spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းရေးချောင်းဖျားဒေသအတွင်း စစ်ဘေးရှောင်နေသူအများစု နေရပ်ပြန်လာ

    ရေးချောင်းဖျားဒေသအတွင်း စစ်ဘေးရှောင်နေသူအများစု နေရပ်ပြန်လာ

    -

    မွန်ပြည်သစ်ပါတီထိန်းချုပ်ရာနယ်မြေ ထားဝယ်ခရိုင်၊ ရေးချောင်းဖျားဒေသ၊ ဓမ္မပါလကျေးရွာအတွင်း စစ်ဘေးရှောင်နေသူ အများစု နေရပ်ပြန်နေကြပြီးဖြစ်သည်ဟု ထားဝယ်ခရိုင် စစ်ဘေးရှောင်ကူညီနေသူတို့မှ သိရသည်။

    ရေးမြို့ရှိ စကခ-၁၉ နှင့် ၄ မိုင်အကွာ ကျုံလောင်းကျေးရွာအနီးတွင် အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံတပ်နှင့် မွန်၊ကရင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တော်လှန်ရေးအင်အားစုတို့ ဇန်နဝါရီ ၉ ရက်နေ့မှစ၍ တိုက်ပွဲပြင်းထန်းခဲ့ပြီး ကျုံလောင်း၊ ဝယ်ပေါင်၊ ဝယ်ဇင်၊ ကျောက်မိချောင်းကျေးရွာတို့မှ ဒေသခံ ၁၀၀၀ ကျော် ဓမ္မပါလကျေးရွာဘက်သို့ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

    ဇန်နဝါရီ ၂၀ ရက်နေ့နောက်ပိုင်း နှစ်ဖက်တိုက်ပွဲအခြေအနေငြိမ်သက်လာခြင်းကြောင့် စစ်ဘေးဒဏ် ထိခိုက်မှုနည်းသည့် ဝယ်ပေါင်၊ ဝယ်ဇင်ဒေသခံ စစ်ဘေးရှောင်တို့ နေရပ်သို့ ပြန်လာကြသည်ဟု ထားဝယ်ခရိုင်စစ်ဘေးရှာင်ကူညီနေသူတစ်ဦးက ဆိုသည်။

    “ခုလက်ရှိက ၁၀၀ နီးပါးလောက်ပဲကျန်တော့တယ်။ ဝယ်ပေါင်၊ ဝယ်ဇင်က ဒေသခံတွေတော့ နေရပ် ပြန်ကြကုန်ပြီး။ တိုက်ပွဲအခြေအနေလည်း ငြိမ်နေတော့လေ။ ကျုံလောင်း၊ ကျောက်မိချောင်းကျေးရွာက ဒေသခံတွေလောက်ပဲ ကျန်တယ်။ အချို့ကလည်း အဝေးကိုသွားရှောင်တယ်။ အချို့က နေရပ်ပြန်တယ်” ဟု သူက ပြောသည်။

    တိုက်ပွဲကြောင့် ပိတ်ထားသည့် ဝယ်ဇင်နှင့် ဓမ္မပါလ မွန်အမျိုးသားကျောင်းတို့လည်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်ရှိနေသည့် စစ်ဘေးရှောင်ကျောင်းသားတို့ကို ဝယ်ဇင်းရွာဘုန်းကြီးကျောင်းနှင့် အခြားလုံခြုံရာနေရာတို့တွင် မွန်အမျိုးသားကျောင်းဆရာမနှင့် တာဝန်ရှိသူတို့က စာသင်ကြားပေးနေကြောင်း သိရသည်။

    သို့သော် ဓမ္မပါလရွာအတွင်း ကျန်ရှိနေသည့် ကျုံလောင်း၊ ကျောက်မိချောင်းဒေသခံ စစ်ဘေးရှောင်တို့သည် ယနေ့ တိမ်းရှောင်နေရဆဲဖြစ်ခြင်းကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါး မလုံလောက်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

    “သူတို့(စစ်ဘေးရှောင်)တွေ အဆင်မပြေဘူး။ ဆန်လည်းမရှိဘူး။ ဆေးလည်းမရှိဘူး။ ပိုက်ဆံတွေလည်းမရှိဘူး။ အထောက်အပံ့ပေးတဲ့အဖွဲ့ရှိပေမယ့်လည်း နည်းလို့ မလုံလောက်ဘူး။ ဘာလို့ဆို အကူအညီပေးတဲ့သူတွေက အရမ်းနည်းလာတယ်”ဟု ဆိုသည်။

    လက်ရှိတွင် တိုက်ပွဲကြောင့် စစ်ကောင်စီတပ်တို့ ပိတ်ထားသည့် ရေး-ကျောင်းရွာလမ်းပိုင်းနှင့် ရေး-ကျုံလောင်းရွာဟောင်းရွာလမ်းပိုင်းကို ပြန်လည်ဖွင့်ထားပြီးဖြစ်သော်လည်း ဒေသခံတို့က အသွားအလာမလုပ်ဆောင်ရဲသေးကြောင်းလည်း ဆက်ပြောသည်။

    ရေချောင်းဖျားဒေသအတွင်းရှိ တောတောင်များ၊ ထိုင်း- မြန်မာနယ်စပ် ဘုရာသုံးဆူမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားနေသူအချို့ အဆက်အသွယ်ပြတ်တောက်နေကြောင်းလည်း စစ်ဘေးရှောင်အရေးကူညီနေသူတို့ ပြောဆိုချက်အရ သိရသည်။

    လတ်တလော တိုက်ပွဲအခြေအနေ ငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ်များမှ လက်နက်ကြီးဖြင့် နေ့စဉ်ရမ်းသမ်းပစ်ခတ်လျှက်ရှိသည့်အပြင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့တွင် လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

    တိုက်ပွဲပြင်းထန်ခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့မှ ၁၁ ရက်အတွင်း စစ်ကောင်စီဘက်မှ အရာရှိအပါအဝင် ၇၀ ဦးခန့်သေဆုံးပြီး ၃၀ ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် မွန်၊ကရင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တော်လှန်ရေးအင်အားစု ရဲဘော် ၃ ဦး ဒဏ်ရာရရှိခဲ့သေးကြောင်းလည်း တော်လှန်ရေးပူးပေါင်းအဖွဲ့တို့၏ တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks