spot_img
Thursday, July 31, 2025
More
    spot_img
    Homeသတင်းလျှပ်စစ်မီးဖြတ်တောက်ခံရပြီးနောက် ဘုရားသုံးဆူမြို့တွင် လောင်စာဆီဈေးမြင့်တက်

    လျှပ်စစ်မီးဖြတ်တောက်ခံရပြီးနောက် ဘုရားသုံးဆူမြို့တွင် လောင်စာဆီဈေးမြင့်တက်

    -

    ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ယနေ့မနက်ပိုင်း၌ လျှပ်စစ်မီးဖြတ်တောက်ခံရသည့်နောက် လောင်စာဆီအပါအဝင် အခြားလျှပ်စစ်သုံးပစ္စည်းတို့ ဈေးမြင့်တက်မှုရှိလာကြောင်း သိရသည်။

    ကျားဖြန့်ငွေလိမ်လုပ်ငန်း နောက်ဆက်တွဲပြဿနာကြောင့် ဘုရားသုံးဆူမြို့အပါအဝင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိမြို့တို့ကို ယနေ့နံနက် ထိုင်းအချိန် ၉ နာရီ မိနစ်ပိုင်းကျော်ချိန်မှစ၍ လျှပ်စစ်မီးဖြတ်တောက်ခံထားရကြောင်း မြို့ခံသတင်းအရင်းအမြစ်နှင့် ကန်ချနပူရီထိုင်းသတင်းဌာန၏ ဖော်ပြချက်အရသိရသည်။

    လျှပ်စစ်မီးဖြတ်တောက်ခံရသဖြင့် အင်တာနက်လိုင်းဆက်သွယ်မှု၊ ရေရရှိမှုခက်ခဲလာသည့်အပြင် စက်သုံး လောင်စာဆီဈေးနှုန်း တစ်လီတာ ဘတ် ၃၀ ကျော်မှ ၆၀ ကျော်အထိ ဈေးမြင့်တက်လာနေကြောင်း မြို့ခံတစ်ဦးကပြောသည်။

    “ ရေပြတ်သွားတာက ခက်တယ်ပေါ့၊ ဓာတ်ဆီ ဈေးက ၃၀ ကျော်ကနေ ၆၀ ဘတ်ဖြစ်သွားတယ်၊ ဖယောင်းတိုင်တွေ ဘာတွေလည်း ဈေးတင်ရောင်းနေပြီး၊ အင်တာနက်လိုင်း ကတော့ ထိုင်းဘက်ခြမ်းတာဝါတိုင်ရှိနေသေးတယ် အဲ့ဘက်မှာတော့ သုံးလို့ရတယ်၊ မြို့လယ်ကသူတွေဆို မရတော့ဘူး ဟိုဖက်မှာသွားသုံးနေကြတယ်”ဟု ဆိုသည်။

    အထူးသဖြင့် လောင်စာဆီစုဆောင်းမှုများလာပြီး ဝယ်ယူရရှိမှုလည်းခက်ခဲလာကြောင်း ဆက်ပြောသည်။

    ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့မနက် ၉ နာရီအချိန်တွင် ကရင်ပြည်နယ် မြဝတီမြို့တွင် နှစ်နေရာ၊ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်အတွင်း နှစ်နေရာနှင့် ဘုရားသုံးဆူမြို့တို့ လျှပ်စစ်မီးဖြတ်တောက်ခံထားရကြောင်း သိရသည်။

    ထိုင်းအစိုးရဘက်မှ လျှပ်စစ်မီးအပြင် အခြားစားနပ်ရိက္ခာနှင့် ကုန်စည်တင်ပို့ခွင့်တို့ပါ ပိတ်ပင်လာပါက ဒေသတွင်းလက်နက်ကိုင်အဖွဲ့တို့ တစ်စုံတစ်ရာလှုပ်ရှားမှုရှိလာနိုင်ကြောင်း ၎င်းမြို့ခံက ဆက်ပြောသည်။

    “ မီးဖြတ် တောက်တာတွေ စားနပ်ရိက္ခာ ဝင်လာတာမျိုးကိုလည်း တားမယ်ဆိုရင် ဒီနယ်စပ်ဘက်က မြို့ပြပြောက်ကျားတပ်ဖွဲ့တွေလည်း ဦးဆောင်ပြီးတစ်ခုခုတော့လုပ်ဆောင်ဖို့ရှိတယ်၊ ပြည်သူပါခက်ခဲလာနိုင်တယ်ဆို ဘယ်လိုလာမလဲမသိဘူး၊ KNU ရော DKBA ရောဘာမှ တော့ပြောသံ မကြားရသေးဘူး ”ဟု ပြောသည်။

    သို့သော် ဘုရားသုံးဆူဒေသကို အဓိကထိန်းချုပ်ထားသည့်အပြင် ကျားဖြန့်ငွေလိမ်လုပ်ငန်းတို့နှင့် ပတ်သတ်မှုရှိနေသည့် DKBA တပ်ဖွဲ့တို့အနေဖြင့် ဒေသခံထံ လက်ရှိအခြေအနေနှင့် ပတ်သတ်၍ တစ်စုံတစ်ရာ ပြောဆိုလာခြင်းမရှိသေးပေ။

    ထိုင်း – မြန်မာ နယ်စပ်မြို့များအား လျှပ်စစ်မီးဖြန့်ဖြူးပေးနေသည့်ထိုင်း- မြန်မာကုမ္ပဏီ (၅) ခုအား ထိုင်းနိုင်ငံက ရောင်းချပေးနေသော လျှပ်စစ်ဓာတ်အားများကို ဖြတ်တောက်ရန်၊ အစိုးရအမိန့်အား ထပ်မံစောင့်ဆိုင်းရန်မလိုဘဲ လုံးဝဖြတ်တောက်ပစ်ရန်နှင့် အထက်ပါဆုံးဖြတ်ချက်ကို မလိုက်နာပါက “ကျားဖြန့်လုပ်ငန်း အားပေးကူညီမှုဖြင့် အရေးယူသွားရန်” ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ NSC က တိုက်ရိုက် ညွှန်ကြားထားကြောင်းလည်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။

    ဘုရားသုံးဆူမြို့အတွင်း ထိုင်းနိုင်ငံမှထုတ်လွှတ်သည့်လျှပ်စစ်ဓါတ်အား ရောက်ရှိရေးကို မြပန်းကုမ္ပဏီမှ ပြန်လည်းဖြန့်ဖြူးနေပြီး လျှပ်စစ်မီးဖြတ်တောက်မှုပတ်သတ်၍ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အင်တာနက်အခက်အခဲများကြောင့် အဆက်သွယ်မရရှိသေးပေ။

    ထို့အပြင် မြဝတီ- ရွှေကုက္ကိုလ်တွင် ကျားဖြန့်နှိမ်နှင်းရေးလုပ်ငန်းများ တင်းကြပ်ထားသည့်နောက် ပြီးခဲ့သည့် ဇန်နဝါရီ လကုန်ရက်အတွင်း ဘုရားသုံးဆူမြို့သို့ တရုတ်နိုင်ငံသား ၄၀၀ ကျော်ခန့်ထပ်မံပြောင်းရွှေ့ဝင်ရောက်လာသေးကြောင်း မြို့ခံတို့၏ ပြောဆိုချက်အရ သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts