spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းမွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် နိုင်အိုက်ချမ်း ပစ်သတ်ခံရ

    မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် နိုင်အိုက်ချမ်း ပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နှင့် ကော့ကရိတ်အနောက်ခြမ်းတို့တွင် လှုပ်ရှားနေသည့် ကော့တုံဌာနချူပ်မှ မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် နိုင်အိုက်ချမ်းကို အမည်မသိလူတစ်စုက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

    နိုင်အိုက်ချမ်းသည် ယနေ့ မတ်လ ၁၃ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က ပေါ့ကျူးကုန်းကျေးရွာမှ ကော့ဘိန်းကျေးရွာဘက်သို့ မော်တော်ယာဉ်ဖြင့် မောင်းနှင်လာစဉ် ဘုရားကြီးကျေးရွာ၊ ဇီးဖြူကုန်းရပ်ကွက်အရောက်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဒေသတွင်သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

    “ဒီနေ့ မနက် ၇ နာရီလောက်မှာ ပစ်သတ်ခံရတယ်။ သူက ကော့တုံကနေ ထွက်လာတာ။ ကော့ဘိန်းဘက်ကို လာရင်းနဲ့ ပစ်ခတ်ခံခဲ့တာလေ။ ပေါ့ကျူးကုန်းနဲ့ ကော့ဘိန်းအနီးက ဘုရားကြီးရွာထဲမှာပဲ ပစ်သတ်ခံရတာ။ ကားထဲမှာက သူတစ်ယောက်ပဲ။ အဲနေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်” ဟု ပြောသည်။

    မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့ခေါင်းဆောင် နိုင်အိုက်ချမ်းသည် စစ်ကောင်စီလက်အောက်ခံအဖွဲ့များကို စစ်ရေးဖော်ဆောင်ရာတွင် လမ်းညွှန်ပေးနေသူဖြစ်ကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်များ လှုပ်ရှားနေသည်ဟု ယူဆသည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် ပျက်စီးအောင် ပစ်ခတ်ခိုင်းနေသူ ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူတစ်ဦးလည်း ဖြစ်သည်ဟု ဆိုသည်။

    “စစ်ကောင်စီတပ်တွေ သွားလာဖို့လမ်းကို ညွှန်ပြပေးနေတယ်။ ပြီးတော့ တော်လှန်ရေးသမားတွေရဲ့ သတင်းတွေကိုလည်း လိုက်စုံစမ်းတယ်။ အဲဘက်က ရွာသားတွေကိုလည်း အမျိုးမျိုး အနိုင်ကျင့်နေတာ ရှိတယ်။ သူမကျေနပ်တဲ့ရွာတွေကို စစ်ခွေးတွေကိုခိုင်းပြီး လက်နက်ကြီးနဲ့ ပေးပစ်တယ်။ မူးယစ်ဆေးဝါး ဖြန့်ဖြူးတာလည်း သူပါတယ်။ သူတစ်ယောက်ပဲ ပစ်ခတ်ခံရတာပါ။ အခြားသူမပါဘူး” ဟု အထက်ပါ သတင်းအရင်းအမြစ်က ပြောသည်။

    မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် နိုင်အိုက်ချမ်းကို မည်သည့်လက်နက်ကိုင်အဖွဲ့က ပစ်သတ်ခဲ့သည်ကို လွတ်လပ်သော မွန်သတင်းအေဂျင်စီအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

    မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ကို မွန်ပြည်သစ်ပါတီမှ ခွဲထွက်သူအချို့တို့မှ ၂၀၀၈ ခုနှစ်က ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်က စစ်အစိုးရထံ လက်နက်ချ အလင်းဝင်ခဲ့သည်။

    လက်နက်ချ အလင်းဝင်ခဲ့ပြီး ၁၂ နှစ်ပြည့်သည့်နှစ်တွင် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ဌာနေပြည်သူ့စစ်အဖြစ် ဆောင်ရွက်သွားမည်ဟု ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်ထားသည်။

    မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့သည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး ရေး၊ ကျိုက်မရောဘက်တွင် ဂိတ်ဖွင့်ကာ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks