ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ လှိုင်ကနီကျေးရွာတွင် ဖြစ်ပွားခဲ့သည့် နေအိမ်ဈေးဆိုင်ထဲထိ ဝင်ရောက်လာပြီး သေနတ်ဖြင့် ခြိမ်းခြောက်လုယက်သူကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လှိုင်ကနီကျေးရွာအရှေ့ပိုင်းနေ နိုင်ထွန်းဦးနှင့် မိမဖဲတို့၏ နေအိမ်ဈေးဆိုင်ထဲကို ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းအချိန်က လက်နက်ကိုင်ဆောင်ထားသည့် လူနှစ်ဦး ဝင်ရောက်လာပြီး သေနတ်ဖြင့် ခြိမ်းခြောက်ကာ ရွှေ၊ ငွေများ ထုတ်ပေးရန် ပြောဆိုချိန် အိမ်ရှင်က ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခံရာမှ အနီးနားရှိ ဖုန်းနှစ်လုံးကိုသာ ယူဆောင်ပြီး ထွက်ပြေးသွားကြသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားသည့်နောက် ဒေသတွင်းလှုပ်ရှားနေသည့် မွန်ပြည်သစ်ပါတီ NMSP-AD တပ်ဖွဲ့ဝင်တို့က လိုက်လံရှာဖွေစုံစမ်းခဲ့ပြီး မကြာရက်ပိုင်းအတွင်းက ကျူးလွန်သူတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
“သူတို့လုယူသွားတဲ့ဖုန်းထဲက ဆင်းကဒ်ကို မထုတ်ဘဲနဲ့ ဆက်သုံးနေတယ်။ အိမ်ရှင်ကလည်း အဲဖုန်းကို ခေါ်ကြည့်လိုက်တယ်။ ဖုန်းက ဝင်နေသေးတယ်။ ဆင်းကဒ်မလဲထားဘူးပေါ့။ ပြီးတော့ ဒေသတွင်းတာဝန်ရှိသူတွေကို နောက်တစ်ကြိမ် သွားရောက်တိုင်ကြားခဲ့တယ်။ အဲကနေပြီးတော့ ဝဲကလွန်ကျေးရွာနဲ့ အင်းခွကျေးရွာကြားမှာ ဖမ်းဆီးရမိခဲ့တယ်။ ဖုန်းနှစ်လုံးကိုလည်း ပြန်ရခဲ့ပြီ” ဟု နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါလုယက်သူနှစ်ဦးအနက် မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာဇာတိဖြစ်သည့် စက်ရုပ်ဆိုသူကို ဖမ်းဆီးရမိသော်လည်း ကျန်တစ်ဦးကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း မွန်ပြည်သစ်ပါတီ NMSP-AD က ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ဆိုသည်။
“လောလောဆယ်တော့ ဒီတစ်ယောက်ကိုပဲ ဖမ်းဆီးရမိသေးတယ်။ ကျန်တစ်ယောက်ကတော့ မရသေးဘူး။ ဆက်လက်စုံစမ်းနေဆဲပဲ။ သူတို့က သာမန်အရပ်သားတွေပဲ။ လက်နက်ကိုင်အဖွဲ့နဲ့ ဘာမှ မသက်ဆိုင်ဘူး။ မွန်ပြည်သစ်ထိန်းချုပ်နယ်မြေမှာ ဖြစ်သွားတော့ သူတို့တပ်သားပဲလို့ အများစုက ထင်မြင်နေကြတာပေါ့လေ။ အဲဒီလို ထင်မြင်ယူဆမှု မမှားအောင် ကျနော်တို့ကို ခေါ်ယူပြီး ဖမ်းဆီးရမိထားတဲ့သူကို လာတွေ့ခိုင်းပြီး ရှင်းလင်းပြောဆိုခဲ့တယ်” ဟု အထက်ပါ နီးစပ်သူက ပြောသည်။
စစ်အာဏာသိမ်းသည့်နောက် နိုင်ငံရေးအခြေအနေများကြောင့် အလုပ်အကိုင်ရှားပါးခြင်း၊ တရားဥပဒေ စိုးမိုးမှု မရှိခြင်း၊ လက်နက်ကိရိယာ အလွယ်တကူ ရရှိနေခြင်းကြောင့် ခိုးဆိုးလုယက်မှု ဖြစ်စဉ်များ အဖြစ်များလာခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတို့အကြား ပြောဆိုနေကြသည်။
“ဒီလိုဖြစ်စဉ်မျိုးက စစ်အာဏာသိမ်းတဲ့နောက်ပိုင်းမှာ တော်တော်ကို အဖြစ်များလာတယ်။ အထူးသဖြင့် စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့၊ ရွာတွေမှာ ပိုဖြစ်များလာနေတာ တွေ့ရတယ်။ ကျနော်တို့ရဲ့ ဒီမွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေမှာဆို ဒီလိုဖြစ်စဉ်မျိုး မဖြစ်တာ နှစ်နဲ့ချီရှိနေပြီ။ အခုမှ ပထမဆုံးအကြိမ် ပြန်ဖြစ်လာတယ်လို့ ပြောလို့ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
လှိုင်ကနီကျေးရွာသည် မွန်ပြည်သစ်ပါတီ NMSP-AD ထိန်းချူပ်ထားသည့် နယ်မြေဒေသအတွင်း တည်ရှိပြီး လုံခြုံရေးတင်းကြပ်ထားသည့်ကြားတွင် ယခုလို အိမ်ထဲထိဝင်ရောက်လုယက်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။