မွန်အမျိုးသားပညာရေးကော်မတီ MNEC လက်အောက်ရှိ ကျောင်းသား/သူတို့ ယမန်နှစ်တို့ထက် ကျောင်းထွက်နှုန်းများနေပြီး အတန်းတင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသားဦးရေလည်း လျော့နည်းလာကြောင်း မွန်အမျိုးသားကျောင်း တာဝန်ရှိသူတို့မှ သိရသည်။

ယခုပညာသင်နှစ် နှစ်ဝက်မှစ၍ အတန်းကြီးကျာင်းသား/သူတို့ကိုမိဘအုပ်ထိန်းသူတို့မှ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် ကျောင်းထုတ်ခေါ်ယူမှုနှင့် စာမေးပွဲဖြေဆိုရန် နီးကပ်လာချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသား/သူအချို့ ရက်ရှည်ကြာကျောင်းပျက်ပြီး ကျောင်းထွက်မှုနှုန်းတိုးလျှက်ရှိသည်။
ကျိုက်မရောမွန်အမျိုးသားကျောင်းမှဆရာမတစ်ဦးက “အရင်နှစ်တွေထက်စာရင်တော့ တစ်ဝက် လောက် လျော့သွားတာပဲ အမေနဲ့အတူထိုင်းသွားကြတယ်၊ အခု ကျမတို့တစ်ကျောင်းလုံးဆို ၅၈ ဦးပဲကျန်တယ် မနှစ်ကတော့ ၈၀ ကျော်လောက် ကျောင်းသား ရှိခဲ့တယ် ” ဟု၎င်းကပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာလက ထိုင်းနိုင်ငံမှ အလုပ်သမားကဒ်ပြုလုပ်ပေးချိန်တွင် ကျောင်းသားမိဘတို့မှ ကျောင်းထုတ်ခေါ်ယူမှုဆက်တိုက်ရှိခဲ့ကြောင်းနှင့်၊ ကျောင်းကြီးတစ်ကျောင်းလျှင် ၂၀ ဦး၊ မူလတန်းကျောင်းတစ်ကျောင်းလျှင် ၁၀ ဦးနှုန်းဖြင့် ကျောင်းသားဦးရေလျှော့ကျခဲ့ရကြောင်းလည်း ကျောင်း တာဝန်ရှိသူတို့၏ ပြောဆိုချက်အရ သိရသည်။
ထို့အတူ ယမန်နှစ်တွင် အံဒင်းကျောင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ ၃၄ ဦးအထိရှိပြီး ယခုနှစ်တွင် ၂၄ ဦးသာဝင်ရောက်ဖြေဆိုသွားမည်ဟုလည်း အံဒင်းကျောင်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။
လက်ရှိတွင် စာမေးပွဲဖြေဆိုရမည့်အချိန်စာရင်းကို မွန်အမျိုးသားပညာရေးကော်မတီမှ ထုတ်ပြန်ထားပြီးဖြစ်သော်လည်း တိုက်ပွဲကြောင့် နယ်စပ်ဘက်သို့ထွက်ပြေးတိမ်းရှောင်နေသည့် ကျောင်းသားအချို့နှင့် အဆက်သွယ်ပြတ်တောက် နေဆဲဖြစ်ကြောင်းလည်း ရေးမွန်အမျိုးသားကျောင်းဆရာမတစ်ဦးက ဆိုသည်။
“ မူလတန်းကတော့ ကိုယ့်ကျောင်းနဲ့ကိုယ်ဖြေကြရမှာ၊ ဒါမဲ့ စစ်ရှောင်တုန်းက နယ်စပ်ဘက်ရောက်သွားတဲ့ ကလေးတွေက အဆက်သွယ်မရတော့ မဖြေနိုင်ဘူး ” ဟု ပြောသည်။
ဖေဖော်ဝါရီ ၁၇ ရက်နေ့မှ ၂၄ ရက်အထိ မွန်အမျိုးသားကျောင်းမှ မူလအောက်ဆင့် ကျောင်းသား/သူတို့်ကို အတန်းတင်စာမေးပွဲ စတင်ကျင်းပပေးမည်ဖြစ်ပြီး အလယ်တန်းကျောင်းသား/သူတို့ကို ၂၀ ရက်နေ့မှစ၍ ၂၇ ရက်နေ့အထိ ကျင်းပသွားမည်ဟု သိရသည်။
Grade-5 Grade-9 Grade-12 တို့အနေဖြင့် မြို့နယ်အစိုးရအဆင့်စာမေးပွဲတွင် ဖြေဆိုရမည်ဖြစ်ပြီး မတ်လ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ဖြေဆိုသွားမည်ဟု မွန်အမျိုးသားပညာရေးကော်မတီမှ ညွှန်ကြားထားသည်။