မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာတွင် ယနေ့ မတ်လ ၁၂ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၃ လုံး ပျက်စီးဆုံးရှုံးသွားသည်ဟု ဒေသခံတို့ထံမှ သိရသည်။
ဇီးဖြူသောင်ကျေးရွာ၊ အော်ကြီးရပ်ကွက်ရှိ တန်းလျားတွင် မီးစတင်လောင်ကျွမ်းခဲ့ရာမှ နေအိမ်များကို ကူးစက်လောင်ကျွမ်းသွားသည်ဟု ဇီးဖြူသောင်ဒေသခံတစ်ဦးက ပြောသည်။

“ညက ၁ နာရီကျော်လောက်မှာ လောင်သွားတယ်။ နေအိမ် ၃ လုံးနဲ့ တန်းလျား ၂ ခု မီးလောင်ဆုံးရှုံး သွားတယ်လေ။ မီးဝိုင်းသတ်ပေးတဲ့လူများလို့ ၃ အိမ်လောက်ပဲ ဆုံးရှုံးသွားတာ။ မဟုတ်ရင် အများကြီးကုန် အုံးမယ်။ မီးက အရမ်းများတယ်။ တန်းလျားမီးလောင်မှုကနေ အိမ်တွေဘက်ကို ကူးသွားတာ။ မီးပေါ့ဆမှုကြောင့်ပဲ လောင်သွားတာလေ။ အဲတန်းလျားက အမြဲသတိပေးနေကြတာပဲ။ ပိုင်ရှင်က ဂရုမစိုက်လို့ အခုလို ဖြစ်သွားတာပေါ့။ ဘေးက တိုက်အိမ်လေး ခံနေလို့ မီးတွေ မကူးစက်သွားတာ။ ဘေးအိမ်ကလည်း အိမ်မောကျနေကြတာလေ။ တော်သေးလို့ နိုးသွားကြတာ။ မဟုတ်ရင် အိမ်ရော၊ လူရော သွားပြီ” ဟု ၎င်းက ပြောသည်။
မီးလောင်ကျွမ်းမှုကို ရေးမြို့နယ်မှ မီးသတ်အဖွဲ့များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံပြည်သူတို့ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၂ နာရီကျော်အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ဆိုသည်။
လက်ရှိ ရာသီဥတုအခြေအနေသည် ပူးပြင်းပြီး လေပြင်းတိုက်ခိုက်တာကြောင့် မီးလောင်မှုများ အလွယ်တကူ ဖြစ်လာနိုင်သည့်အတွက် မီးဘေးအန္တရာယ်ကို အထူးဂရုပြုစေလိုကြောင်း ရေးမြို့နယ်မှ လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဦးက ပြောသည်။
“ဒီရာသီဥတုက ဆောင်းအကုန် နွေအကူးကာလဖြစ်တယ်။ ပူးပြင်းပြီး လေပြင်းတိုက်ခိုက်မှုတွေလည်း ပြင်းထန်တယ်။ ဒါကြောင့် မီးဘေးအန္တရာယ်နဲ့ပတ်သက်ပြီးတော့ ပိုဂရုစိုက်ရတယ်ပေါ့နော်။ အဖြစ်များတာက ဘုရားဆင်ပေါ်မှာ ထွန်းထားတဲ့ ဖယောင်းတိုင်မီးကနေတဆင့် မီးလောင်မှုတွေ ဖြစ်တယ်။ တစ်ချို့အိမ်တွေက မီးသွေးတွေနဲ့ ထမင်းဟင်းချက်တာပေါ့လေ။ ချက်ပြီးတော့ မီးသတ်ဖို့ မေ့သွားရင်လည်း မီးလောင်မှုတွေ ဖြစ်နေတာ ရှိတယ်။ ပြီးတော့ ခြင်ဆေးခွေ ကနေ မီးလောင်လွယ်တဲ့အရာတစ်ခုခုကနေပြီးတော့ မီးလောင်သွားတဲ့ဖြစ်စဉ်တွေ ရှိတယ်လေ။ ဒီလေပြင်းနဲ့တော့ မီးစနည်းနည်းကနေ မီးလောင်မှုအကြီးကြီးတွေ ဖြစ်သွားနိုင်ပါတယ်” ဟု အထက်ပါ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်က ပြောသည်။
နွေရာသီကူးပြောင်းစကာလ ရောက်လာသည့်နှင့်တစ်ပြိုင်နက် မီးပေါ့ဆမှုကြောင့် နေအိမ်မီးလောင်၊ တောမီးလောင်မှုများ နေ့စဉ်ရက်ဆက် ရှိလာနေသည့်အတွက် ပြည်သူများအနေဖြင့် မီးသုံးစွဲမှုကို အထူးသတိပြုကြပါရန် မီးသတ်အဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့က တိုက်တွန်းပြောဆိုထားသည်။