ ဖတ်လိုက်ရပါတယ်။

လူလေးယောက်ရဲ့ အသက်ကို မဆင်မခြင် သတ်လိုက်တဲ့ ရာဇဝတ်မှုက ဒီလောက်နဲ့ပဲ ပြီးဆုံးသွားတယ်လို့ ပြောရပါမယ်။ ဆိုတော့ ဒီတော်လှန်ရေးက တရားမျှတမှု မရှိဘူးလို့ ပြောရပါမယ်။ သတ်ခံရတဲ့ မိသားစုဘက်က မွန်ပြည်သစ် (အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) ဆီ အကူအညီတောင်းခဲ့ကြပေမယ့် မွန်ပြည်သစ်ဘက်ကလည်း တစုံတရာ ကူညီပေးနိုင်တာ မမြင်ရပါဘူး။ ဒီလိုကာလက တော်လှန်ရေးကာလဖြစ်တော့ တော်လှန်ရေးရဲဘော်တွေ ကျူးလွန်ထားတဲ့ ပြစ်မှုတွေကို ကျနော်တို့ လျစ်လျူရှုထားလိုက်ကြတော့မှာလားဆိုတာ မေးစရာပါ။ တကယ်လို့ တော်လှန်ရေးဘက်က လျစ်လျူရှုထားရင်တောင် လူ့အခွင့်အရေးအဖွဲ့အစည်းတွေဘက်က စုဆောင်းထားတဲ့ အချက်အလက်တွေ နိုင်ငံတကာအဖွဲ့အစည်းတွေ ပြုစုထားတဲ့ မှတ်တမ်းတွေမှာတော့ ဒီဖြစ်စဥ်တွေ ပါနေပါလိမ့်မယ်။ မှတ်တမ်းမှတ်ရာတွေမှာ ပြစ်မှုအပြင် လျစ်လျူရှုခဲ့တဲ့ တာဝန်ရှိသူတွေပါ တတွဲတည်းပါနေမှာပါ။ နောင်တချိန် ဒီကျူးလွန်ထားတဲ့ ပုဂ္ဂိုလ်တွေ တာဝန်ရှိသူတွေ ခုံရုံးတင်စစ်ဆေးခံရတာမျိုး ရှိလာ ဖြစ်လာနိုင်ပါတယ်။ တော်လှန်ရေးကို ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေ နှုတ်ကနေ ပြည်သူအတွက် တော်လှန်နေတာပါလို့ ပြောနေပေမယ့် ကိုယ့်ရဲဘော်က ပြည်သူကို သတ်ပြီး အရေးမယူရင်တော့ အဲ့ဒီ့ခေါင်းဆောင်တွေကိုယ်တိုင်လည်း နောင်တချိန်မှာ နိုင်ငံတကာ စစ်ရာဇဝတ်ခုံရုံးကို တက်ရလောက်တယ်ဆိုတာ တင်ပြချင်ပါတယ်။

(လဝီဝမ်သည် တိုင်းရင်းသားအရေး လေ့လာသုံးသပ်ချက်များ ရေးသာနေသည့် သတင်းထောက်တစ်ယောက်ဖြစ်သည်။)

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.