spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းအနန်းကွင်းကျေးရွာရှိ နေအိမ်များ ဆက်တိုက်မီးရှိုးခံနေရ

    အနန်းကွင်းကျေးရွာရှိ နေအိမ်များ ဆက်တိုက်မီးရှိုးခံနေရ

    -

    မွန်နှင့် ကရင်ပြည်နယ်အစပ် သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းပေါ်ရှိ အနန်းကွင်းကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က ဆက်တိုက်မီးရှို့နေကြောင်း သိရသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့မှစတင်ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ အနန်းကွင်းကျေးရွာက နေအိမ်ပေါင်း ၅၀ ခန့်ကို စစ်ကောင်စီတပ်တို့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း အဆိုပါဒေသတွင် လှုပ်ရှားနေသည့် နဂါးနီစစ်ကြောင်းက ဖေဖော်ဝါရီလ ၇ ရက်နေ့က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

    အဆိုပါမီးရှို့ခံရသည့်ဖြစ်စဉ်နှင့် လက်ရှိတိုက်ပွဲအခြေအနေကို သိရှိနိုင်ရန် ဒေသတွင်းလှုပ်ရှားနေသည့် နဂါးနီစစ်ကြောင်းကို လွတ်လပ်သော မွန်သတင်းအေဂျင်စီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားပေးရန် အဆင်မပြေသေးကြောင်း ပြောဆိုခဲ့သည်။

    အိမ်ခြေ ၅၀၀ ကျော်ရှိသည့် အနန်းကွင်းကျေးရွာကို ကရင်၊ ဗမာနှင့် မွတ်ဆလင်တချို့နေထိုင်ပြီး တိုက်ပွဲကြောင့် လူဦးရေတစ်ထောင်ကျော်ရှိသည့် အနန်းကွင်းရွာအပြင် အနီးတစ်ဝိုက်ရှိ စစ်ရှောင်ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    “ကျနော်တို့ ရွာကနေ ပြေးထွက်လာတာ ၂ နှစ်နီးပါးရှိပြီ။ ရွာဘက်ခြမ်းမှာ လိုင်းမရှိလို့ ရွာကလူတွေနဲ့လည်း အဆက်အသွယ်မရတာ ကြာနေပြီ။ ရွာကို မီးရှို့ဖျက်ဆီးနေတာ မြင်တော့ တကယ်စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမဲ့ ဘာမှမတတ်နိုင်ဘူးလေ။ ရွာကလူတွေအများစုက ထိုင်းဘက်ကို ထွက်ပြေးလာကြတာများတယ်။ ကျနော်လည်း အခု ထိုင်းမှာပဲ” ဟု ထိုင်းနိုင်ငံသို့ တိမ်းရှောင်နေရသည့် အနန်းကွင်းရွာခံတစ်ဦးက ပြောသည်။

    စစ်ကောင်စီတပ်မှ ကျေးရွာ မီးရှို့ဖျက်ဆီးသည့် လုပ်ရပ်သည် ၎င်းတို့အခက်ကြုံသည့်အခါ လုပ်ဆောင်လေ့ရှိကြောင်း မွန်ပြည်သူ့လူ့အခွင့်အရေးဖောင်ဒေးရှင် ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။

    “ပြည်သူတွေ မရှိတာနဲ့ ကျေးရွာတွေကို လိုက်မီးရှို့ပစ်တာက သူတို့ အကျင့်ပဲလေ။ သူတို့ရဲ့ယုတ်မာစိတ်တွေက သိတဲ့အတိုင်းပါပဲ။ စစ်ရှောင်တွေကလည်း အခုချိန်အထိကို နေရပ်မပြန်နိုင်ကြသေးဘူး။ ပြီးတော့ ဘာအလုပ်မှလည်း လုပ်စရာမရှိသေးတော့ ခက်ခဲကြတာပေါ့။ ကူညီရေးအဖွဲ့တွေကလည်း အလှူရှင်တွေကနေတဆင့် ရပြီးတော့မှ လာရောက်ကူညီရတဲ့အတွက် တစ်ချို့နေရာတွေမှာ စားနပ်ရိက္ခာ မလုံလောက်မှုတွေ ဖြစ်တယ်။ စစ်ရှောင်တွေအတွက် အဝတ်အစားတွေရဖို့ ကျနော်တို့ကလည်း လိုက်စုဆောင်းပြီး သွားရောက်လှူဒါန်းပေးနေတာ ရှိတယ်။ အများကြီးတော့ ကူညီနိုင်တာ မရှိသေးဘူး။ တစ်ရွာနှစ်ရွာလောက် သွားရောက်ကူညီနိုင်ဖို့တောင် အဆင်မပြေနိုင်သေးဘူး” ဟု ၎င်းက ပြောသည်။

    အနန်းကွင်းကျေးရွာအနီးရှိ အနန်းကွင်းဗျူဟာတပ်စခန်းကို သိမ်းပိုက်နိုင်ရန် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လမှစတင်ပြီး တော်လှန်ရေးပူးပေါင်းတပ်တို့က ပိတ်ဆို့တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းများဖြင့် ပစ်ကူခုခံတိုက်ခိုက်နေသည့်အတွက် ယခုချိန်အထိ သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။

    အနန်းကွင်းဗျူဟာတပ်စခန်းကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)၊ နဂါးနီစစ်ကြောင်းနှင့် ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် ပူးပေါင်းတပ်တို့က ပိတ်ဆို့တိုက်ခိုက်နေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks