spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းမြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ကြော်င့် ထိခိုက်သေဆုံးမှု တိုးများလာ

    မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ကြော်င့် ထိခိုက်သေဆုံးမှု တိုးများလာ

    -

    မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးမှု သိသိသာသာ တိုးများလာသည်ဟု နိုင်ငံတကာ မြေမြှုပ်မိုင်းတားဆီးရေးလှုပ်ရှားမှု (ICBL) ၏ သုတေသနအဖွဲ့တစ်ခုဖြစ်သည့် ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ မြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

    မြန်မာနိုင်ငံဆိုင်ရာ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေး အစီရင်ခံစာကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မိတ်ဆက်ထုတ်ပြန်ခဲ့ပြီး ကမ္ဘာ့တဝှမ်းတွင် မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှုအများဆုံးနိုင်ငံ ဖြစ်လာကြောင်းလည်း ပြောဆိုခဲ့သည်။

    စစ်အာဏာသိမ်းကာလ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ မိုင်းနှင့် စစ်ပွဲအတွင်း ကြွင်းကျန်ရစ်သော ပေါက်ကွဲစေသည့် စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးမှုသည် အနည်းဆုံး ၁၀၀၃ ဦးရှိသည်ဟု မြန်မာနိုင်ငံဆိုင်ရာ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။

    မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများအန္တရာယ်ကို စစ်အာဏာမသိမ်းခင်က မြို့နယ်ပေါင်း ၉၀ ခန့်တွင်သာ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး အာဏာသိမ်းပြီးနောက် မြို့နယ်ပေါင်း ၁၉၀ တွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများအန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့နေရကြောင်းလည်း ဆိုထားသည်။

    နေပြည်တော်နှင့် နယ်မြေနီးစပ်သည့် ကရင်နီပြည်နယ်တွင် မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်ကြုံတွေ့နေရကြောင်း အရက်ဘက်၊ စစ်ဘက် သတင်းရင်းမြစ်များက ပြောသည်။

    “မသိလို့ အိုးအိမ်ပြန်ကြည့်လို့ မြေမြှုပ်မိုင်းနင်းမိနေတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ခြေထောက်ပြတ်တာတို့ မျက်လုံး နှစ်ဖက်စလုံးကွယ်တာတို့ပေါ့။ ဒါတွေအများကြီးရှိခဲ့တယ်။ ခြံဝန်း၊ အုပ်တံတိုင်းဘေးတို့ ခြံစည်းရိုးဘေးတို့ အိမ်အုပ်မြစ်ဘေးတို့ကစပြီး ထင်ရာစိုင်း ထောင်ထားပါတယ်။ မြေမြုပ်မိုင်းက စစ်တပ်တွေ တပ်စွဲထားခဲ့သောနေရာ ဧရိယာတိုင်းမှာရှိနေတာဖြစ်တဲ့အတွက် အခုထိလည်း အကုန်မရှင်းလင်းနိုင်သေးပါဘူး။ ကိုယ့်အိုးအိမ် ပြန်ကြည့်ချင်တဲ့ ပြည်သူတွေကိုလည်း တပ်ဖွဲ့တွေဆီ အကြောင်းကြားပြီးမှ ခြံဝန်းတွေထဲ စစ်ဆေးတာတွေ လုပ်ဆောင်ပြီးမှ ပြန်ဖို့ မေတ္တာရပ်ခံထားတာတွေရှိပါတယ်” ဟု ကရင်နီးပြည်နယ်၊ မိုးဗြဲဒေသရှိ စစ်ဘေးရှောင်အရေး ကူညီနေသူ ကိုဂျူလိုင်က ပြောသည်။

    မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများအန္တရာယ်ကို မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းတို့တွင် ရင်ဆိုင်ကြုံတွေ့နေရပြီး မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများကြောင့် လူထိခိုက် သေဆုံးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

    မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် ပထမ ကိုးလတာကာလအတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် လူပေါင်း ၁၃၀ ဦး သေဆုံးပြီး၊ ၇၅၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ကလည်း ထုတ်ပြန်ထားသည်။

    မြန်မာနိုင်ငံသည် မြေမြုပ်မိုင်းများကို ဆက်လက်ထုတ်လုပ် သုံးစွဲနေဆဲဖြစ်ပြီး အစိုးရမဟုတ်သည့် လက်နက်ကိုင်အဖွဲ့များသည် လက်လုပ်တိုက်မိုင်းများအပါအဝင် လူသတ်မိုင်းများကို ထုတ်လုပ်အသုံးပြုကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း မိုင်းအသစ်အသုံးပြုမှုများ သိသိသာသာ တိုးများလာသည်ဟု မြန်မာနိုင်ငံဆိုင်ရာ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေး အစီရင်ခံစာတွင် ပါရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks