spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်တွင် ဘိလပ်မြေတစ်အိတ် ကျပ် ၃၀၀၀၀ အထိ ဈေးတက်၊ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်နေ

    မော်လမြိုင်တွင် ဘိလပ်မြေတစ်အိတ် ကျပ် ၃၀၀၀၀ အထိ ဈေးတက်၊ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်နေ

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဆောက်လုပ်ရေးပစ္စည်းဈေးကွက်အတွင်း ဘိလပ်မြေတစ်အိတ်လျှင် ကျပ် ၃၀၀၀၀ အထိ ပေါက်ဈေးရှိနေပြီး စျေးကွက်အတွင်း ပစ္စည်းပြတ်လပ်နေသည်ဟုလည်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတို့၏ ပြောကြားချက်များအရ သိရသည်။

    ယင်ခင်က ကြံ့တံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် ၁၈၀၀၀ ကျပ် ဝန်းကျင်သာ ပေါက်ဈေးရှိနေရာမှ ဇန်နဝါရီလ ဒုတိယအပတ်မှစတင်ကာ ဈေးနှုန်း တရိပ်ရိပ်တက်လာပြီး လက်ရှိတွင် ကြံ့တံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် ၃၀၀၀၀ ကျပ် ဝန်းကျင် ပေါက်ဈေးရှိနေကြောင်း မော်လမြိုင်မြို့က ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

    “ကျွန်တော်တို့ သိရသလောက် ဘားအံ မြိုင်ကလေးဘိလပ်မြေစက်ရုံက ဂက်စ်လိုင်းပျက်နေလို့ ပြင်နေတာ တစ်ပတ်ကျော်လောက်ရှိနေပြီး။ အဲ့ဒီက ဘိလပ်မြေ မထွက်ဘူး။ အပြင်ဈေးကွက်မှာလည်း ဘိလပ်မြေက ပြတ်နေတဲ့သဘောမျိုးဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

    မော်လမြိုင်မြို့ပေါ်ရှိ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များတွင် ဘိလပ်မြေ ပြတ်လပ်နေသည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းအချို့လည်း လုပ်ငန်း ရပ်နားထားရကြောင်း ၎င်းက ဆိုသည်။

    ဘိလပ်မြေနှင့်အတူ အခြားသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်ကြသည့် သံ၊ အုတ်၊ သဲ၊ ကျောက် အစရှိသည့် ပစ္စည်းများလည်း ဈေးတက်ရန်ဟန်ပြင်နေကြကြောင်းလည်း အဆောက်အဦးကန်ထရိုက်တာတစ်ဦးက ပြောသည်။

    “လက်ရှိမှာတော့ လက်ကျန်ဘိလပ်မြေနဲ့ လုပ်ငန်းတွေ ဆက်လုပ်နေတယ်။ ကုန်သွားရင်တော့ ရပ်ထားမှ ရမယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ ဘိလပ်မြေပေါက်ဈေးနဲ့က အလုပ်လုပ်လို့ ဘယ်လိုမှ အဆင်မပြေဘူး။ အဲ့ဒီအပြင်ကို တခြားဆောင်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေလည်း ဈေးတက်ဖို့ဟန်ပြင်နေကြတယ်လို့ ပြောရမယ်” ဟု ၎င်းက ဆက်ပြောသည်။

    ယခုလို ပွင့်လင်းရာသီတွင် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လုပ်ငန်းလုပ်ကိုင်နေကြချိန်ဖြစ်သော်လည်း ယခုလို ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်၊ သံချောင်းအစရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ပစ္စည်းများ ဈေးတက်လာသည့်အတွက် လုပ်ငန်း ရပ်နားရမည့် အခြေအနေမျိုး ဖြစ်လာနိုင်သည်ဟုလည်း ၎င်းကန်ထရိုက်တာက ဆိုသည်။

    စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ဘိလပ်မြေအပါအဝင် အိမ်ဆောက်ပစ္စည်းများ သယ်ယူရာတွင်လည်း အကန့်အသတ်ဖြင့်သာ ခွင့်ပြုနေသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

    “ကြာအင်းဆိပ်ဘက်မှတော့ တော်တော်စစ်တယ်။ ဘိလပ်မြေတို့ သဲတို့ အုပ်တို့ အကုန်စစ်တယ်။ အခုဆို ကိုယ့်ရဲ့ကားနံပါတ်ကို မှတ်ထားတယ်။ တစ်ပတ်မှာ တစ်ခါပဲ သွားခွင့်ပေးတယ်။ ကိုယ်က အိတ် ၅၀ ထက်ပိုပြီး သယ်လာရင် ပိုတဲ့အရေအတွက်တွေကို သူတို့နေရာမှာ ချထားရတယ်။ သူတို့ယူလိုက်တယ်ပေါ့” ဟု ကြာအင်းဆိပ်ကြီးမှ အိမ်ဆောက်ပစ္စည်းရောင်းဝယ်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

    ဘိလပ်မြေဈေးနှုန်းကြီးပြီး အလွယ်တကူ ဝယ်ယူမရရှိနိုင်ခြင်းကြောင့် ဆောက်လုပ်ဆဲ နေအိမ်၊ လမ်း၊ တံတားများအပြင် ဘိလပ်မြေအသုံးပြုပြီး ထုတ်လုပ်သည့် တစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်သည့် ကွန်ကရစ်တိုင်၊ ဘိလပ်မြေအုတ်လုပ်ငန်းများ ရပ်နားထားရသည်လည်း ရှိသည်။

    ပြည်တွင်း ဘိလပ်မြေစက်ရုံကုမ္ပဏီကြီးများဖြစ်သည့် ကြံ့နှစ်ကောင် စက်ရုံအပါအဝင် အခြားနာမည်ကြီးစက်ရုံများတွင် ကျောက်မီးသွေးနှင့် ကုန်ကြမ်းလိုအပ်ချက်အပြင် X-ray ဂိတ်တွင် အချိန်ကြန့်ကြာခြင်းကြောင့် ပစ္စည်းပြတ်လတ်နေသည်ဟု ကုမ္ပဏီတို့က ၎င်းတို့၏လူမှုကွန်ရက်စာမျက်တွင် ရေးသားထားသည်။

    နှစ်စဉ် ပွင့်လင်းရာသီရောက်တိုင်း ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ဈေးနှုန်း အနည်းနှင့် အများ တက်လေ့ရှိသော်လည်း ယခုလိုအခြေအနေ မဆိုးကြောင်း လက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများ ရင်ဆိုင်နေသည့် ပြဿနာကို တာဝန်ရှိသူများ ဝိုင်းဝန်ဖြေရှင်းရန်နှင့် လက်ရှိအခြေအနေအတိုင်းသာ ဆက်သွားနေမည်ဆိုပါက ဆောက်လုပ်ရေးလုပ်ငန်းအားလုံး ပြိုလဲသွားနိုင်သည့်အခြေအနေရှိသည်ဟု ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတို့က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks