spot_img
Sunday, February 23, 2025
More
    spot_img
    Homeသတင်းစစ်ကောင်စီ တက္ကသိုလ်လေ့ကျင့်ရေးတပ်တို့မှ မော်လမြိုင်တွင် စစ်ပညာသင်တန်းဖွင့်လှစ်

    စစ်ကောင်စီ တက္ကသိုလ်လေ့ကျင့်ရေးတပ်တို့မှ မော်လမြိုင်တွင် စစ်ပညာသင်တန်းဖွင့်လှစ်

    -

    ၂၀၂၄- ၂၀၂၅ တက္ကသိုလ်ပညာသင်နှစ်၊ မော်လမြိုင်မှ တက္ကသိုလ်များတွင် ပညာသင်ကြားနေသည့် ကျောင်းဆရာ/ ဆရာမ၊ ကျောင်းသား/သူတို့ ပါဝင်သည့် စစ်ပညာသင်တန်းကို ယမန်နေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က မော်လမြိုင်ပညာရေးဒီဂရီကောလိပ်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များညွှန်ကြားရေးမှုးရုံး၊ အမှတ်(၃) တက္ကသိုလ်လေ့ကျင့်တပ်မှ ဦးစီးကာ မော်လမြိုင် တက္ကသိုလ်များမှ စစ်ပညာသင်တန်းတက်ရောက်ရန် ကိုယ်တိုင်ဆန္ဒပြုလျှောက်ထားသည့် ကျောင်းဆရာ/ဆရာမနှင့် ကျောင်းသား/သူတို့ကို ၃ လတာသင်တန်းပို့ချသွားမည်ဟု မော်လမြိုင်သတင်းရင်းမြစ်တစ်ဦးမှ ဆိုသည်။

    “မော်လမြိုင်တက္ကသိုလ် ဆရာတွေကိုလှမ်းမေးကြည့်တော့ အင်အားဘယ်လောက်ပို့ရမလဲဆိုတာ သူတို့မပြောဘူး သက်ဆိုင်ရာမေဂျာအလိုက်လူစာရင်းကောက်သွားတာမျိုးပဲ၊ သင်တန်း ကတော့ မော်လမြိုင်ပညာရေး ကောလိပ် မှာလို့ကြားတယ်၊ ဟိုအရင်ကလည်း တက္ကသိုလ်လေ့ကျင့်ရေးတပ်တွေဆိုပြီး ပုံမှန်သင်တန်းတွေကို မော်လမြိုင် တက္ကသိုလ်မှာဖွင့်ခဲ့ဖူးတယ်”ဟု၎င်းကပြောသည်။

    အဆိုပါသင်တန်းကို စစ်တပ်မိသားစုဝင်နှင့် နီးစပ်သည့် ကျောင်းသား/သူတို့က စာရင်းပေးသွင်းကာ ပါဝင်တက်ရောက်နေကြောင်း မော်လမြိုင်တက္ကသိုလ် ကျောင်းသူတစ်ဦးက ဆိုသည်။

    စစ်ပညာသင်တန်း တက်ရောက်ပြီးစီးထားပါက စစ်မှုထမ်းကင်းလွတ်ခွင့်ရမည့်အပြင် မှတ်ပုံတင်နှင့် နိုင်ငံကူးလက်မှတ်တစ်စုံတစ်ရာ ပြုလုပ်ရာတွင် လွယ်ကူမြန်ဆန်ခြင်း၊ အကောက်အခွန်ကင်းလွတ်ခွင့်ရခြင်း စသည့်အကျိုးခံစားခွင့်ရရှိမည်ဟု မော်လမြိုင် တက္ကသိုလ် ဆရာ/မတို့မှ သင်တန်းတက်ရောက်ရန် တိုက်တွန်းစည်းရုံးခဲ့သေးကြောင်း အတွင်းဆောင်နေ ကျောင်းသူတစ်ဦးက ဆိုသည်။

    “ ပြောထားတာကတော့ ဒီလိုအခွင့်အရေးတွေ ရမှာပေါ့၊ ကိုယ်က သင်တန်းပြီးမြောက်ကြောင်းကဒ်ရထားတယ်ဆိုရင် သွားလာရ လွယ်ကူတယ်။ ကျောင်းအတွင်းဆောင်မှာနေတဲ့ သူတွေကို ပိုတိုက်တွန်းပြီး ပြောတယ်။ အပြင်လူတွေဆိုရင် သူတို့မပြောဘူး။ သူတို့ပြောတာက အဝေးသင်တွေတောင်မရနိုင်ဘူး၊ ဒါက Day သမားတွေပဲ ရနိုင်တဲ့အခွင့်အရေးတဲ့” ဟု ဆိုသည်။

    စစ်မှုထမ်းသင်တန်းနှင့် အလားတူသည့် စစ်ပညာသင်တန်းကို တက္ကသိုလ်ပညာသင်ကြားနေသည့် ကျောင်းသား/ကျောင်းသူတို့က ပါဝင်တက်ရောက်ရမည်ကို ကျောင်းသား မိဘတို့ကစိုးရိမ်မကင်းဖြစ်နေကြောင်းလည်း ဆက်ပြောသည်။

    ထို့အပြင် သင်တန်းမတက်ရောက်လိုသည့် ကျောင်းသူအချို့ နေရပ်သို့ ပြန်သွားသူတို့လည်းရှိနေသည်ဟု ကျောင်းသား/သူတို့ကြား ပြောဆိုလျှက်ရှိသည်။

    သင်တန်းတွင် အခြေခံစစ်ပညာသင်တန်းနှင့် တန်းမြင့် စစ်ပညာသင်တန်းဟူ၍ သင်ကြားသွားမည်ဖြစ်ပြီး သာမာန်သင်တန်းချိန်နှင့် စခန်းချသင်တန်းချိန်အလိုက်သင်ကြားသွားမည်ဟုလည်း စစ်တပ်ထောက်ခံချာနယ်တို့မှ ရေးသားဖော်ပြထားသည်။

    စစ်ရှုံးနေသည့် စစ်ကောင်စီမှ စစ်အင်အားရရှိရန် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းနေပြီး စစ်မှုထမ်းသင်တန်းသားတို့ အရှေ့တန်းစစ်မြေပြင်တွင် ရောက်ရှိခဲ့သကဲ့သို့ စစ်ကောင်စီ၏ စစ်ပညာသင်ကြားသူတိုင်း အချိန်မရွေး တိုက်ပွဲအတွက်အသုံးချခံဖြစ်နိုင်မည်ဟုလည်း ကျွမ်းကျင်သူတို့က သုံးသပ်ပြောဆိုထားသေးသည်။

    ယမန်နေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စစ်ကောင်စီထိန်းချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့တို့တွင် စစ်ပညာသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,200SubscribersSubscribe
    spot_img

    Latest posts