မွန်ပြည်နယ်အတွင်းရှိ ကျိုက်မရော၊ ချောင်းဆုံ၊ မော်လမြိုင်နှင့် ရေးမြို့နယ်တို့တွင် ပွဲတော်များ၊ ဘာသာရေးပွဲတော်များအကြောင်းပြပြီး စစ်ကောင်စီက လောင်ကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်နေသည်ကို တွေ့ရှိရသည်။

စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် မွန်ပြည်နယ်အတွင်း အနီထောင်၊ ဖဲ၊ ဂလုတ်ဂလုတ်၊ ကြက်ဝိုင်း အစရှိသည့် လောင်းကစားမျိုးစုံ ဖွင့်လှစ်ထားပြီး စစ်ကောင်စီလက်အောက်ခံ ရဲ၊ စစ်သား၊ ပြည်သူ့စစ်၊ ပျူစောထီးတို့က လုံခြုံရေး ယူပေးနေကြသည်။
လောင်ကစားဝိုင်းများကြောင့် ယခင်က မရှိခဲ့ဖူးသည့် ခိုးဆိုးလုယက်မှုများ၊ ရာဇဝတ်မှုများ အဖြစ်များလာသည့်အပြင် လောင်ကစားကြောင့် မိသားစုဘဝပျက်သွားရသည့်ဖြစ်စဉ်များလည်း တစ်နေ့ထက် တစ်နေ့ ပိုမိုများပြားလာသည်ဟု ဒေသခံတို့က ပြောသည်။
“လောင်ကစားဝိုင်းတွေ ဖွင့်လို့ရအောင် ပွဲလမ်းသဘင်တွေကို မဖြစ် ဖြစ်အောင် လုပ်ကြတယ်။ တချို့ဆို ဘာပွဲမှ မရှိရင်လည်း ဖွင့်နေကြတယ်။ ဒေသတွင်း ခိုးဆိုးလုယက်မှုတွေ ရှိလာအောင် တမင်သက်သက်ကို လုပ်ဆောင်နေကြတာလား မသိဘူး။ ဆိုင်ကယ်တွေဆိုရင်လည်း ဆက်တိုက်ပျောက်လာတယ်။ ပြီးတော့ အိမ်တွင်းစီးပွားရေး အဆင်မပြေလို့ မိသားစုရန်ဖြစ်တာတွေကလည်း ပိုများလာတယ်။ အဲလိုဖြစ်နေကြတော့ တော်လှန်ရေးဘက်ကို ဘယ်သူတွေ စဉ်စားကြတော့မှာလဲ” ဟု ကျိုက်မရောဒေသခံတစ်ဦးက ပြောသည်။
ကျိုက်မရောမြို့အတွင်းရှိ ကရင်ကျေးရွာများဖြစ်သည့် မြွေဟောက်ရွာ၊ ပန်းကုန်းရွာနှင့် ဥတိုချောင်းရွာတို့တွင် အလှည့်ကျဖြင့် တစ်ရွာလျှင် ၅ ရက်နှုန်းဖြင့် ဒီဇင်ဘာလကစတင်ပြီး လောင်းကစားဝိုင်းများ ဖွင့်လှစ်နေသည်မှာ ယနေ့ထိပင် ဖြစ်သည်။
တော်လှန်ရေးအားကောင်းသည့် ကျိုက်မရောမြို့နယ်တွင် စစ်ကောင်စီက လောင်ကစား မျိုးစုံကို ဖွင့်ခွင့်ပေးထားပြီး ဒေသခံအများစုတို့ကလည်း လောင်ကစားတွင်ပင် နစ်မျောနေကြသည်။
အလားတူ မော်လမြိုင်နှင့် ရေးမြို့နယ်တို့တွင်လည်း စစ်ကောင်စီက လောင်ကစားဝိုင်း တွင်ကျယ်စွာ ဖွင့်ခွင့်ပြုထားသည်ဟု ဒေသခံတို့က ပြောသည်။
ရေးဒေသခံတစ်ဦးကလည်း “သူတို့(စစ်ကောင်စီ) ဒီလိုလုပ်နေတာက အဖြေက ရှင်းရှင်းပဲလေ။ သူတို့လက်အောက်မှာရှိတဲ့အဖွဲ့တွေကို ငွေဝင်ပေါက်လေး နည်းနည်းဖွင့်ပေးလိုက်မယ်။ ပြီးတော့ လောင်ကစားဝိုင်းတွေ ပေးဖွင့်မယ်။ အဲတော့ လူတွေကလည်း အဲလောင်ကစားဝိုင်းနဲ့ပဲ ပျော်ပါးလာကြမယ်။ စားဖို့၊ သောက်ဖို့ရယ်။ လောင်ကစားကို ဘယ်လိုကစားရမလဲ ဒါတွေပဲ စဉ်စားလာကြတယ်” ဟု ပြောသည်။
မော်လမြိုင်မြို့ပေါ် ရပ်ကွက်များတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဆွမ်းကြီးလောင်းပွဲကအစ လောင်ကစားဝိုင်းများ ထည့်သွင်းကျင်းပနေကြသည်။
၎င်းပြင် မွန်ပြည်နယ်ဝန်ကြီးချူပ် ဦးအောင်ကြည်သိန်း၏ ဇာတိဖြစ်သည့် ဘီလူးကျွန်း (ချောင်းဆုံ) တွင်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လောင်ကစားဝိုင်းများဖြင့် စည်းကားလာနေသည်ဟု ဒေသခံတို့၏ အဆိုအရ သိရသည်။
စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ဖြစ်ပေါ်လာသည့် နိုင်ငံရေးအခြေအနေကြောင့် စားဝတ်နေရေး၊ စီးပွားရေး၊ အလုပ်အကိုင်ရှာဖွေမှု ကြပ်တည်းလာသည့်အခြေအနေသည် ပြည်သူလူထုကို လောင်ကစားဘက် အရောက်တွန်းပို့စေခဲ့သည်။
စစ်ကောင်စီက ယခုလို လောင်းကစားကို တွင်ကျယ်စွာ လုပ်ဆောင်ခွင့်ပြုထားခြင်းသည် ပြည်သူများ နိုင်ငံရေးဘက် စိတ်မရောက်အောင် စိတ်ပိုင်းဆိုင်ရာဖြင့် လှည့်စားထားခြင်း ဖြစ်သည်ဆိုသည့် သုံးသပ်မှုများလည်း ရှိနေသည်။
“စစ်ကောင်စီက သူတို့က လက်အောက်မှာရှိနေတဲ့ အဖွဲ့အစည်းတွေ ဝင်ငွေရနေဖို့၊ သူတို့ကို ထောက်ခံနေဖို့ပါ။ ဒါကြောင့် အုပ်ချူပ်ရေးအဖွဲ့တွေ၊ စစ်သား၊ ရဲတွေကို လောင်ကစားဝိုင်းတွေဖွင့်ဖို့ ခွင့်ပြုပေးထားတယ်။ ပြည်သူတွေကလည်း နိုင်ငံရေးဘက် စိတ်ဝင်စားမှု မရှိအောင် စိတ်ပိုင်းဆိုင်ရာ လှည့်စားမှု၊ ဆွဲဆောင်မှုတစ်ခု ဖြစ်တယ်။ နိုင်ငံရေးကို လူထုက မေ့လျော့အောင် လုပ်ထားတဲ့သဘောပဲ” ဟု မွန်နိုင်ငံရေး လေ့လာအကဲခတ်သူတစ်ဦးက ၎င်း၏အမြင်ကို ပြောဆိုသည်။
မွန်ပြည်နယ်တွင် လောင်ကစား၏ နောက်ဆက်တွဲအနေဖြင့် ခိုးမှု၊ လုယက်မှုများ နေ့စဥ်နှင့်အမျှဖြစ်ပေါ်နေသည့်အပြင် ယခုနောက်ပိုင်းတွင် လူသတ်ပြီး လုယက်သည့်ဖြစ်စဥ်များလည်း ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။
ပြည်နယ်အတွင်းဖြစ်ပွားနေသည့် ခိုးမှု၊ လုယက်မှုနှင့် လူသတ်ပြီးပစ္စည်းလုယက်သည့်ဖြစ်စဥ်အများစုတွင်လည်း ကျူးလွန်သူကို ဖမ်းဆီးနိုင်ခြင်းမရှိပေ။
စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့အနေဖြင့်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သူခိုး ဓားမြ လူသတ်တရားခံတွေကို နှိမ်းနင်းရမည့်အစား စစ်ကောင်စီဆန့်ကျင်သူတွေကိုသာ ဖမ်ဆီးနှိမ်နင်းမှု ပြုလုပ်နတာကြောင့် ဒုစရိုက်သမားများ ပိုမိုများပြားလာသည်ဟုလည်း ပြည်သူများအကြား ဝေဖန်ပြောဆိုနေကြသည်။