spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းထိန်းချုပ်နယ်မြေထဲ လက်နက်ကိုင် ဝင်ရောက်လာခြင်းကို လက်မခံဟု TNLA ပြော

    ထိန်းချုပ်နယ်မြေထဲ လက်နက်ကိုင် ဝင်ရောက်လာခြင်းကို လက်မခံဟု TNLA ပြော

    -

    တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက် ထိန်းချုပ်ထားသည့် နယ်မြေများထဲသို့ လက်နက်ကိုင်ဆောင်ပြီး ဝင်ရောက်လာခြင်းများအပေါ် လက်မခံဟု TNLA ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် TNLA နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ကြား ပွတ်တိုက်မှု ဖြစ်ပွားပြီးနောက် TNLA က ယခုကဲ့သို့ ပြောဆိုလာခြင်းဖြစ်သည်။

    TNLA ထိန်းချုပ်နယ်မြေထဲ လက်နက်ကိုင်ပြီး ဝင်ရောက်ခြင်းမျိုးမပြုလုပ်ရန်လည်း KIA ထံ အကြောင်းကြားပြီးဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

    “လက်တလောမှာက ကျွန်မတို့ TNLA နဲ့ KIA ကြားမှာ မြေပြင်မှာ ပွတ်တိုက်မှုတွေ ကသိကအောက်ဖြစ်မှုတွေက မကြာခဏဖြစ်ပွားနေပါတယ်။ ၇ ရက်နေ့တုန်းကလိုမျိုးဆိုရင်လည်း ကွတ်ခိုင်မှာ KIA နဲ့ TNLA ကြားမှာ ပွတ်တိုက်မှုတွေရှိပါတယ်။ ကျွန်မတို့တွေဘက်ကလည်း အင်အားသုံးပြီးမှ ဖယ်ရှားတာမျိုးတွေရှိပါတယ်။ လွန်ခဲ့တဲ့ ၇ ရက်နေ့တုန်းက KIA တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတယ်။ သတင်းတွေပို့ခြင်းမရှိဘဲနဲ့ ခွင့်တောင်းခြင်းမရှိဘဲနဲ့ ဝင်ရောက်လာတယ်။ ဆိုတော့က ဒီလိုမျိုးအင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာခြင်းက လူထုအတွက် လုံခြုံရေးကို ထိပါးစေတယ်” ဟု လွေးယေဦးက ပြောသည်။

    ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကွတ်ခိုင်မြို့အပါအဝင် မြို့ပေါင်း ၁၂ မြို့ထက်မနည်းကို TNLA က တိုက်ခိုက်သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းစဉ်များလည်း အကောင်အထည်ဖော်လျက်ရှိသည်။

    မတ်လ ၇ ရက်နေ့က ကွတ်ခိုင်မြို့ရှိ KIA ဆက်ဆံရေးရုံးကို TNLA က လာရောက်ဖယ်ရှားရာမှ နှစ်ဖက် ညှိနှိုင်းမှုမရဘဲ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပြီး TNLA ဘက်က ဆက်ဆံရေးရုံးရှိ KIA တပ်သားများနှင့် လာရောက်ဝန်းရံသည့် ကချင်ဒေသခံများကို ရိုက်နှက်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

    နှစ်ဖက် ပွတ်တိုက်မှုအခြေအနေကို KIA နှင့် TNLA ထိပ်ပိုင်းခေါင်းဆောင်တို့က နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းရန် လုပ်ဆောင်နေကြောင်း TNLA ဘက်က ပြောဆိုသည်။

    KIA နှင့် TNLA ကြား ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်ပြီး KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က “ရှမ်းမြောက်လူထုနဲ့ ဒီကြားထဲအစည်းအဝေးလုပ်မယ်။ လူထုရဲ့ သဘောထားရယူပြီးရင်တော့ ဆုံးဖြတ်ချက် ချနိုင်မယ်ထင်ပါတယ်” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြသည်။

    ၂၀၂၅ ခုနှစ်အစောပိုင်းမှ စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မုံးကိုး၊ နမ့်မို၊ နမ့်ဖက်ကာမြို့နယ်နှင့် ကွတ်ခိုင်ဒေသတွင် TNLA နှင့် KIA တို့ကြား ပွတ်တိုက်မှု ပိုမိုကြီးထွားလာပြီး လူမျိုးရေး ပဋိပက္ခအသွင်ဆောင်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks