စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲသည် မွန်ပြည်နယ်တွင် မြို့နယ် ၆ မြို့နယ်ခန့်တွင်သာ ကျင်းပနိုင်ချေရှိသည်ဟု မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက ပြောသည်။
စစ်ကောင်စီအနေဖြင့် ယခုနှစ် ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ ကျင်းပသွားရန် စီစဉ်ထားကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၇ ရက်နေ့ ဘယ်လာရုခရီးစဉ်အတွင်း ပြောကြားခဲ့သည်။
အဆိုပါ ရွေးကောက်ပွဲအပေါ် မိမိတို့ MUP ပါတီအနေဖြင့် ပြင်ဆင်ထားခြင်း မရှိသေးကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ၏ ညွန်ကြားချက်လည်း မထွက်လာသေးကြောင်း နိုင်သန်းရွှေက ပြောသည်။

“ဒီလိုတော့ ဘာမှ ပြင်ဆင်ထားတာတော့ မရှိသေးဘူးလေ၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ကော်မရှင်ရဲ့ ဒီရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ ကော်မရှင်ရဲ့ ညွန်ကြားချက်တွေ ဘာမှ မထွက်လာသေးဘူး ဆိုတော့ ကျနော်တို့ ဘာမှလည်း ပြင်ဆင်ထားတာကတော့ မရှိသေးဘူးပေါ့နော်၊ ဒီရွေးကောက်ပွဲ အတွက်ကတော့၊ တစ်ဝက်ကျော်ကျော် (မွန်ပြည်နယ်) တော့ ကျင်းပနိုင်မယ်ထင်တယ်။ ဥပမာ ၆ မြို့နယ်လောက်တော့ ကျင်းပနိုင်လိမ့်မယ်၊ အဲဒီ ၆ မြို့နယ်လည်း အပြည့်အစုံတော့ မဟုတ်ဘူး။ တချို့မြို့နယ်လည်း မြို့ပေါ်နဲ့ အဲဒီလောက်ပဲ ကျင်းပနိုင်မယ်၊ ဥပမာ ရေးဆိုရင်လည်း ရေးမြို့အတွင်းနဲ့ တခြားရွာတွေ အနည်းငယ်သာ ကျင်းပနိုင်မယ်၊ အဲဒီလောက်ပဲ ကျင်းပနိုင်မယ်ထင်ပါတယ်။ ၆ မြို့နယ်လောက်ပါပဲ” ဟု ၎င်းက ပြောသည်။
မွန်ပြည်နယ်တွင် မြို့နယ် ၁၀ မြို့နယ်ရှိသည့်အနက် သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင်၊ ချောင်းဆုံ၊ ပေါင်၊ ကျိုက်မရောမြို့နယ် နေရာအချို့နှင့် ရေးမြို့ပေါ်ရပ်ကွက်၊ ကျေးရွာအချို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ချေရှိသည်ဟု ပြောသည်။
ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက လုံခြုံရေးက အဓိက ခြိမ်းခြောက်မှု ဖြစ်လာနိုင်ပြီး မဲဆွယ်စည်းရုံးမှု၊ လူထုဟောပြောပွဲ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိလာနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
အလားတူ ကရင်ပြည်နယ်တွင်လည်း ဘားအံနှင့် လှိုင်းဘွဲ့မြို့နယ် နှစ်ခုတွင်သာ ရွေးကောက်ပွဲ ကျင်းပနိုင်ချေရှိကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။
“ရွေးကောက်ပွဲ ကျင်းပနိုင်ရင်တော့ကောင်းတယ်၊ ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးစားစေချင်တယ်၊ ရွေးကောက်ပွဲကို သမာသမတ်ဖြစ်စေတဲ့ နည်းနဲ့ အန္တရာယ်လွတ်လွတ်ကင်းကင်း ရှိတဲ့ နည်းနဲ့ ရွေးကောက်ပွဲ ကျင်းပတာကို ကြိုဆိုတယ်၊ သူပြောတာ (စစ်ကောင်စီ) ကျနော်တို့ဆီ ဘာမှ မလာသေးတော့ အထိုက်အလျှောက်ပဲ အနည်းအကျဉ်းလောက်ပဲ ပြောထားဆိုထားကြသေးတယ်လေ။ ကြီးကျယ်တော့ ဘာမှ မပြင်ဆင်ထားရသေးပါဘူး။ ကျနော်တို့ ကရင်ပြည်နယ်က လောလောဆယ် အခြေအနေက မြို့နယ် နှစ်မြို့နယ်လောက်ပဲ ဖြစ်နိုင်ချေ နည်းနည်းလေး ရှိတာပေါ့၊ ကျန်တဲ့ မြို့နယ်တွေက ဖြစ်နိုင်ချေ နည်းတာပေါ့ဗျာ၊ ဘယ်လိုစီစဉ်မလဲတော့ မပြောတတ်ဘူးပေါ့၊ ဒါပေမဲ့ အဲဒီ နှစ်မြို့နယ်လောက်ဆိုလို့ရှိရင်လည်း တမျိုးကြီးတော့ ဖြစ်နေတာပေါ့၊ နှစ်မြို့နယ်လောက်ပဲ လုပ်မယ်ဆိုရင်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီက ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ထံ ပြန်လည်၍ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၅၄ ပါတီရှိနေသည်ဟု သိရသည်။
စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ပြောဆိုထားသလို တော်လှန်ရေး အင်အားစုများကလည်း ကန့်ကွက်ကြောင်း အသီးသီး ထုတ်ပြန်ထားသည်။