Wednesday, April 1, 2026
More
    spot_img
    Homeသတင်းဘီးလင်းတွင် ဆည်မြောင်က ရေမပေးသည့်အတွက် နွေစပါး ဧက ရာနှင့်ချီ ပျက်ဆီးဆုံးရှုံး

    ဘီးလင်းတွင် ဆည်မြောင်က ရေမပေးသည့်အတွက် နွေစပါး ဧက ရာနှင့်ချီ ပျက်ဆီးဆုံးရှုံး

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဆည်မြောင်ဦးစီးဌာနမှ ရေမပေးသည့်အတွက် ဘီးလင်းမြို့နယ် အနောက်ပိုင်းရှိ နွေစပါးစိုက်ပျိုးထားသည့် လယ်ဧက ရာနှင့်ချီ ပျက်ဆီး‌ဆုံးရှုံးမှုရှိခဲ့ကြောင်း ဒေသခံနွေစပါးစိုက်တောင်သူတို့၏ ပြောကြားချက်များအရ သိရသည်။

    ဘီးလင်းမြို့နယ်၊ ဆည်မြောင်းဦးစီးဌာနက နွေးစပါးအတွက် မြစ်ရေတင်စီမံကိန်းမှတဆင့် ရေပေးဝေသွားမည်ဆိုသည့်အတွက် တောင်သူများ နွေစပါး တိုး၍ စိုက်ပျိုးခဲ့ကြသည့်အပြင် မြို့နယ်ဆယ်မြောင်း ဦးစီးမှူး ဦးချစ်ဦးကိုလည်း လယ်တစ်ဧကလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ပေးခဲ့ကြရကြောင်း ဇွဲကလာကျေးရွာမှ နွေစပါးစိုက်တောင်သူတစ်ဦးက ပြောသည်။

    “ဒီနှစ်မှာ ဆည်မြောင်းဦးစီးဌာနက မြစ်ရေတင်စီမံကိန်းကနေလည်း ရေပေးဝေရေးလုပ်ဆောင်ပေးသွားမယ်ပြောလို့ လယ်သမားတွေကလည်း ယုံကြည်ပြီးတော့ ချောင်း၊ မြောင်းနဲ့ဝေးတဲ့လယ်တွေမှာပါ နွေစပါးကို စိုက်ကြတယ်။ အခု ဇန်နဝါရီလ ၂၂ ရက်နေ့အထိ ဆည်မြောက်ဦးစီးဌာနကနေ ဘာရေမှ မပေးဘူး။ အဲ့ဒီတော့ စပါးပင်တွေအကုန် ရေငတ်ပြီး ပျက်ဆီးကုန်တယ်” ဟု ၎င်းတောင်သူက ပြောသည်။

    နွေစပါးစိုက်ပျိုးရန်အတွက် တစ်ဧက ကုန်ကျစရိတ်သည် ကျပ် ၁၄ သိန်းကနေ ကျပ် ၁၅ သိန်းအထိ ရှိကြောင်း နွေစပါးစိုက်တောင်သူတို့က ပြောသည်။

    လက်ရှိတွင် တောင်သူများက ထယ်ထိုးပြီး၊ စပါးမျိုးကြဲထားသည့်အပြင် ဓါတ်မြေဩဇာလည်း ကြဲပက်ထားပြီးဖြစ်သော်လည်း ရေမရသည့်အတွက် စပါးပင်များ ရေငတ်ပြီး သေလုနီးပါးဖြစ်နေကြောင်း လယ်သမားများအတွက် ဆုပ်လည်းစူး၊ စားလည်းရူးအခြေအနေ ဖြစ်နေကြောင်းလည်း အထက်ပါတောင်သူက ဆိုသည်။

    တချို့လယ်သမားတို့က ပိုက်သုံးလေးဆင့်သွယ်ပြီး ရေစုပ်စက်ဖြင့် ရေသွယ်နေကြရသည့်အတွက်ကြောင့် ပိုက်ဖိုး၊ စက်သုံးဆီဖိုးနှင့် ရေစက်ငှားခအတွက် အပိုကုန်ကျနေရသည်ဟု ဘီးလင်းမြို့နယ် အနောက်ပိုင်းမှ နွေစပါးစိုက်တောင်သူတို့၏ ပြောကြားချက်များအရ သိရသည်။

    “ဘီးလင်းအနောက်ဘက်ကွင်းတွေထဲက ချောင်းမြောင်းတွေကလည်း ကောနေကုန်ပြီး။ ပင်လယ်ရေတက်တဲ့ ဆည်မြောင်းဦးစီးဌာနကလည်း လာပြီး ချောင်းကောမြောင်းကောတူးပေးတာမျိုးမရှိဘူး” ဟု အနိုင်းပွန်ကျေးရွာမှ နွေစပါးစိုက်တောင်သူတစ်ဦးက ပြောသည်။

    ၎င်းပြင် ရေတံခါးများလည်း မလုံသည့်အတွက်ကြောင့် ရေချိုများ ပင်လယ်ထဲသို့ စီးဝင်ကုန်သည့်အပြင်၊ ပင်လယ်ရေတက်လာပါကလည်း လယ်ကွင်းများထဲ ဆားငံရေများ ဝင်လာကြသည့်အတွက်ကြောင့် လယ်များ ပျက်ဆီးမှုများလည်းရှိခဲ့သည်ဟု ဆိုသည်။

    ဘီးလင်းမြို့အနောက်ဘက် ဇွဲကလာ၊ ဇုတ်ကလိ၊ အနိုင်းပွန်၊ သစ်တိုကျွန်း၊ တောင်ကလေး၊ နှင်းပုလဲ အစရှိသည့်ကျေးရွာအုပ်စုများအတွင်း စိုက်ပျိုးထားသည့် နွေစပါး ဧက ရာနှင့်ချီကာ ပျက်ဆီးဆုံးရှုံးခဲ့ရပြီး၊ ရေမရရှိပါက ဧကထောင်နှင့်ချီကာ ပျက်ဆီးနိုင်ကြောင်းလည်း တောင်သူများက ဆိုသည်။

    ယမန်နှစ်က မြစ်ရေတင်စီမံကိန်းမှ ရေပေးဝေမှုကြောင့် တောင်သူများစိုက်ပျိုးထားသည့် နွေစပါးများ ရေလုံလောက်စွာရရှိကြသည့်အတွက်ကြောင့် နွေစပါးဖြစ်ထွန်းအောင်မြင်ခဲ့ကြောင်းလည်း တောင်သူများ၏ ပြောကြားချက်များအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks