တော်လှန်ရေးကြားကာလမှ စတင်ပြီး အသွင်ကူးပြောင်းရေးကာလအထိ ကျင့်သုံးရန်"ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီမံဆိုင်ရာ အခြေခံဥပဒေ"တစ်ခုကို စတင်ရေးဆွဲနေပြီးဖြစ်သည်ဟု တိုင်းရင်းသားလက်နက်ကိုင်နှင့် အရပ်ဘက်အဖွဲ့အစည်း ၉ ဖွဲ့မှ ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။
ဗဟိုချုပ်ကိုင်မှုစနစ်သည် အစိုးရအဆက်ဆက်၏ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ရုံမက နောက်ဆက်တွဲ ပိုမိုရှုပ်ထွေးသည့် နိုင်ငံရေးပြဿနာကို ထပ်ဆင့်ဖြစ်ပေါ်စေသည်ဟု ရေးသားဖော်ပြထားသည်။
ထို့ကြောင့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် အသွင်ကူးပြောင်းရေးကာလအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ သက်ရောက်မှုရှိသည့် အုပ်ချုပ်ရေးစာတမ်းအဖြစ်ကျင့်သုံးဆောင်ရွက်သွားရန် "ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီမံဆိုင်ရာ အခြေခံဥပဒေ"အား စတင်ရေးဆွဲနေကြောင်း တိုင်းရင်းသား ခုခံတော်လှန်ရေးအဖွဲ့အစည်းများ ပြည်နယ်/လူမျိုးကိုယ်စားပြု ဖက်ဒရယ်ကောင်စီများမှပူးပေါင်းကာ ရေးသားထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၊ တအောင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)- WLB တို့ ပူးပေါင်းပါဝင်ထားကြောင်း သိရသည်။
လက်ရှိတော်လှန်တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့်လည်း တော်လှန်ရေးကာလ/ကြားကာလမှ စတင်ပြီး ဗဟိုအခြေပြု ဖက်ဒရယ်စနစ်(Holding Together) ကို လက်ခံကျင့်သုံးသွားမည်မဟုတ်ကြောင်းနှင့် "ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး"(Bottom-up Federalism Apporach) အခြေခံချဉ်းကပ်မှု ကြိုးပမ်းသွားမည်ဟုလည်း အသိပေးထားသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင်လည်း"ပြည်နယ် အာကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး"(Bottom-up Federalism Approach) ချည်းကပ်မှုပုစံဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကို လိုလားသော အဖွဲ့အစည်းများနှင့်အတူ တိုက်ပွဲဝင်သွားမည်ဟု တိုင်းရင်းသားလက်နက်ကိုင်နှင့်အရပ်ဘက်အဖွဲ့အစည်း ၉ ဖွဲ့မှ ထုတ်ပြန်ထားသေးသည်။

