spot_img
Friday, February 21, 2025
More
    spot_img
    Homeသတင်းဘုရားသုံးဆူမြို့က ကာစီနိုနှင့် လောင်းကစားရုံများ ပိတ်ထား

    ဘုရားသုံးဆူမြို့က ကာစီနိုနှင့် လောင်းကစားရုံများ ပိတ်ထား

    -

    ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ပေါ်က ကာစီနိုနှင့် လောင်းကစားရုံများ ဖေဖော်ဝါရီလ ၈ ရက်နေ့ကစပြီး ပိတ်ထားရကြောင်း မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။

    ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်နေသည်ဆိုသည့်အကြောင်းပြချက်ဖြင့် ထိုင်းဘက်က ဘုရားသုံးဆူမြို့ကို လျှပ်စစ်မီးဖြတ်တောက်သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင်ကာ မြို့ပေါ်ရှိ ကာစီနိုရုံများ၊ လောင်းကစားရုံများကို ပိတ်သိမ်းရန် ကရင်အမျိုးသားအစည်းအရုံး KNU က ညွှန်ကြားခဲ့သည်ဟု ဆိုသည်။

    ကာစီနိုရုံများ၊ လောင်းကစားရုံများသည် ဘုရားသုံးဆူမြို့ အမှတ် (၁) ရပ်ကွက်တွင် အများဆုံးရှိကြပြီး ယခုအခါ လုံးဝတိတ်ဆိတ်နေသည်ဟု မြို့ခံတစ်ဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “၂၀၂၃ တုန်းက ကျွန်တော်တို့ဘုရားသုံးဆူမြို့ထဲက ရပ်ကွက်တွေထဲမှာပဲ အဲဒီဂိမ်းတွေ စလော့ဂိမ်းတို့၊ ငါးပစ်ဂိမ်းတို့ စီးပွားရေးသမားတွေက ဖွင့်ထားတာတွေရှိတယ်။ ဖွင့်ထားတော့ ရပ်ကွက်ဆူညံမှုတွေဘာတွေဖြစ်တော့ KNU ကနေပြီးတော့ မြို့ထဲကနေသိမ်းပြီးတော့ အဲဒီရပ်ကွက် ၁ ကိုရွှေ့လိုက်တာ။ အဲဒီဘက်မှာ ခွင့်ပြုထားတာ။ သူ့အကျယ်အဝန်းဧရိယာက ဘယ်လောက်လောက်ရှိမလဲဆိုလို့ရှိရင် ကျွန်တော်တို့အမှတ် ၁ ရပ်ကွက် အထက်တန်းကျောင်းပေါ့နော်။ အထက်တန်းဂိတ်ကနေ အဲ့ဒီဘက်တစ်ကြောကနေ မျိုးချစ်ကာစီနို ထိုင်းနယ်စပ်တစ်ကြောအထိ အကျုံးဝင်တယ်။ ၈ ရက်နေ့ကနေ KNU က အဲဒီလောင်းကစားဝိုင်းတွေရှိတဲ့နေရာကို ပိတ်လိုက်တော့ အဲဒီနေရာက လုံးဝတိတ်ဆိတ်သွားတာပဲ။ အခုလက်ရှိ ကျန်နေတာက မြို့ထဲမှာ သူတို့တိုက်ခန်းတွေ၊ အိပ်ခန်းတွေ ငှားထားတဲ့စားသောက်ဆိုင်တွေမှာ ဖွင့်ထားတဲ့ အဲဒီအပေါ်ထပ်တွေမှာတော့ ကျားဖြန့်တွေဘာတွေ ကျန်နေသေးတယ်လို့တော့ ကျွန်တော်တို့ကြားတယ်” ဟု ဘုရားသုံးဆူမြို့ခံ တစ်ဦးက ပြောသည်။

    တရားမဝင် ဝင်ရောက်ကာ စားသောက်ကုန်ရောင်းချနေသော၊ ကာစီနိုလောင်းကစားလုပ်ငန်းများနှင့် ဂိမ်းရုံများ ဖွင့်ထားသည့် တရုတ်လူမျိုးများအနေဖြင့် ဘုရားသုံးဆူမြို့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မတိုင်ခင် ထွက်ခွာသွားရန် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA အမှတ် ၂ နည်းဗျူးဟာက ဖေဖော်ဝါရီလ ၉ ရက်နေ့က ထုတ်ပြန်ထားသည်။

    လိုက်နာမှုမရှိပါက ထိရောက်စွာအရေးယူမည်ဟု ကြေညာထားသော်လည်း လက်ရှိတွင် ဘုရားသုံးဆူမြို့ပေါ်တွင် ကာစီနိုရုံများ ပိတ်သွားသည်မှအပ ထူးထူးခြားခြား ပြောင်းလဲမှုမရှိဘူးဟု ဒေသခံတို့က ပြောသည်။

    DKBA အမှတ် ၂ နည်းဗျူဟာမှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်းကတော့ ဘုရားသုံးဆူမြို့ပေါ်တွင် ကာစီနိုနှင့် ဂိမ်းရုံများသာ ခွင့်ပြုထားပြီး ကျားဖြန့် ငွေလိမ်လုပ်ငန်းများမရှိဟု ငြင်းဆိုသည်။

    ၎င်းပြင် ဘုရားသုံးဆူမြို့ပေါ် ရောက်ရှိနေသည့် တရုတ်များသည် ကိုးကန့်တရုတ်များနှင့် မြန်မာပြည်ဖွား တရုတ်များသာဖြစ်ကြောင်းလည်း လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “ကျနော်တို့ ရိုးရိုးသားသားလာနေတဲ့ ကိုးကန့်တရုတ်တွေ မြန်မာစကားလည်း လည်လည်ဝယ်ဝယ်ပြောတတ်တယ်။ မှတ်ပုံတင်လည်းရှိတယ်။ သူတို့ကတော့ စားသောက်ဆိုင်တွေလာဖွင့်တာတို့၊ ဆေးလိပ်တွေလာဖွင့်တာတို့ နောက်အကင်တို့ဟောပေါ့တို့ အမျိုးမျိုးပေါ့နော်။ စီးပွားရေးလာလုပ်တာပေါ့နော်။ အဲ့တာကို အပြောခံရတာပေါ့။ ကျွန်တော်တို့ကို တမျိုးမြင်တယ်ပေါ့နော်။ သူတို့ရဲ့ လူမျိုးကလည်း ဒီအလုပ်နဲ့ပဲလုပ်စားတာကို လောင်းကစားနဲ့ ဘာနဲ့ ဒီစီးပွားရေးလုပ်ငန်းတွေ ဒါတွေပဲတွေ့ရတယ်။ တကယ်တကယ် ကျားဖြန့်က ကျွန်တော်တို့ဆီမှာ မရှိဘူးပေါ့နော်” ဟု ဗိုလ်မှူးကြီး စောအေဝမ်းက ပြောသည်။

    ဒေသခံတို့၏ အဆိုအရ တရုတ်လူမျိုးများ DKBA ၏ အကူအညီဖြင့် ဘုရားသုံးဆူမြို့သို့ ၂၀၂၃ ခုနှစ်ကတည်းက စတင်ဝင်ရောက်လာကြောင်း လက်ရှိတွင် ဘုရားသုံးဆူမြို့တွင် တရုတ်လူမျိုး သောင်းနှင့်ချီ ရောက်ရှိနေသည်။

    ၎င်းပြင် DKBA ပြောသည့် ကိုးကန့်လူမျိုးများသည် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ အဝယ်တော်ရာထူးသာရှိပြီး တရုတ်စစ်စစ်များ လာရောက်ကြီးစိုးနေကြောင်း ဒေသခံများက ပြောသည်။

    တရုတ်လူမျိုးများဝင်ရောက်လာပြီးနောက် ဘုရားသုံးဆူမြို့တွင် အိမ်ငှားခ၊ မြေငှားခများ စျေးမြင့်တက်လာကာ ဒေသခံများ စီးပွားရေး အဆင်ပြေလာခဲ့သည်။

    ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှိမ်နှင်းရန် ရည်ရွယ်ချက်ဖြင့် ထိုင်းအစိုးရက ဘုရားသုံးဆူမြို့အပါအဝင် နယ်စပ်တလျှောက်က ဒေသ ၅ ခုထက်မနည်းကို လျှပ်စစ်မီး၊ အင်တာနက်၊ စက်သုံးဆီ၊ ဆိုလာတင်သွင်းမှုများကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စတင်ကာ ဖြတ်တောက်ခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,100SubscribersSubscribe
    spot_img

    Latest posts