spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းဂျိုင်းမြစ်ဒေသ မွန်ရွာအချို့တွင် စစ်မှုထမ်းစာရင်းပါဝင်များ၏ အချက်အလက်များကို စုဆောင်းနေ

    ဂျိုင်းမြစ်ဒေသ မွန်ရွာအချို့တွင် စစ်မှုထမ်းစာရင်းပါဝင်များ၏ အချက်အလက်များကို စုဆောင်းနေ

    -

    မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဒေသတစ်လျှောက်ရှိ မွန်ကျေးရွာအချို့တို့တွင် စစ်မှုထမ်းစာရင်း ပါဝင်သူများကို သက်ဆိုင်ရာ ရပ်ကျေးအုပ်ချူပ်ရေးမှူးတို့က အချက်အလက်များ စုဆောင်းနေကြောင်း သိရသည်။

    လက်ရှိတွင် ဂျိုင်းမြစ်ဒေသအတွင်းရှိ ကော့သပ်ကျေးရွာအပြင် ကော့ဇွဲ၊ တရနာ စသည့် ကျေးရွာတို့တွင်လည်း စစ်မှုထမ်းစာရင်း ပါဝင်သူများ၏ အချက်အလက်များကို စုဆောင်းထားရန် မြို့နယ်လဝကရုံးမှတဆင့် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချူပ်ရေးမှူးတို့ကို ညွှန်ကြားထားသည်ဟု ဒေသခံတို့က ပြောသည်။

    “စစ်မှုထမ်းရမယ့်သူတွေရဲ့ စာရင်းကို လဝကရုံးကနေ သက်ဆိုင်ရာကျေးရွာအုပ်ချူပ်ရေးမှူးတွေကို တိုက်ရိုက် ပေးပို့လာတယ်။ အဲစာရင်းထဲမှာ ဘယ်သူတွေက စစ်မှုထမ်းရမလဲ၊ အဲလူတွေက ရွာမှာ ရှိ၊ မရှိဆိုတာကို အုပ်ချူပ်ရေးမှူးတွေကို အချက်အလက် စုဆောင်းထားခိုင်းတယ်။ စာရင်းထဲမှာ ပါဝင်တဲ့လူတွေကို အုပ်ချူပ်ရေးတွေက သွားရှာရတယ်။။ ရွာမှာမရှိရင် အဲလူတွေ ဘယ်မှာရှိနေတာလဲ စသဖြင့် အချက်အလက် စုခိုင်းထားတယ်” ဟု ကော့သပ်ရွာခံတစ်ဦးက ပြောသည်။

    ယခုရက်ပိုင်းတွင်လည်း ကော့သပ်ကျေးရွာမှ စစ်မှုထမ်းအသက်အကျုံးဝင်သည့် လူငယ်များစာရင်းပါ စာရွက်တစ်ရွက် လူမှုကွန်ရက်စာမျက်နှာတွင် ပျံနှံ့နေသည်။

    စစ်မှုထမ်းအသက်အကျုံးဝင်သည့် လူငယ်များစာရင်းသည် မှန်ကန်ကြောင်း၊ ကော့သပ်ကျေးရွာအပြင် အခြားကျေးရွာမှ အုပ်ချူပ်ရေမှူးများကိုလည်း မြို့နယ်လဝကရုံးက စာရင်း ပေးပို့ထားကြောင်း ဆိုသည်။

    “စစ်မှုထမ်းစာရင်းစာရွက်က ကော့သပ်ရွာ တစ်ရွာတည်း မဟုတ်ဘူး။ တစ်ခြားရွာကိုလည်း သူတို့(လဝက)ပေးပို့ထားတာ ရှိတယ်။ အခုက သူ့သားက စစ်မှုထမ်းစာရင်းမှာ ပါသွားတာ မကျေနပ်လို့ လိုင်းပေါ်တင်လိုက်လို့ ပျံနှံ့သွားတာ။ တစ်ခြားရွာက အုပ်ချူပ်ရေးမှူးတွေမှာလည်း အဲစစ်မှုထမ်းစာရင်းက ရှိတယ်။ ဒါပေမဲ့ သူတို့က စာရွက်တွေကို အရင်မပြကြဘူး။ အဲစာရင်းထဲကလူတွေ ရွာမှာ ရှိ၊ မရှိဆိုတာကို အရင်စောင့်ကြည့်နေတာ။ ပြီးမှ ဖြည်းဖြည်းချင်း အချက်အလက်တွေ စုဆောင်းလာမယ်” ဟု အထက်ပါ ကော့သပ်ရွာခံက ပြောသည်။

    ပြီးခဲ့သည့်နှစ်က ဂျိုင်းမြစ်ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ကော့သပ်၊ ကော့ဇွဲ၊ တရနာ အစရှိသည့် ကျေးရွာတို့မှ ဒေသခံများ ထိုင်းနိုင်ငံသို့ ထွက်သွားကြသည့်အတွက် ကျေးရွာတွင် သက်ကြီးပိုင်း၊ မိန်းကလေးနှင့် ကျောင်းသားများသာ ကျန်ရှိနေသည်ဟု ဒေသခံတို့က ပြောသည်။

    စစ်မှုထမ်းစာရင်းပါဝင်သူများ အချက်အလက် စုဆောင်းရန် စစ်ကောင်စီလက်အောက်ခံအဖွဲ့တို့က သက်ဆိုင်ရာ အုပ်ချူပ်ရေးမှူးများကို ဖိအားပေး စေခိုင်းနေကြောင်း၊ စစ်မှုထမ်းစာရင်း ပါဝင်သူများကို နေအိမ်တွင် အချိန်မရွေး လာရောက်ခေါ်ဆောင်သွားနိုင်ကြောင်းလည်း ဂျိုင်းမြစ်ဒေသခံတို့က ပြောသည်။

    “လောလောဆယ်တော့ ဒီစစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက ကျေးရွာအုပ်ချူပ်ရေးမှူးတွေကို ဖိအားပေးပြီး စစ်မှုထမ်းစာရင်း ပါဝင်သူတွေရဲ့ အချက်အလက်တွေကို စုဆောင်းခိုင်းနေတယ်။ လောလောဆယ် စာရင်းထဲမှာ ပါသွားတဲ့လူတွေကို သူတို့(အုပ်ချူပ်ရေးမှူး) ဘယ်လို စီစဉ်သွားမလဲ မသိဘူး။ စာရင်းတော့ ယူထားတယ်။ ဘယ်အချိန်လာခေါ်ကြမလဲ မသိဘူး” ဟု ဂျိုင်းမြစ်ဒေသခံတစ်ဦးက ပြောသည်။

    နိုင်ငံတဝန်းလုံး (သို့မဟုတ်) ဒေသအချို့တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အရေးပေါ် အခြေအနေပေါ်ပေါက်လျှင် စစ်မှုထမ်းရန် အရွယ်ရောက်သူအားလုံးက စစ်မှုထမ်းရမည်ဟု ဇန်နဝါရီလ ၂၃ ရက်နေ့က တရားဝင်ပြဌာန်းလိုက်သည့် စစ်မှုထမ်းနည်းဥပဒေတွင် ပါရှိသည်။

    စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ဆန်းပိုင်းက အတည်ပြုပြဌာန်းခဲ့ပြီး တစ်နှစ်အကြာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စစ်မှုထမ်းဥပဒေ၏ နောက်ဆက်တွဲအဖြစ် နည်းဥပဒေကို တရားဝင်ပြဌာန်းလိုက်ခြင်းဖြစ်သည်။

    စစ်မှုထမ်းဥပဒေအရ သာမန်အရပ်သားတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ ၂ နှစ်အထိ စစ်မှုထမ်းရန် ဆင့်ဆိုနိုင်သည်ဟု ပါရှိသည်။

    ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသမီးများ အကျုံးဝင်သည်ဟု သတ်မှတ်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks