မွန်ဒေသထွက် ကျွဲကောသီးများ အသီးထွက်ရှိမှုနည်းနေခြင်းကြောင့် ဈေးကွက်အတွင်း လက်ကားရောင်းချမှု မပြုလုပ်နိုင်ကြောင်း မော်လမြိုင် ကျွဲကောသီးဈေးကွက်မှ သိရသည်။
မိုးတွင်းကာလ ဇွန်လမှ အောက်တိုဘာလအထိ မွန်ပြည်နယ်အတွင်း ကျွဲကောသီး ပထမအကြိမ်ထွက်ရှိပြီး လက်ရှိ ဒုတိယအကြိမ် အသီးမပေါ် မီစပ်ကြားတွင်း အထွက်နှုန်းနည်းသွားသဖြင့် လက်လီရောင်းချမှုသာလုပ်ဆောင်နိုင်ကြောင်း ကျွဲကောသီးရောင်းဝယ်သူတစ်ဦးက ဆိုသည်။
“ ဖောက်သည်တွေကို လက်ကားမပေးနိုင်တော့ဘူး။ လက်လီးဈေးပဲ ရောင်းဖို့ရှိတယ်။ အရင်ကဆို တစ်နေ့ကို ၃ စီးလောက်ဝင်တယ်။ အခုက သုံးလေးရက်မှ တစ်စီးပဲ ဝင်တယ်။ အဲလောက်ထိကွာတယ်။ ကားတစ်စီးက အလုံး ၁ထောင်လောက်ရှိတယ်လေ၊ ဒီအချိန်က ဆယ်ခြံမှာဆို တစ်ခြံပဲထွက်ရှိတယ်”ဟု မော်လမြိုင်မှ ကျွဲကော်သီးရောင်းဝယ်သူတစ်ဦးက ပြောသည်။
ယခုနှစ်တွင် အထွေထွေကုန်ကျစရိတ်ကြောင့် ကျွဲကောသီးတစ်နိုင်တစ်ပိုင် စိုက်ပျိုးသူနည်းနေပြီး လာမည့်ဖေဖော်ဝါရီလ အသီးပေါ်ချိန်တွင် အထွက်နှုန်းနည်းနိုင်သည်ဟု ခန့်မှန်းပြောဆိုသည်။
ပြီးခဲ့သည့် မိုးတွင်းကာလအတွင်း ကျွဲကော်သီးအလုံးကြီးတစ်လုံး ၄၀၀၀ ကျော်သာ ဈေးရှိပြီး၊ လက်ရှိတွင် အလုံးသေးတစ်လုံး ၃၅၀၀ ကျော်၊ အလုံးကြီးတစ်လုံး ၉၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိပြီး ဝယ်လိုအားများလျှက်ရှိသည်။
“နွေရာသီမှာ ထွက်တဲ့အသီးက မိုးတွင်းမှာ ထွက်တဲ့အသီးနဲ့မတူဘူး။ နွေရာသီမှာထွက်တဲ့ အသီးက အရသာပိုကောင်းတယ်။ အပျက်စီးလည်းနည်းတယ်။ အရည်အသွေးကောင်းတော့ ဈေးလည်းပိုရတယ် ” ဟု ၎င်းက ပြောသည်။
လာမည့် ဒုတိယအကြိမ် အသီးပေါ်ချိန်တွင်လည်း ဈေးနှုန်းကျဆင်းခြင်မရှိဘဲ လက်ရှိပေါက်ဈေးအတိုင်းသာ ဈေးညိမ်နေမည်ဟု ရောင်းဝယ်သူတို့က ဆိုသည်။
မွန်ပြည်နယ်တွင် ကျွဲကော်သီး ဧက ၃၂၀၀ ကျော် စိုက်ပျိုးလျှက်ရှိပြီး စံချိန်စံနှုန်းအရည်အသွေးမပြည်မှီခြင်းကြောင့် မွန်ဒေသထွက် ကျွဲကော်သီးများ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ခြင်းမရှိသေးပေ။
သို့သော် ပြည်တွင်းဈေးကွက်တွင် မွန်ဒေသထွက် အသီးတို့အနက် မော်လမြိုင် ကျွဲကောသီးကို လူသိများပြီး ကျန်းမာရေးအတွက် ကောင်းကျိုးများပေးနိုင်သဖြင့် ဖြည့်စွက်စာနှင့် အလှအပရေးရာအတွက် အွန်လိုင်းမှတစ်ဆင့် ရောင်းချမှုပြုလုပ်လာကြောင်းလည်း သိရသည်။