spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမိဘအုပ်ထိန်းသူတို့မှ အဆက်သွယ်ဖြတ်ထားသဖြင့် မွန်ပြည်သစ်ပါတီမူးယစ်ဆေးထိန်းချုပ်ကုသရေးစခန်းတွင် အစားအသောက် ခက်ခဲနေ

    မိဘအုပ်ထိန်းသူတို့မှ အဆက်သွယ်ဖြတ်ထားသဖြင့် မွန်ပြည်သစ်ပါတီမူးယစ်ဆေးထိန်းချုပ်ကုသရေးစခန်းတွင် အစားအသောက် ခက်ခဲနေ

    -

    မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် မူးယစ်ဆေးဝါး ထိန်းချုပ်ကုသရေးစခန်းတွင် ရောက်ရှိနေသည့် မူးယစ်ဆေးစွဲသူတို့ကို ၎င်းတို့ မိဘအုပ်ထိန်းသူတို့မှ အဆက်သွယ်ဖြတ်ထားသည့်အပြင် အလှူရှင်မရှိခြင်းကြောင့် စားသောက်ရေးခက်ခဲနေကြောင်း သိရသည်။

    ထားဝယ်ခရိုင် မူးယစ်ဆေးထိန်းချုပ်ကုသရေးစခန်းတွင် အကြောင်းအမျိုးမျိုးကြောင့် မူးယစ်ဆေးဝါးစွဲလမ်း၍ မွန်ပြည်သစ်မှ ဖမ်းဆီးထားသူတို့အပြင် ဆေးဖြတ်ရန် မိဘအုပ်ထိန်းသူတို့မှ လာရောက်ပို့ဆောင်ထားသည့် မူယစ်ဆေးစွဲသူ ၁၀၀ ဝန်းကျင်ကို လက်ရှိတွင် ထိန်းသိမ်းစောင့်ရှောက်ထားရကြောင်း သိရသည်။

    မူးယစ်ဆေးစွဲသူတို့ကို မိဘအုပ်ထိန်းသူတို့မှ မွန်ပြည်သစ်ပါတီ မူးယစ်ဆေးထိန်းချုပ် ကုသပေးနေသည့်ဌာနမှ တာဝန်ရှိသူတို့ထံ လာရောက်အပ်နှံသည့် ရက်မှစ၍ အဆက်သွယ်ဖြတ်တောက်ထားသည့်အပြင် အဆက်သွယ်ရှိနေသူတို့မှလည်း လစဉ်စားသောက်စရိတ် မပေးသွင်းနိုင်သဖြင့် အခက်ခဲပိုများနေကြောင်း ထားဝယ်ခရိုင်မူးယစ်ဆေးထိန်းချုပ်ကုသရေးစခန်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

    " ဝင်ငွေက နည်းပြီးထွက်ငွေက များနေတာ ဈေးနှုန်းကလည်းကြီးတော့။ တစ်ချို့ကအပ်ထားပြီးတော့ ပြစ်ထားတယ်။ အဆက်သွယ်လည်းမလုပ်ဘူး။ သူတို့ဆီကိုအဆက်သွယ်ယူလို့လည်းမရဘူး။ အဲ့ကြောင့်အခက်ခဲကပိုများလာတယ်။ တစ်ချို့က ကျန်းမာရေးမကောင်းတော့ ဆေးဖိုးနဲ့ဆိုပိုပြီးတော့တောင်အခက်ခဲရှိတယ်"ဟု ဆိုသည်။

     နွေရာသီသို့ရောက်ရှိလာသဖြင့် မူယစ်ဆေးထိန်းချုပ်ကုသရေး ဌာနတစ်ဝိုက် စိုက်ပျိုးထားသည့် စိုက်ခင်းမှ ဟင်းသီးဟင်းရွက်တို့ဖြင့် စားသောက်ရန်မလုံလောက်မှုဖြစ်လာခြင်းနှင့် ပြီးခဲ့သည့် ဇန်နဝါရီအတွင်း ဖြစ်ပွားခဲ့သည့် ကျုံလောင်းတိုက်ပွဲစ၍ စစ်ကောင်စီမှ စားနပ်ရိက္ခာတင်သွင်းခွင့် ကန့်သတ်ထားမှုကြောင့် ပိုမိုခက်ခဲလာကြောင်း ဆက်ပြောသည်။

    ဌာနအတွင်း စားသောက်စရိတ်နှင့် ဆေးဝါးအခက်အခဲ ရင်ဆိုင်နေရသော်လည်း မူယစ်ဆေးဖြတ်ရန် လာရောက်သည့် သူတို့ကို ဆက်လက်လက်ခံနေဆဲဖြစ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပေးနေဆဲဖြစ်သည်။

    ၎င်းက"လာအပ်တဲ့ သူတွေကိုတော့ လက်ခံနေဆဲပဲပေါ့နော်၊ သဘောတရားဖြစ်တည်မှုတွေ လိုက်နာရမဲ့ စည်းကမ်းတွေကို ရှင်းပြပြီး ပုံမှန်ပဲ လက်ခံနေဆဲပဲ"ဟု ပြောသည်။

    ထို့ကြောင့် ယခုအခက်အခဲကို မွန်မိဘပြည်သူနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ကုသရေးကမ္မတီတို့အပြင် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအထိ ဝိုင်းဝန်းအဖြေရှာသင့်ကြောင်း ဆက်လက်တိုက်တွန်းသည်။

    အဆိုပါထားဝယ်ခရိုင် မူးယစ်ဆေးဝါး သိမ်းထိန်းကုသရေးစခန်းတွင် မွန်လူမျိုးသာမက ဗမာနှင့် ထားဝယ်လူမျိုးတို့လည်းရှိပြီး အသက်အပိုင်းအခြားအလိုက် ၁၃ နှစ်မှ ၆၅ နှစ်အရွယ်အထိ ရှိနေပြီး မူးယစ်ဆေးစွဲသူတစ်ဦးကို အချိန်ကာလ ၆ လမှ တစ်နှစ်အထိ ထိန်းသိမ်းကုသထားရသည်။

    မွန်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးများကို ဈေးပေါပေါဖြင့် စားသောက်ကုန်တစ်ခုကဲ့သို့ အလွယ်တကူဝယ်ယူရရှိနေသည့်အတွက် မူးယစ်ဆေးဝါးသုံးစွဲသူများလာသည်ဟု မူးယစ်ဆေးဝါးအရေး လှုပ်ရှားနေသူတို့က ပြောသည်။

    မွန်ပြည်သစ်ပါတီသည် မူးယစ်ဆေးစွဲနေသူများကို ဆေးဖြတ်စခန်းတို့တွင် ထိန်းသိမ်းပြီး ပြည်လည်ထူထောင်မှု လုပ်နေသည့်အပြင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကိုလည်း ပြစ်ဒဏ်ချမှတ်ပြီး အရေးယူမှုများလည်း လုပ်ဆောင်နေသည်ဟု မွန်ပြည်သစ်ပါတီတာဝန်ရှိသူတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks