မွန်ပြည်နယ် စစ်ကောင်စီက ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုဖို့ စတင်ပြင်ဆင်လာသည်ဟု စောင့်ကြည့်လေ့လာသူတို့က ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်နေ့ကပင် မွန်ပြည်နယ် စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့တို့ မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံးတွင် တွေ့ဆုံခဲ့ကြသည်။
ထိုတွေ့ဆုံပွဲတွင် ရွေးကောက်ပွဲမဲစာရင်း ပြည်စုံမှန်ကန်ရေးအတွက် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကော်မတီက ပေးပို့လာသည့် လူဦးရေစာရင်းနှင့် လဝက လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တော်လှန်ရေးအားနည်းသည့် မွန်ပြည်နယ်တွင် အခြားဒေသများထက် စစ်ကောင်စီက ရွေးကောက်ပွဲကို ကျယ်ပြန့်စွာ လုပ်ဆောင်လာနိုင်သည်ဟု ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတို့က ပြောသည်။
“မွန်ပြည်နယ်မှာ တစ်ခြားဒေသတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် လုံခြုံမှု ပိုရှိတာပေါ့နော်။ ဒါကြောင့် ဒီမွန်ဒေသဘက်ကိုတော့ ကျယ်ပြန့်စွာ လုပ်ဆောင်လာနိုင်တယ်။ မွန်ပါတီ MUP ကလည်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တဲ့အတွက် ဒီမွန်ပြည်မှာ ရွေးကောက်ပွဲကို ကျယ်ကျယ်ပြန့်ပြန့် သူတို့ လုပ်ဆောင်သွားနိုင်တယ်။ နောက် မွန်ပြည်နယ်မှာ အခြားဒေသတွေထက် လုံခြုံမှုရှိတယ်” ဟု ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရွေးကောက်ပွဲကို အမှန်တကယ်ကျင်းပလာမည့် အခြေအနေရှိကြောင်း၊ အီလက်ထရွန်းနစ် မဲပေးစနစ်ဖြင့် ကျင်းပလာနိုင်ကြောင်းလည်း ဆိုသည်။
“ဒီရွေးကောက်ပွဲကိုတော့ စစ်ကောင်စီက အမှန်တကယ်လုပ်မှာ။ ဒါပေမဲ့ လူကိုယ်တိုင် မဲထည့်တဲ့စနစ်နဲ့တော့ မလုပ်ဘူး။ လုံခြုံမှု မရှိတဲ့နယ်မြေဒေသတွေကို အီလက်ထရွန်းနစ် မဲပေးစနစ်နဲ့ လုပ်ကောင်း လုပ်လာနိုင်တယ်” ဟု ၎င်းက ဆက်ပြောသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် မဖြစ်မနေ ကျင်းပသွားမည်ဟု ပြောဆိုထားသည်။
သိုသော်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တိကျသေချာမှုမရှိသည့်အခြေအနေကြောင့် ရွေးကောက်ပွဲဝင်ပြိုင်မည့် နိုင်ငံရေးပါတီများလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကျင်းပမည်ဆိုသည့်ပြောဆိုအချက်အပေါ် မယုံကြည်ရဲသည့်အနေအထားရှိနေသည်။
ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တိတိကျကျ ညွှန်ကြားလာခြင်းမရှိသေးသည့်အတွက် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု မရှိသေးကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။
“အမိန့်မထွက်သေးတော့ ဘာမှမလုပ်ရသေးဘူး။ ပါတီစည်းရုံးရေးတွေလည်း ဘာမှမလုပ်ရသေးဘူး။ ပါတီကျစ်လစ်ခိုင်မာအောင်တော့ အခြေအနေပေးတဲ့ မြို့နယ်တွေမှာတော့ စည်းရုံးလှုံဆော်တာတွေ တော့ အနည်းငယ် လုပ်နေတာတော့ ရှိတယ်။ ရွေးကောက်ပွဲကလည်း ဖြစ်မဖြစ် မသေချာသေးတော့ တိတိကျကျကြီးတော့ မလုပ်နိုင်သေးဘူး” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲသည် ပြည်သူလူထု ထောက်ခံမှု၊ ပြည်သူလူထု ပူးပေါင်းပါဝင်မှု မရှိသည့်အတွက် ပြည်သူလူထုကို ကိုယ်စားပြုသည့် ရွေးကောက်ပွဲ မဖြစ်ဘူးဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် (ALD) က ပြောသည်။
“ဒီရွေးကောက်ပွဲက ပြည်သူတွေကို ကိုယ်စားပြုမှု၊ မြို့တွေကို ကိုယ်စားပြုမှု မရှိဘူးဗျ။ တကယ်လို့ ရွေးကောက်ပွဲကို လုပ်ဖြစ်လို့ ဆိုရင်တောင်မှ အရှက်သိက္ခာမဲ့စွာနဲ့ ကြေညာရလိမ့်မယ်။ ပြည်သူပါဝင်မှု၊ ကိုယ်စားပြုမှုလည်း မရှိဘူးဆိုတော့လေ” ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် (ALD) ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။
၂၀၂၅ ရွေးကောက်ပွဲကို စစ်ကောင်စီထိန်းချူပ်နိုင်သည့် မြို့နယ်ပေါင်း ၁၆၁ မြို့နယ်တွင် အပိုင်းလိုက် ကျင်းပသွားရန် စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်ထားသည်ဟု သိရသည်။