မွန်ပြည်နယ်၊ ရေးမြို့ရှိ မြို့မရဲစခန်းမှ ထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သား သုံးဦး ရေးဘီလူးအဖွဲ့ထံ ရောက်ရှိလာသည်ဟု ရေးဘီလူးအဖွဲ့ထံမှ သိရသည်။
ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက ရေးမြို့မရဲစခန်း အချုပ်ခန်းအတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်တွင် အချုပ်သားအချို့ ထွက်ပြေးလွတ်မြောက်မှု ရှိခဲ့ပြီး သုံးဦးသည် ရေးဘီလူးအဖွဲ့ထံ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ရေးဘီလူးအဖွဲ့တာဝန်ရှိသူတစ်ဦးက “လွတ်လာတဲ့ထဲမှာ ကျွန်တော်တို့ဆီ သုံးယောက် ရောက်ထားပါတယ်။ ကျန်သူတွေကိုလည်း ကယ်ဆယ်နိုင်ဖို့ ကြိုးစားနေပါတယ်။ သူတို့တွေက နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီး တရားစွဲခံထားရတဲ့သူတွေဖြစ်တယ်” ဟု ပြောသည်။
အချုပ်ခန်းမှ လွတ်မြောက်လာပြီး ရေးဘီလူးအဖွဲ့ထံ ရောက်ရှိလာသူများသည် သေဒဏ်ထိချမှတ်နိုင်သည့် အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် စစ်ကောင်စီက ဖမ်းဆီးအရေးယူထားသူများဖြစ်သည်ဟုလည်း ရေးဘီလူးအဖွဲ့ထံမှ သိရသည်။
ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က ရေးမြို့၊ သီရိခေမာရပ်ကွက်ရှိ ရေးမြို့မရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်များ ထမင်းသွားပို့ချိန်တွင် အချုပ်သားများက ရဲတပ်ဖွဲ့ထံမှ သေနက် လုယူပြီး ပစ်ခတ်ခဲ့ရာမှ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
အချုပ်ခန်းပစ်ခတ်မှုဖြစ်စဉ်အတွၚ်း ဦးဒုရဲအုပ် နိုင်လွင်ဦး၊ ရဲတပ်ကြပ် မြင့်ထွန်း၊ ရဲတပ်သား ကျော်စွာထက်တို့ ၃ ဦး သေဆုံးသွားခဲ့ပြီး မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ဦးလည်း ယာဘက်ရင်အုံတွင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ရာ ရေးခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း သိရသည်။
ရေးမြို့မရဲစခန်း အချုပ်ခန်းပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရေးမြို့ပေါ်နှင့် မော်လမြိုင် – ရေး – ထားဝယ် ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီတပ်ဖွဲ့တို့က ပိတ်ဆို့ထားပြီး ထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သားများ ပြန်လည်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်တို့က ပိတ်ဆို့ ရှာဖွေလျက်ရှိသည်။
၎င်းပြင် ရေးမြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်နှင့် ပျူစောထီးအဖွဲ့တို့က အင်အားအများအပြားဖြင့် ဧည့်စာရင်းစစ်ခြင်းများလုပ်ဆောင်နေကြောင်းလည်း ရေးမြို့ခံတစ်ဦးက ပြောသည်။