Tuesday, March 10, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုတွင် စစ်တပ်သတင်းပေးဆိုပြီး အမျိုးသားတစ်ဦး ပစ်သတ်ခံရ

    ကျိုက်ထိုတွင် စစ်တပ်သတင်းပေးဆိုပြီး အမျိုးသားတစ်ဦး ပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မလော့ချောင်ကျေးရွာနေ အမျိုးသားတစ်ဦးက စစ်ကောင်စီသတင်းပေးဒလန်ဟု စွပ်စွဲခံရပြီး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

    ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မလော့ချောင်ကျေးရွာ‌နေ အသက် ၃၇ နှစ်အရွယ် စိုးနိုင်ဦးဆိုသူသည် နေအိမ်တွင် တည်ရှိနေစဉ် ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး နေအိမ်ထဲဝင်ကာ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သည်ဟု ဆိုသည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် စိုးနိုင်ဦးသည် ဦးခေါင်းနှင့် ရင်ဘတ် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

    ယင်းနောက် နံနက် ၁၁ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီးနောက် စစ်ဆေးမှုများပြုလုပ်ကာ စိုးနိုင်ဦး၏ ရုပ်အလောင်းကို ကျိုက်ထိုမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟုလည်း ဆိုသည်။

    စိုးနိုင်ဦးကို မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့် ပစ်ခတ်သွားသည်ကို မသိရှိသေးပေ။

    စိုးနိုင်ဦးသည် စစ်ကောင်စီအပြင် အခြားလက်နက်ကိုင်အဖွဲ့များနှင့်လည်း နီးစပ်သူတစ်ဦးဖြစ်ပြီး ယခုလို ပစ်သတ်ခံရခြင်းသည် သတင်းပေး၊ ဒလန်လုပ်ဆောင်နေသည့်အတွက်ကြောင့်လို့ ယူဆရကြောင်း ဒေသခံများအကြာ ပြောဆိုမှုရှိနေသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာနေ အသက် ၅၁ နှစ်အရွယ် ဦးဆန်းမင်းအေးဆိုသူကို ကျိုက်ထိုမြို့လယ်ရှိ Parrot လက်ဖက်ရည်ဆိုင်တွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

    ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီ သတင်းပေး၊ ဒလန်ဆိုပြီး ပစ်သတ်ခံရသည့် ဖြစ်စဉ် မကြာခဏဖြစ်ပွားလေ့ရှိသည်။

    ပစ်သတ်ခံရသူများအနက် အချို့က အမှန်တကယ် စစ်ကောင်စီကို သတင်းပေးသူရှိသလို အချို့ကလည်း စွပ်စွဲခံရပြီး ပစ်သတ်ခံရသည်လည်း ရှိနေသည်ဟု ဒေသခံတို့က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks